မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲ ခံထားရသော ရိုက်တာ သတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို စွဲချက် မတင်မီ လွှတ်ပေးရန် လျှောက်ထားမှု လက်ခံသင့်၊ မသင့် လာမည့်ရုံးချိန်းတွင် အမိန့်ချမည်

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲ ခံထားရသော ရိုက်တာ သတင်းဌာနမှ မြန်မာသတင်းထောက်နှစ်ဦးကို စွဲချက် မတင်မီ လွှတ်ပေးရန် လျှောက်ထားမှု လက်ခံသင့်၊ မသင့် လာမည့်ရုံးချိန်းတွင် အမိန့်ချမည်
Published 5 April 2018

တရားစွဲဆိုခံထားရသော သတင်းထောက်နှစ်ဦးအား ဧပြီ ၄ ရက် ရုံးထုတ်တွင် တွေ့ရစဉ်

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲဆို ခံထားရသော ရိုက်တာ သတင်းဌာနမှ ထောက်နှစ်ဦးကို ပြစ်မှုဆိုင်ရာ ရာဇဝတ်ကျင့်ထုံး ဥပဒေပုဒ်မ ၃၅၂ အရ စွဲချက် မတင်မီ လွှတ်ပေးရန် လျှောက်ထားမှုကို လက်ခံ သင့်၊ မသင့် လာမည့် ရုံးချိန်းတွင် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

ရိုက်တာ သတင်းဌာန၏ မြန်မာသတင်းထောက် နှစ်ဦးဖြစ်သော ကိုဝလုံး (ခေါ်) ကိုသက်ဦးမောင်နဲ့ ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့ နှစ်ဦးကို ဧပြီ ၄ ရက်က မြောက်ပိုင်းခရိုင် တရားရုံးမှာ ဆက်လက် ရုံးထုတ်စစ်ဆေးခဲ့ပြီး နှစ်ဖက်ရှေ့နေများက လျှောက်လဲချက် ပေးခဲ့ကြောင်း သိရသည်။

“ဒီကနေ ရုံးချိန်းမှာတော့ ယခင်အပတ်က ကျွန်တော်တင်တဲ့ လျှောက်လွှာကို နှစ်ဖက် လျှောက်လဲချက် ပေးတာပါ။ နောက်တစ်ချိန်းမှာ ဒါကို အမိန့်ချမှာပါ။ သက်သေ စစ်ဖို့တော့ မရှိသေးဘူး။ အကောင်းဆုံး မျှော်လင့်ထားပါတယ်”ဟု တရားစွဲခံ ရိုက်တာ သတင်းထောက် နှစ်ဦး၏ တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်က ပြောကြားသည်။

ထို့နောက် မြောက်ပိုင်းခရိုင် တရားရုံးမှ လာမည့်ရုံးချိန်းကို ဧပြီ ၁၁ ရက်သို့ ပြန်လည် ချိန်းဆိုခဲ့ပြီး ယင်းတွင် သတင်းထောက်နှစ်ဦးကို စွဲချက် မတင်ခင် လွှတ်ပေးဖို့ လျှောက်ထားမှု လက်ခံသင့် မခံသင့် အမိန့်ချမှတ်မည် ဖြစ်ကြောင်း သိရသည်။

သတင်းထောက် တစ်ယောက်အနေဖြင့် သတင်းများကို ကြိုးစားလိုက်ခဲ့ခြင်းသာ ဖြစ်ပြီး နိုင်ငံတော် သစ္စာဖောက်သူဟု စွပ်စွဲခံရမည်ကို ကြောက်ကြောင်း၊ မိမိတို့ အနေဖြင့် နိုင်ငံတော်အား သစ္စာဖောက်ခဲ့ခြင်း မရှိသကဲ့သို့ သတင်းမီဒီယာ ကျင့်ဝတ်အတိုင်း သတင်းများ ရေးသားခဲ့ခြင်းသာ ဖြစ်ကြောင်း၊ မတရား စွပ်စွဲခံရပြီး ဖမ်းဆီးခံရခြင်း ဖြစ်ကြောင်း ရိုက်တာသတင်းထောက် ကိုဝလုံးက မီဒီယာများအား ပြောကြားသည်။

ရိုက်တာ သတင်းဌာနမှ မြန်မာ သတင်းထောက် နှစ်ဦး၏ ရုံးချိန်းသို့ ဖမ်းဆီးခံထားရသည့် သတင်းထောက်များ၏ မိသားစုဝင်များ လာရောက်ခဲ့သည်ကို တွေ့ရပြီး မီဒီယာသမား အချို့လည်း လာရောက်ခဲ့သည်ကို တွေ့ရသည်။

ကိုဝလုံး (ခေါ်) သက်ဦးမောင်နှင့် ကိုကျော်စိုးဦး (ခေါ်) ကိုမိုးအောင်တို့ နှစ်ဦးအား အစိုးရ၏ လျှို့ဝှက် စာရွက်စာတမ်းများနှင့်အတူ တွေ့ရှိသည်ဟု ဆိုကာ ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက် အက်ဥပဒေပုဒ်မ - ၃(၁) (ဂ) ဖြင့် ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှ ဒုတိယရဲမှူးကြီး ယုနိုင်က တရားလို ပြုလုပ်၍ မြောက်ပိုင်းခရိုင် တရားရုံးတွင် တရားစွဲဆိုခဲ့ကြောင်း သိရသည်။

အဆိုပါအမှုနှင့် ပတ်သက်ပြီး တရားလိုဘက်မှ တရားလို အပါအဝင် တရားလိုပြသက်သေ စုစုပေါင်း ၂၅ ယောက် တင်ပြထားပြီး လက်ရှိတွင် တရားလိုပြသက်သေ ၁၇ ဦးကို စစ်ဆေးပြီး ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent