ယခုနှစ် ရန်ကုန်တိုင်းသြင်္ကန်တွင် မဏ္ဍပ် ၉၅ ခု ခွင့်ပြုထားသော်လည်း လက်ရှိအချိန်အထိ ပါမစ်ထုတ်ပေးမှု လေးခုသာရှိ

ယခုနှစ် ရန်ကုန်တိုင်းသြင်္ကန်တွင် မဏ္ဍပ် ၉၅ ခု ခွင့်ပြုထားသော်လည်း လက်ရှိအချိန်အထိ ပါမစ်ထုတ်ပေးမှု လေးခုသာရှိ
Published 5 April 2018

ယခုနှစ် ရန်ကုန်တိုင်းသြင်္ကန်တွင် မဏ္ဍပ် ၉၅ ခုခွင့်ပြုထားသော်လည်း လက်ရှိအချိန် ထိပါမစ်ထုတ်ပေးမှု လေးခုသာရှိကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (လမ်းနှင့်တံတား) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

“အခုလက်ရှိ မဏ္ဍပ်ပါမစ်ထုတ်ပေးတာ လေးခုပဲရှိသေးတယ်။ လျှောက်ထားတာကတော့ များတယ်။ ခွင့်ပြုတာကတော့ လောလောဆယ် ၆၉ ခုရှိတယ်။ အစတုန်းက လျာထားတာကတော့ ၉၅ ခုဖြစ်တယ်။ လာလျှောက်တဲ့အရေအတွက်ကတော့ အတိအကျမသိဘူး။ ကျွန်တော်တို့ခွင့်ပြုတဲ့ ၆၉ ခုမှာ မြို့နယ်ထွေအုပ်မဏ္ဍပ် ၃၂ ခုပါတယ်” ဟု လမ်းနှင့်တံတားမှ တာဝန်ရှိသူတစ်ဦးက ဧပြီ ၄ ရက်တွင် ပြောကြားသည်။

၂၀၁၈ ခုနှစ် မြန်မာ့ရိုးရာသြင်္ကန်မဏ္ဍပ်များ စာရင်းချုပ်သည် ပြည်လမ်းတွင် မဏ္ဍပ်ကြီးခုနစ်ခု၊ မဏ္ဍပ်လတ်လေးခု၊ ဌာနဆိုင်ရာ မဏ္ဍပ် ၃၂ ခု၊ ဝေဇယန္တာလမ်းတွင် မဏ္ဍပ်ကြီးလေးခု၊ အရှေ့မြင်းပြိုင်ကွင်းလမ်းတွင် မဏ္ဍပ်ကြီးတစ်ခု၊ တက္ကသိုလ်ရိပ်သာလမ်းတွင် မဏ္ဍပ်ကြီးလေးခု၊ မဏ္ဍပ်လတ်တစ်ခု၊ မင်းဓမ္မလမ်းတွင် မဏ္ဍပ်ကြီးတစ်ခု၊ အနော်ရထာလမ်းတွင် မဏ္ဍပ်ကြီးတစ်ခု၊ မဏ္ဍပ်လတ်တစ်ခု၊ ကုန်သည်လမ်းတွင် မဏ္ဍပ်ကြီးတစ်ခု၊ ပါရမီလမ်းတွင် မဏ္ဍပ်လတ်နှစ်ခု၊ အင်းစိန်လမ်းတွင် မဏ္ဍပ်လတ်တစ်ခု၊ စက်မှု (၁) လမ်းတွင် မဏ္ဍပ်လတ်နှစ်ခု၊ ကန်တော်ကြီးပန်းခြံတွင် စတုဒိသာနှင့် လမ်းလျှောက်သြင်္ကန်နှစ်ခု၊ ဦးဥတ္တမပန်းခြံတွင် စတုဒိသာနှင့် လမ်းလျှောက်သြင်္ကန်တစ်ခု၊ မဟာဗန္ဓုလပန်းခြံတွင် စတုဒိသာနှင့် လမ်းလျှောက်သြင်္ကန်တစ်ခုတို့ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။

မဏ္ဍပ်များတွင် မြန်မာ့ယဉ်ကျေးမှုအစဉ်အလာကို ထိန်းသိမ်းမြတ်နိုးတတ်သောအများ ပြည်သူ၏ အမြင်အာရုံတွင် အနှောင့်အယှက်ဖြစ်စေတတ်သည့် မြန်မာ့ယဉ်ကျေးမှုလွန် ဝတ်စားဆင်ယင်မှုမျိုး ဆင်ခြင်ရှောင်ကြဉ်ရန်၊ မြန်မာ့ရိုးရာသြင်္ကန်ကို ချစ်ခင်၍ ပျော်ရွှင်ကြလိုသူများဖြစ်သည်နှင့်အညီ အခြားနိုင်ငံသားများက မြန်မာ့ယဉ်ကျေးမှုအစဉ်အလာ သြင်္ကန်ကို လေးစားတန်ဖိုးထားမှု လျော့ပါးစေသော စရိုက်လက္ခဏာများ အပြောအဆို၊ အဝတ်အစား၊ အစားအစာ၊ အကအခုန်များကို အလွန်အမင်း လိုက်စားပြုမူခြင်း၊ အရက်သေစာကို သိက္ခာကျလောက်အောင် သောက်စားမူးယစ်ခြင်းများ ဆင်ခြင်ကြရန် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနကလည်း နှိုးဆော်ထားသည်။

မဏ္ဍပ်ကြော်ငြာများတွင် အရက်၊ ဘီယာ၊ ဆေးလိပ်၊ စီးကရက်နှင့် ပတ်သက်သော ကြော်ငြာများ ထည့်သွင်းခွင့်မပြုကြောင်း၊ မဏ္ဍပ်လုံခြုံရေးအတွက် လိုအပ်သောနေရာတွင် ဧပြီ ၁၀ ရက် မွန်းတည့် ၁၂ နာရီ နောက်ဆုံးထားပြီး CCTV များတပ်ဆင်ရန်၊ ကျွမ်းကျင်သူများအား တာဝန်ပေးထားရန်နှင့် နေ့စဉ် CCTV မှတ်တမ်းများအား သက်ဆိုင်ရာကွပ်ကဲမှုရုံးများသို့ ည ၈ နာရီထက် နောက်မကျဘဲ ပေးပို့တင်ပြသွားရန်နှင့် တပ်ဆင်ခြင်းမရှိပါက ဒဏ်ကြေးငွေကျပ် ၁၀ သိန်း ပေးဆောင်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

ထို့ပြင် သြင်္ကန်မဏ္ဍပ်များတွင် ရေအားပြင်းသော Pressure Pipe ဖြင့် ရေပက်ခြင်း၊ ရေဆိုးရေပုပ်များဖြင့် ရေပက်ခြင်း၊ ဆပ်ပြာမှုန့်ထည့်ပြီး Gas ဘူးများဖြင့် ရေပက်ကစားပါက ဥပဒေအရအရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ထုတ်ပြန်ထားသည်။

Most Read

Most Recent