အနောက်ဘက်မှလာသည့် လေပွေလှိုင်းများကြောင့် ရန်ကုန်မြို့ အပါအဝင် နေရာအနှံ့အပြားတွင် လေပြင်းများ တိုက်ခိုက်ပြီး မိုးရွာသွန်း

အနောက်ဘက်မှလာသည့် လေပွေလှိုင်းများကြောင့် ရန်ကုန်မြို့ အပါအဝင် နေရာအနှံ့အပြားတွင် လေပြင်းများ တိုက်ခိုက်ပြီး မိုးရွာသွန်း
Published 4 April 2018

ရန်ကုန်မြို့တွင် ဧပြီ ၃ ရက် မွန်းလွဲပိုင်းက လေပြင်းတိုက်ပြီး မိုးရွာသွန်းမှုကြောင့် သစ်ပင်များလဲပြိုခဲ့ရာ မော်တော်ယာဉ်များပေါ်သို့ ပိကျခဲ့သဖြင့် တာဝန်ရှိသူများက ရှင်းလင်းနေစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

အနောက်ဘက်မှလာသည့် လေပွေလှိုင်းများ အရှိန်ကြောင့် ဧပြီ ၃ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့အနှံ့ မိုးရွာသွန်းမှုများ ဖြစ်ပွားခဲ့ပြီး တစ်နိုင်ငံလုံး အနှံ့တွင်လည်း မိုးများရွာသွန်းခဲ့ကြောင်း သိရသည်။

“ဟုတ်ပါတယ်။ လေပွေလှိုင်းတွေကြောင့်ပါ။ ကျွန်တော်တို့ ၁ ရက်ကနေ ၆ ရက်အထိ မိုးရွာနိုင်ပါတယ်။ ရန်ကုန်မှာကတော့ တချို့နေရာတွေမှာ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သလို၊ တချို့နေရာတွေမှာလည်း နေရာကျဲကျဲ ရွာနိုင်ပါတယ်” ဟု မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထို့ပြင် မိုးရွာသွန်းမှုများကြောင့် နေ့အပူချိန်များမှာ မိုးရွာသွန်းနေသည့် အချိန်တွင်သာ ကျဆင်းနိုင်မည်ဖြစ်ပြီး ကျန်သည့်အချိန်များတွင် ပုံမှန်နေ့ အပူချိန်အတိုင်းသာ ရှိမည်ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောကြားသည်။

ဧပြီ ၃ ရက် မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့ရှိ သာကေတမြို့နယ်၊ တာမွေမြို့နယ်၊ သင်္ဃန်းကျွန်းမြို့နယ်များ အပါအဝင် မြို့တွင်းများ၊ အခြားသောမြို့နယ်များတွင် မိုးရွာသွန်းများ ဖြစ်ပေါ်ခဲ့ပြီး Junction City အနီးရှိ ပြည်လမ်းမပေါ်တွင် သစ်ပင်အချို့ လေတိုက်ခတ်မှုကြောင့် ကိုင်းများကျိုးကျခြင်းများ ဖြစ်ပေါ်ခဲ့ကြောင်း မျက်မြင်တွေ့ရှိသူများက ပြောကြားသည်။

“ပြည်လမ်းဗျာ၊ Junction City နားမှာ သစ်ပင်တွေလဲနေတယ်။ လမ်းတွေတောင် ပိတ်နေသေးတယ်” ဟု ရန်ကုန်မြို့တွင် သွားလာနေသည့်ယာဉ်မောင်း တစ်ဦးက ပြောကြားသည်။

ထို့ပြင် အမျိုးသားကဇာတ်ရုံအနီး မြို့မကျောင်းလမ်းပေါ်တွင် သစ်ပင်လဲကျပြီး ဖုန်းကြိုးများနှင့် လျှပ်စစ်ကြိုး ပြတ်ကျခြင်းများ ဖြစ်ပွားကာ ကားလမ်းပိတ်ဆို့မှုများ ဖြစ်ခဲ့သည်။

အလားတူ ရန်ကုန်ဆေးရုံကြီးအနီး ဗိုလ်ချုပ်လမ်းမကြီးပေါ်တွင်လည်း မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းတိုက်ခတ်မှုကြောင့် သစ်ပင်များ လဲကျကာ ဖုန်းကြိုးများနှင့် လျှပ်စစ်ကြိုးပြတ်ကျခြင်း ဖြစ်ပွားခဲ့ပြီး လမ်းဘေးရပ်နားထားသည့် မော်တော်ယာဉ်များပေါ် ပိမိမှုများ ဖြစ်ပွားခဲ့သည်။

ထို့ပြင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့နယ်အချို့တွင် လမ်းပေါ်ရေလျှံမှုများ ဖြစ်ပွားခဲ့သည်။

အဆိုပါ နေရာများသို့ သက်ဆိုင်ရာ စည်ပင်ဝန်ထမ်းများ၊ လူမှုကူညီရေးအဖွဲ့များနှင့် ယာဉ်ထိန်းတပ်ဖွဲ့ဝင်များက ကူညီဆောင်ရွက်ခဲ့ကြသည်။

ထို့ပြင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန၏ ထုတ်ပြန်ချက်အရ မိုးရွာသွန်းမှုများမှာ ဧပြီ ၄ ရက် နံနက်ပိုင်းအထိ တစ်နိုင်ငံလုံးတွင် ရွာရန်ရာနှုန်းပြည့်ရှိနေပြီး ဧပြီ ၃ ရက်တွင်လည်း တစ်နိုင်ငံလုံးအနှ့ံ့ မိုးများရွာသွန်းခဲ့ကြောင်း သိရသည်။

ဧပြီလ၏ ပထမ ၁၀ ရက်အတွင်း တစ်ပြည်လုံးတွင် မိုးထစ်ချုန်း ရွာသွန်းခြင်းကြောင့် ရေငွေ့များ လျော့ကျသွားမည်ဖြစ်ပြီး လေဖိအားနည်းရပ်ဝန်း ဖြစ်နိုင်ခြေ လျော့ကျသွားနိုင်ကြောင်း သိရသည်။

ဧပြီလတွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်းလယ်အော်၌ လေဖိအားနည်းရပ်ဝန်း နှစ်ကြိမ် ဖြစ်ပေါ်နိုင်ပြီး တစ်ကြိမ်သည် ပိုမိုအားကောင်းကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ဧပြီလ ဒုတိယ ၁၀ ရက်ပတ် (ဧပြီ ၁၁- ၂၀)ရက်အတွင်း မုန်းတိုင်းမဖြစ်ပေါ်ခဲ့ပါက တတိယ ၁၀ ရက်တွင် ဖြစ်နိုင်ခြေ မြင့်မားလာနိုင်ကြောင်း သိရသည်။

 

Most Read

Most Recent