<

ရွှေစက်တော်ဘုရား ငဖဲစောင်းတန်းအောက်ခြေတွင် အပန်းဖြေစခန်းဖွင့်လှစ်ထားသူ ကဗျာဆရာတစ်ဦးအား အာမခံမပေးဘဲ ရေအရင်းအမြစ်ဥပဒေဖြင့် အမှုဖွင့်ဖမ်းဆီး

ရွှေစက်တော်ဘုရား ငဖဲစောင်းတန်းအောက်ခြေ မီးပျံကျသောင် မန်းချောင်းနံဘေးတွင် မန်းသီတာအမည်ဖြင့် အပန်းဖြေစခန်း ဖွင့်လှစ်ထားသည့် ကဗျာဆရာ ကိုလူပအောင်အား ဧပြီ ၂ ရက်က အာမခံမပေးဘဲ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၂၅ ဖြင့် မင်းဘူးမြို့နယ်ရဲစခန်းမှ အမှုဖွင့်ဖမ်းဆီးထားကြောင်း ၎င်းအတွက် ကူညီဆောင်ရွက်ပေးနေသည့် ရှေ့နေဦးကျော်ဝဏ္ဏထွန်းထံမှ သိရသည်။

ကိုလူပအောင်သည် ငဖဲစောင်းတန်းအခြေ ရွှေစက်တော်ဘုရား ၀တ္တကနယ်မြေနှင့် ကင်းလွတ်သည့် မီးပျံကျသောင်ပြင်တွင် အပန်းဖြေစခန်းတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း၊ ယင်းသို့ဖွင့်လှစ်ရန်အတွက် ရွှေစက်တော်ပွဲတော် မကျင်းပမီကတည်းက သောင်ပြင်ကို စီမံခန့်ခွဲခွင့်ရှိသူများနှင့်လည်း တိုင်ပင်ခဲ့ပြီး ရွှေစက်တော်ဘုရားဂေါပကအဖွဲ့နှင့် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့တို့ထံ လုပ်ငန်းအတွက် စာတင်ခဲ့ကြောင်း၊ ထို့နောက် ငဖဲမြို့မှ ရွှေစက်တော်ဘုရားသို့ သွားလာရေးလွယ်ကူရန် မန်းချောင်းကို ဖြတ်ကူးသည့် တံတားတစ်စင်း တည်ဆောက်၍ ငဖဲစောင်းတန်းအတက်တွင်လည်း မြေနီကားလမ်းတစ်ခု ဖောက်လုပ်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ငဖဲစောင်းတန်းခြေတွင် တဲများဆောက်လုပ်၍ မန်းသီတာအမည်ဖြင့် အပန်းဖြေစခန်းတစ်ခု ဖွင့်လှစ်ခဲ့ကြောင်း ထိုသို့စတင်ဖွင့်လှစ်ခဲ့စဉ်က မန်းသီတာအပန်းဖြေစခန်းအထိ ရွှေစက်တော်ဘုရားပွဲတော်တွင်းမှ လျှပ်စစ်မီး သွယ်တန်းပေးခဲ့သော်လည်း ပြန်လည်ဖြုတ်သိမ်းသွားခဲ့ကြောင်း၊ ရွှေစက်တော်ပွဲတော် စတင်ချိန်တွင် ဘုရားဂေါပကအဖွဲ့က ကိုလူပအောင်၏ လုပ်ငန်းများကိုပိတ်သိမ်းရန် အကြောင်းကြားခဲ့ကြောင်း၊ ထို့နောက် ကိုလူပအောင် ဖောက်လုပ်ထားသည့် မြေနီကားလမ်းတွင် ကားနှင့်ဆိုင်ကယ်များ သွားလာမရစေရန် တိုင်များစိုက်၍ လမ်းပိတ်ခဲ့ကြောင်း ထိုအခြေအနေများနှင့်ပတ်သက်၍ ကိုလူပအောင်က မတ်လအတွင်းက သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

“ဒီနေ့ ကျွန်တော် ကိုလူပအောင်ကို အချုပ်ခန်းမှာ ၀င်တွေ့ခဲ့ပါတယ်။ သူ့ကိုစဖမ်းတဲ့နေ့မှာ အာမခံတင်တော့ မရခဲ့ဘူးပြောပါတယ်။ ဒါကြောင့် သူ့ကိုရုံးထုတ်မယ့် ဧပြီ ၉ ရက်မှာ အာမခံတင်ဖို့ ပြင်ဆင်နေပါတယ်” ဟု ရှေ့နေဦးကျော်ဝဏ္ဏထွန်းက ပြောကြားသည်။

ကိုလူပအောင်၏ဇနီး မအေးနှင်းမျိုးက “မန်းချောင်းကို ဖြတ်ကူးတဲ့တံတား တည်ဆောက်တာက အလှူအနေနဲ့ ဆောက်ခဲ့တာပါ။ အခုအဲဒီလိုတွေဆောက်လို့ဆို စခန်းကခေါ်လို့သွားတာကို ဖမ်းထားတာပါ။ အာမခံလျှောက်ထားတာလည်း မရခဲ့ပါဘူး။ အဲဒီတော့ နောက်ဆိုအလှူတောင် မလုပ်ရဲတော့ပါဘူး။ အပန်းဖြေစခန်းကိစ္စကိုတော့ ဘာမှမပြောကြပါဘူး။ ကျွန်မစခန်းမှာသွားမေးတော့ ပထမကပိုင်နက်ကျူးလွန်မှုနဲ့ အမှုဖွင့်ဖို့ကို ကိုလူပအောင်က သက်ဆိုင်ရာကို စာတင်ထားတာတွေရှိတော့ ဖွင့်မရလို့ အခုပုဒ်မနဲ့ဖွင့်တယ်လို့ ပြောပါတယ်။ ကျွန်မတို့ကတော့ အခုအဲဒီသောင်ခုံနေရာမှာပဲ နေနေပါတယ်” ဟုပြောကြားသည်။

ကိုလူပအောင်ကို မကွေးတိုင်း မြစ်ချောင်းဖြိုးဦးစီးဌာနမှ ဦးတေဇာထွန်းက တရားလိုပြု၍ မင်းဘူးမြို့ မြို့မရဲစခန်းတွင် အမှုအမှတ် ၃၃၇/၂၀၁၈၊ ရေအရင်းအမြစ်နှင့် မြစ်ချောင်းများဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့်ထားကြောင်း ထိုသို့ဖမ်းဆီးခံရမှုနှင့်ပတ်သက်၍ Facebook စာမျက်နှာများ၊ ကိုလူပအောင်၏ မိသားစုဝင်များနှင့် မိတ်ဆွေအပေါင်းအသင်းများက ဝေဖန်မှုများရှိနေကြောင်း သိရသည်။

ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဥပဒေပုဒ်မ ၂၅ တွင် ‘မည်သူမဆို ပုဒ်မ ၈၊ ၉၊ ၁၅ သို့မဟုတ် ပုဒ်မ ၂၃ ပါ တားမြစ်ချက်တစ်ရပ်ရပ်ကို ဖောက်ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူအား သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ် ၅၀၀၀၀ ထက်မပိုသော ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်’ ဟု ပြဋ္ဌာန်းထားကြောင်း သိရသည်။ အဆိုပါဥပဒေပုဒ်မ ၈ တွင် ‘မည်သူမျှ (က) ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ထိခိုက်ပျက်စီးစေရန်ရည်ရွယ်၍ တစ်စုံတစ်ရာပြုလုပ်ခြင်း သို့မဟုတ် ရေကြောင်းအား ပြောင်းလဲစေခြင်းမပြုရ၊ (ခ) ရေအရင်းအမြစ်များကို တမင်ပြုန်းတီးစေခြင်းမပြုရ’ ဟု ပြဋ္ဌာန်းထားသည်။

 

April 3, 2018














Copy Protected by Chetan's WP-Copyprotect.