တပ်မတော် အက်ဖ်-၇ လေယာဉ် ပျက်ကျမှုဖြစ်ပွားပြီး ဗိုလ်မှူးတစ်ဦးသေဆုံး

တပ်မတော် အက်ဖ်-၇ လေယာဉ် ပျက်ကျမှုဖြစ်ပွားပြီး ဗိုလ်မှူးတစ်ဦးသေဆုံး
Published 3 April 2018

(ဓာတ်ပုံ - ဇော်ဝင်းချစ် (တောင်ငူ))

တောင်ငူမြို့နယ်၊ ကျွန်းကုန်းရွာနှင့် မြောက်ရေကြည်ရွာကြားတွင် ဧပြီ ၃ ရက် နံနက် ၁၁ နာရီ ဝန်းကျင်က တပ်မတော် အက်ဖ်-၇ လေယာဉ်တစ်စင်း လေ့ကျင့်ပျံသန်းစဉ် ပျက်ကျမှုဖြစ်ပွားခဲ့ပြီး လေယာဉ်မှူး ဗိုလ်မှူးတစ်ဦးသေဆုံးခဲ့ကြောင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးမှ ထုတ်ပြန်ခဲ့သည်။

တောင်ငူလေတပ်စခန်းဌာနချုပ်မှ လေ့ကျင့်ပျံသန်းမှု ဆောင်ရွက်နေသော အက်ဖ် - ၇ လေယာဉ်တစ်စီးသည် ယနေ့ နံနက်ပိုင်းတွင် လေယာဉ်ကွင်း၏ အနောက်ဘက် ၃ မိုင်ခန့်အကွာ အမြင့်မီတာ ၅၀၀ ခန့်အရောက်၌ စက်ချို့ယွင်းမှုကြောင့် ပျက်ကျသွားခဲ့ခြင်း ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

(ဓာတ်ပုံ - ဇော်ဝင်းချစ် (တောင်ငူ))

အဆိုပါ လေယာဉ်ပျက်ကျရာနေရာသို့ တောင်ငူလေတပ်စခန်း ဌာနချုပ်မှ ရှာဖွေကယ်ဆယ်ရေး အဖွဲ့ဝင်များက သွားရောက်ရှာဖွေခဲ့ရာ တောင်ငူမြို့၊ ကျွန်းကုန်းရွာနှင့် မြောက်ရေကြည်ရွာကြားတွင် ပျက်ကျ ပျက်စီးသွားခဲ့သော လေယာဉ်အား ရှာဖွေတွေ့ရှိခဲ့ကြောင်း သိရသည်။

ယင်းလေယာဉ် ပျက်ကျမှုကြောင့် လေယာဉ်မှူး ဗိုလ်မှူးအာကာဝင်းသည် အရေးပေါ်လေထီးဖြင့် ခုန်ထွက်ခဲ့သော်လည်း ရရှိသော ဒဏ်ရာများကြောင့် တောင်ငူမြို့ရှိ တပ်မတော်ဆေးရုံသို့ ပို့ဆောင်ကုသမှုခံယူစဉ် ကွယ်လွန်သွားခဲ့ပြီး အသေးစိတ် အခြေအနေများအား ဆက်လက်စုံစမ်း စိစစ်လျက်ရှိကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုုပ်ရုံးမှ သတင်းထုတ်ပြန်ခဲ့သည်။

Most Read

Most Recent