အကျင့်ပျက်ခြစားမှု မေးခွန်းများနှင့် ခရီးမတွင်သေးသည့် တရားဥပဒေစိုးမိုးရေး

အကျင့်ပျက်ခြစားမှု မေးခွန်းများနှင့် ခရီးမတွင်သေးသည့် တရားဥပဒေစိုးမိုးရေး
Published 2 April 2018

My Justice က ကောက်ယူထားသည့်စစ်တမ်းတွင် အမှုဖြစ်စဉ်များဖြစ်ပွားပါက ဘာကြောင့်မဖြေရှင်းခဲ့သလဲဆိုသည့် မေးခွန်းကို ဖြေကြားမှုများ Graph (My Justice)

“တရားမျှတမှု ရရှိရေးအတွက် တရားစီရင်ရေးနဲ့ တရားရုံးတွေက အားကောင်းခိုင်မာဖို့ လိုအပ်ပါတယ်။ လွန်ခဲ့တဲ့ကာလတစ်လျှောက်လုံး တရားမျှတရေးကဏ္ဍမှာ ဆောင်ရွက်နေကြသူတွေအပေါ် ပြည်သူရဲ့ ယုံကြည်ကိုးစားမှု ကျဆင်းခဲ့ပါတယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ် ၇ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး ညီလာခံတွင် ပြောကြားခဲ့သည်။

၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် သောင်ပြိုကမ်းပြို အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရအဖြစ်တာဝန်ယူလာခဲ့သည်မှာ နှစ်နှစ်တာကာလသို့ ရောက်ရှိလာပြီဖြစ်သည်။

ယင်း နှစ်နှစ်ပြည့်ကာလသို့ ရောက်ရှိလာသည့်အချိန်တွင် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်၍ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားခဲ့ခြင်းဖြစ်သည်။

နှစ်နှစ်တာကာလသို့ ရောက်ရှိလာခဲ့ပြီဖြစ်သည့်အချိန်တွင် မြန်မာနိုင်ငံ၏ တရားဥပဒေစိုးမိုးရေးမှာ မေးခွန်းထုတ်စရာ အခြေအနေ ဖြစ်ပေါ်လာခဲ့ခြင်းဖြစ်သည်။

မြန်မာနိုင်ငံ၏ ပျက်ယွင်းခဲ့သည့် တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များမှာလည်း နှစ်နှစ်သား အစိုးရလက်ထက်တွင် စိန်ခေါ်မှုများ ပိုမိုများပြားလာခဲ့ပြီး ယင်းအခြေအနေများမှာ ပြောင်းလဲမှုများ လုပ်ကိုင်မည်ဟုဆိုသည့် အစိုးရတစ်ရပ်အတွက် စိန်ခေါ်မှုများလည်း ဖြစ်သည်။

NLD အစိုးရလက်ထက်တွင် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများမှာ ထင်သလောက် ခရီးပေါက်ခြင်းမရှိဘဲ ယိုယွင်းမှုများ ကြုံတွေ့လာနေကြောင်း ဥပဒေပညာရှင်များနှင့် နိုင်ငံရေးလေ့လာသူများကလည်း သုံးသပ်ပြောကြားမှုများရှိသည်။

“တရားဥပဒေစိုးမိုးရေးက အခြေအနေမကောင်းဘူး။ တရားဥပဒေစိုးမိုးရေး အခြေအနေက အရင်ခေတ်ထက် ပိုဆိုးလာတယ်။ ဦးသိန်းစိန်အစိုးရထက်ကို လုံခြုံရေး ပိုပျက်ယွင်းလာတယ်။ ဘာတွေပေါ်ပေါက်လာလဲဆိုတော့ လူတစ်ယောက်ဟာ အိမ်မှာနေရင်းနဲ့ မုဒိမ်းကျင့် အသတ်ခံရနိုင်တယ်။ အိမ်မှာမနေလို့ အပြင်သွားမယ်ဆိုရင်လည်း တက္ကစီသမားက မုဒိမ်းကျင့်သတ်နိုင်တယ်။ ရှေ့နေအဖြစ်နဲ့ တရားခွင်သွားမယ် တရားရုံးသွားမယ်ဆိုရင် ဟေ့ကောင်မင်း ထမင်း၀၀စားထားလို့ အကြိမ်းခံရနိုင်တယ်။ အဲဒီတော့ ဘယ်မှအခြေအနေ မကောင်းဘူး။ လုံခြုံမှုဘယ်မှ မရှိဘူးလို့ပြောရမှာပဲ။ တရားခံတွေလည်း ရာဇဝတ်ဘေးပြေးလွတ်ဆိုရတော့မယ်နော်။ အောင်ဝင်းခိုင်လည်း မမိဘူး။ ထမင်း၀၀စားထား ပြောတဲ့ကောင်တွေလည်း မမိဘူး။ လူသတ်ဖို့ အားပေးတယ်။ လူသတ်သမားရဲ့ ဆရာတော်ဆိုပြီး Live တွေ လွှင့်တယ်။ ဗွီဒီယိုဖိုင်တွေတင်တယ် ဘာမှမဖြစ်ဘူး။ အဲဒီတော့ တရားဥပဒေစိုးမိုးမှုက လုံးလုံးကြီး ပျက်ပြားသလောက်ကို ဖြစ်နေပြီ” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

နှစ်နှစ်တာကာလမှာ အမှုအခင်းတွေ ပိုများလာသလား

အစိုးရသစ်တက်လာပြီး ၂၀၁၆ ခုနှစ်နှင့် ၂၀၁၇ ခုနှစ်များတွင် မြန်မာနိုင်ငံ၏ အဓိက တိုင်းဒေသကြီးတစ်ခုဖြစ်သည့် ရန်ကုန်တိုင်းတွင် သိသိသာသာ များပြားလာသည့် အမှုတစ်ခုမှာ သက်ငယ်မုဒိမ်းမှုဖြစ်သည်။

နှစ်နှစ်အားနှိုင်းယှဉ်ပါက ၂၀၁၆ ခုနှစ်ကထက် ၂၀၁၇ ခုနှစ်တွင် အမှုပိုမိုဖြစ်ပွားခဲ့သည်ကို တွေ့ရသည်။ ရဲတပ်ဖွဲ့က သတ်မှတ်ထားသည့် အမှုအခင်းကြီး ၁၀ မျိုးတွင်လည်း ၂၀၁၆ ခုနှစ်ကထက် ၂၀၁၇ ခုနှစ်တွင် ပိုမိုဖြစ်ပွားခဲ့ကြောင်း ရဲတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

ယင်းအမှုများတွင် ၂၀၁၈ ခုနှစ် နှစ်စပိုင်းက ဖြစ်ပွားခဲ့ပြီး လူအများ စိတ်ဝင်စားထိတ်လန့်တုန်လှုပ်ခဲ့သည့် FDA ဒုကြီးကြပ်ရေးမှူး အမျိုးသမီးအသတ်ခံရမှု၊ အင်းစိန်မြို့နယ်တွင် အငှားယာဉ်မောင်းတစ်ဦး အသတ်ခံရမှုများ ပါဝင်ခြင်းမရှိပေ။

မြန်မာနိုင်ငံ၏ အဓိကစီးပွားရေးမြို့တော်ဖြစ်သည့် ရန်ကုန်မြို့အတွင်းမှာပင် ထိတ်လန့်တုန်လှုပ်ဖွယ် မှုခင်းများ ဖြစ်ပွားလျက်ရှိနေခြင်းကြောင့် အခြားသော တိုင်းဒေသကြီးများတွင် ရန်ကုန်မြို့ထက် ပိုမိုများပြားနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက ပြောကြားသည်။

“ရန်ကုန်လိုမြို့ကြီးမှာတောင် ရက်ရက်စက်စက် အသတ်ခံရတဲ့ မှုခင်းတွေဖြစ်နေရင် တောနယ်ဒေသတွေမှာဆို ပိုဆိုးတယ်။ အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးရေးကို အလေးထားသင့်ပြီ” ဟု ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါ်ညိုညိုသင်းက ပြောကြားသည်။

ယင်းအမှုများအပြင် အခြားသော တိုင်းဒေသကြီးများတွင် ဖြစ်ပွားနေသည့် သက်ငယ်မုဒိမ်းမှုများ၊ လူသတ်မှုများမှာလည်း ဖြစ်ပွားလျက်သည်ကို တွေ့ရသည်။

အစိုးရက မှုခင်းကျဆင်းရေးအတွက် တိုင်းဒေသကြီးအစိုးရအလိုက် တရားဥပဒေစိုးမိုးရေးလုပ်ငန်းများ လုပ်ကိုင်လျက်ရှိသော်လည်း သက်ငယ်မုဒိမ်းမှုကဲ့သို့ ဖြစ်စဉ်များ၊ အိမ်ဖော်များ နှိပ်စက်ခံရမှုများမှာ ဆက်လက်ဖြစ်ပွားလျက် ရှိနေသည်။

အမျိုးသားဒီမိုကရေစီအစိုးရအဖွဲ့ တက်ခါစတွင် တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်ပြီး အာရုံစိုက် လုပ်ဆောင်မည်ဟု ကြွေးကြော်ခဲ့သည်။ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဒီမိုကရေစီစနစ်တွင် တရားဥပဒေစိုးမိုးရေးမှာ အဓိကအရာ တစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။ တရားဥပဒေစိုးမိုးမှုရှိမှသာ နိုင်ငံတိုးတက် ငြိမ်းချမ်းနိုင်မည်ဖြစ်ကြောင်း မကြာခဏ ထုတ်ဖော်ပြောကြားခဲ့သည်။

သို့သော် နှစ်နှစ်တာကာလ အတွင်းသို့ ရောက်ရှိလာခဲ့ပြီဖြစ်သော်လည်း ထင်သလောက် ခရီးမပေါက်ခြင်းကြောင့် တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘ၀ တိုးတက်ရေး မြင့်မားရေးမှာ ဦးစားပေးအဆင့်သို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

ထို့ပြင်တရားဥပဒေစိုးမိုးရေးနှင့်အတူ ဒွန်တွဲလာသည့် တရားစီရင်ရေးကဏ္ဍမှာလည်း ထင်သာမြင်သာသည့် ပြောင်းလဲမှုများမှာ မျက်ဝါးထင်ထင် တွေ့မြင်ရခြင်းမရှိခြင်းကြောင်း ဥပဒေပညာရှင်များက သုံးသပ်ပြောကြားသည်။

“တရားစီရင်ရေး ယန္တရားကြည့်ပြန်တော့လည်း ပြည်ထောင်စုတရားသူကြီး အပါအဝင် တရားသူကြီးအချို့က စစ်ဘက်ကနေ ပြောင်းလာတဲ့ ပုဂ္ဂိုလ်တွေဖြစ်နေတယ်။ အစိုးရအဖွဲ့မှာပါတဲ့ ရှေ့နေချုပ်ကလည်း အရပ်သားစစ်စစ် မဟုတ်ဘူး။ တရားဥပဒေစိုးမိုးရေး အခက်အခဲက အဲဒီကနေလာတာ။ အုပ်ချုပ်ရေး အတွေ့အကြုံလည်း မရှိတဲ့အခါ အခက်အခဲတွေကဖြစ်တာ” ဟု တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောကြားသည်။

လက်ရှိအချိန်တွင် တရားဥပဒေစိုးမိုးရေးမှာ ထင်သလောက် အားရစရာမကောင်းဘဲ ရှေ့ရောက်ခြင်းမရှိကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောကြားသည်။

ပြည်သူ့လွှတ်တော်တွင် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီ အဖွဲ့ဝင်လည်းဖြစ်သည့် ဒေါ်အေးမြမြမျိုးက တရားဥပဒေစိုးမိုးရေးအပိုင်းတွင် ရှုပ်ထွေးမှုများရှိနေပြီး ယင်းရှုပ်ထွေးမှုများမှာလည်း ရခိုင်အရေးကဲ့သို့သော ဖြစ်စဉ်များမှာလည်း တစ်ခုအပါအဝင်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“အစီရင်ခံတင်ပြတုန်းကတော့ မျှော်လင့်တယ်။ ဥက္ကဋ္ဌကြီးကလည်း တင်ခိုင်းတယ်။ ဒါပေမဲ့ ကျွန်မ နားလည်သလောက်ကတော့ မဖြစ်တော့ဘူး။ ယိုင်နဲ့တာတောင် မဟုတ်ဘူး။ ပုံကိုကျနေတယ်။ ဒါကို ကောင်းတဲ့အလားအလာဘက်ကို ကြိုးစားရတော့မယ်။ အရေးကြီးတဲ့အပိုင်းမှာ ဖြစ်နေပြီလို့ သိထားတယ်။ သို့သော်လည်းပဲ အခြေအနေတွေက အရမ်းကိုရှုပ်ထွေးနေတဲ့ အခြေအနေတွေ ဖြစ်နေတော့ လုပ်ရမယ်ဆိုတာ သိပေမယ့် ကျွန်မတို့ လုပ်ရမယ့်အချိန်ကိုတော့ စောင့်ရမယ်လို့ ယူဆပါတယ်။ လုပ်တာတော့ လုပ်ရမှာပေါ့။ တရားစီရင်ရေး အပိုင်းတွေမှာက တိုးတက်မှုမမြင်ရဘူး။ ကျွန်မတို့ ခေါင်းဆောင် ကိုယ်တိုင်က အမြဲတမ်းလည်းပြောတယ်။ ကျွန်မတို့ တရားဥပဒေစိုးမိုးရေးအပိုင်းမှာ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ရမယ်ဆိုတာလည်း အားလုံးက လက်ခံထားတယ်။ သို့သော်လည်း အခုထိကောင်းတဲ့ဘက်ကို ရွေ့လာတာ မမြင်ရသေးဘူး။ တစ်ချိန်ချိန်မှာတော့ ရွေ့မယ်ဆိုတာတော့ အားလုံးက ခံယူထားတယ်။ ဒါပေမဲ့ ရှုပ်ထွေးနေတဲ့ အနေအထားမှာ ဒီဟာက ထင်သလောက်မသွားသေးဘူး။ ရှုပ်ထွေးနေတယ်ဆိုတာက ဘက်စုံမှာ ရှိနေတယ်။ ရခိုင်ကိစ္စလိုဟာမျိုးတွေ မငြိမ်းချမ်းတဲ့ အခြေအနေတွေ ဖြစ်နေတာပေ့ါ။ ဒီဟာ တစ်ခုတည်းလားဆိုတော့ မဟုတ်ဘူး။ လုပ်ရမယ့်ဟာတွေက အရမ်းများပြီး ရှုပ်ထွေးတာကို ဆိုလိုတာပါ” ဟု ဒေါ်အေးမြမြမျိုးက ပြောကြားသည်။

တရားဥပဒေစိုးမိုးရေးအောက်က လွတ်မြောက်နေဆဲ တရားခံတွေ

မြန်မာနိုင်ငံ၏ တရားဥပဒေ စိုးမိုးရေးကို မေးခွန်ထုတ်စရာ တစ်ခုမှာ ရဲတပ်ဖွဲ့ဝင်များ၏ အမှုအခင်းများအပေါ် ကိုင်တွယ်မှုဖြစ်သည်။

နာမည်ကြီးအမှုတစ်ခုဖြစ်သည့် တရားလွှတ်တော်ရှေ့နေဦး ကိုနီအသတ်ခံရမှုတွင် အဓိကတရားခံဟု အများကယူဆထားသည့် အောင်ဝင်းခိုင်အား တစ်နှစ်ကျော်ကြာသည်အထိ ဖမ်းဆီးရမိမှုမရှိ ခြင်း၊ မင်္ဂလာဒုံမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ကလေးငယ်များ အပါအဝင် လေးလောင်းပြိုင် လူသတ်မှု၏ တရားခံများကို ခြေရာခံနိုင်မှုမရှိခြင်း၊ ယခုနှစ် မတ်လအတွင်းက ဖြစ်ပွားခဲ့သည့် ဧရာဝတီတိုင်းဒေသကြီးသို့ သွားရောက်ခဲ့သည့် အငှားယာဉ်မောင်း အသတ်ခံရမှုမှ တရားခံများမှာ လွတ်မြောက်နေဆဲဖြစ်သည်။

မြန်မာနိုင်ငံအတွက် တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်ပြီး ဦးသိန်းစိန်အစိုးရ လက်ထက်မှစ၍ ထောက်ပံ့မှုများ ပေးအပ်လျက်ရှိပြီး ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးအတွက် ထောက်ပံ့မှုများ ပေးအပ်ခဲ့သည်။

အထူးသဖြင့် ဥရောပကော်မရှင်က တရားဥပဒေစိုးမိုးရေးအတွက် မြန်မာနိုင်ငံရဲတပ်ဖွဲ့အား သင်တန်းပေးခြင်း၊ တာဝန်ထမ်းဆောင်သည့် ရဲတပ်ဖွဲ့ဝင်များအတွက် စက်ဘီးကဲ့သို့သော လိုအပ်သည့်ပစ္စည်းများ ထောက်ပံ့ပေးခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင်လည်း ထောက်ပံ့မှုများကို ဆက်လက်ပေးအပ်လျက်ရှိပြီး အခြားသော နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန် စသည့် နိုင်ငံများကလည်း မော်တော်ယာဉ်များ၊ ဆိုင်ကယ်များ ထောက်ပံ့ပေးခဲ့သည်ကို တွေ့ရသည်။

“နိုင်ငံတကာကလည်း ထောက်ပံ့မှုတွေကို ဆက်တိုက်ပေးနေတာပဲ။ အများကြီးပေးတာ။ ဘာလိုအပ်လဲ။ စက်ဘီးဝယ်ချင်လား၊ တခြားဘာဝယ်ချင်လဲ၊ အများကြီးပဲ” ဟု ဒေါ်ညိုညိုသင်းက ပြောကြားသည်။

နိုင်ငံတကာက မြန်မာနိုင်ငံ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ ထောက်ပံ့လျက်ရှိသည့် အစီအစဉ်မှာ တရားဥပဒေစိုးမိုးရေးနှင့် တရားဥပဒေ လက်လှမ်းမီရေးဆိုသည့် ခေါင်းစဉ်ဖြင့် ပေးအပ်လျက်ရှိသည်။

သို့သော်ရဲတပ်ဖွဲ့၏ မှုခင်းနှင့် ပတ်သက်ပြီး ကိုင်တွယ်နိုင်မှုမှာ နှစ်နှစ်တာကာလအတွင်း အများပြည်သူများက မေးခွန်းထုတ်စရာ အခြေအနေများသာ ဖြစ်နေခဲ့သည်။

လွှတ်တော်မှာ အကြိတ်အနယ်ဖြစ်ခဲ့တဲ့ တရားဥပဒေစိုးမိုးရေး

လျော့ရဲနေသည့် တရားဥပဒေစိုးမိုးရေးနှင့် ပတ်သက်ပြီး ပြည်သူ့လွှတ်တော်တွင် အချေအတင် ဖြစ်ခဲ့သည့် ဖြစ်စဉ်တစ်ခုရှိခဲ့သည်။ ယင်းဖြစ်စဉ်တွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်နှင့် ပြည်သူ့လွှတ်တော်မှ လွှတ်တော်ကိုယ်စားလှယ် အချို့သာမက ထိုစဉ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ဦးဝင်းမြင့်ကပါ တားဆီးဟန့်တားခဲ့ရသည့် ဖြစ်စဉ်လည်းဖြစ်သည်။

အဆိုပါဖြစ်စဉ်မှာ အစိုးရသစ်တက်လာပြီး တစ်နှစ်အကြာ ၂၀၁၇ ခုနှစ် မတ် ၇ ရက်က ပြည်သူ့လွှတ်တော်တွင် အဆိုတစ်ခု အတည်ပြုခဲ့သည်။

ယင်းအဆိုမှာ တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုအား ပြန်လည်တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စု တရားလွှတ်တော်ချုပ်သို့ တိုက်တွန်းကြောင်းအဆိုဖြစ်သည်။ ယင်းအဆိုအား ဖေဖော်ဝါရီ ၁၀ ရက်တွင် ဝေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက တင်သွင်းခဲ့ခြင်းဖြစ်ပြီး မတ် ၇ ရက် တွင် ကျင်းပသည့် အစည်းအဝေး၌ အဆိုအပေါ် လွှတ်တော်ကိုယ်စားလှယ် ၂၅ ဦးက ထောက်ခံအကြံပြု ဆွေးနွေးခဲ့ကြသည်။

မြန်မာနိုင်ငံ တရားစီရင်ရေး ကဏ္ဍတွင် အကျင့်ပျက်ခြစားမှုများသည် ယခုမှဖြစ်ခြင်းမဟုတ်ဘဲ ယခင်ဆယ်စုနှစ်များကတည်းက အမြစ်တွယ်လာသော ဖြစ်ရပ်များ ဖြစ်ကြောင်း၊ ထို့ပြင် ပြည်သူလူထု အနေဖြင့် စိုးရွံ့ရွံရှာမုန်းတီးပြီး အရုပ်ဆိုး အကျည်းတန်သည့် ပြစ်မှုကျူးလွန်သူများကို ပြစ်ဒဏ်ချမှတ်သည့်နေရာတွင်လည်း ကျူးလွန်သည့် ပြစ်မှုနှင့် ချမှတ်သည့် ပြစ်ဒဏ်သည်မျှတမှု မရှိသည့်အတွက်ကြောင့် ပြည်သူလူထုအတွင်း နှာခေါင်းရှုံ့စရာ၊ အထင်အမြင်သေးစရာ များစွာတွေ့နေရကြောင်း အဆိုရှင် ဦးတင်ထွေးက ပြောကြားခဲ့သည်။

ယင်းအဆိုအား ထောက်ခံ ဆွေးနွေးခဲ့သည့် ထီးချိုင့်မဲဆန္ဒနယ်မှ ဦးမောင်မောင်ကလည်း “တရားစီရင်ရေးကဏ္ဍမှာ တရားသူကြီးများ၊ တရားစွဲအဖွဲ့အစည်းဖြစ်တဲ့ မြန်မာနိုင်ငံ ပြည်သူ့ရဲတပ်ဖွဲ့နဲ့ သက်ဆိုင်ရာ ဌာနများ၊ ဥပဒေဝန်ထမ်းများ၊ ရှေ့နေရှေ့ရပ်များ၊ သက်သေများ စသည့်ဖြင့် ပေါင်းစပ်ပါဝင် ဆောင်ရွက်ကြတယ် ဆိုပေမယ့် တရားသူကြီးများက အဓိက အကျဆုံးဆိုတာ လုံးဝငြင်းမရတဲ့ အချက်ပဲဖြစ်ပါတယ်။ တရားသူကြီးတစ်ယောက်ရဲ့ အပြီးသတ် ဆုံးဖြတ်ချက်တစ်ခုဟာ လူတစ်ယောက်ကို ထောင်ထဲချက်ချင်း ရောက်သွားစေနိုင်သလို ငွေဒဏ်လား၊ ထောင်ဒဏ်လားဆိုတဲ့ အခြေအနေကိုလည်း ၎င်းတို့ကသာ ဆုံးဖြတ်ကြတာပါ။ တရားမမှုများမှာ တရားရုံးရဲ့ အပြီးသတ်စီရင်ချက်အပေါ် အမှုသည်အနေနဲ့ အယူခံပိုင်ခွင့်နဲ့ ကုစားနိုင်သော်လည်း ရာဇဝတ်မှုတွေမှာ အယူခံပိုင်ခွင့်ရှိပေမယ့် တရားခံအနေနဲ့ ထောင်ထဲ အရင်ရောက်သွားမှာဖြစ်တဲ့အတွက် လူတော်တော်များများဟာ တရားသူကြီးရဲ့ အပြီးသတ် အမိန့်ကို ကြောက်ကြပါတယ်။ အဲဒီအခါ ထောင်ဒဏ်အစား ငွေဒဏ်ဖြစ်အောင်၊ ထောင်မချဘဲလွတ်စေအောင်၊ ထောင်ဒဏ်ဆိုရင်လည်း အနည်းဆုံး အသက်သာဆုံးဖြစ်အောင် နည်းမျိုးစုံနဲ့ တရားသူကြီးများကို ချဉ်းကပ်လာကြပါတယ်။ အဲဒီအခြေအနေပေါ်မူတည်ပြီး တရားသူကြီးအချို့ဟာ ငါ့စကားတစ်ခွန်းဟာ တရားခံရဲ့ အခြေအနေကို ပြောင်းလဲနိုင်ပါတယ်ဆိုတဲ့ အတွေးနဲ့ အဂတိလိုက်စားမှုတွေ၊ လာဘ်ပေးလာဘ်ယူမှုတွေ ဖြစ်ပေါ်လာရပါတယ်။ အချို့သောအမှုတွေမှာ အမှုသဘော သဘာဝအရ ဥပဒေအရ မှန်ကန်မှုအပေါ် ငွေကြေးရယူပြီး အမှန်အတိုင်း ဆုံးဖြတ်တာတွေရှိသလို တချို့သောအမှုတွေမှာ ဥပဒေအရ မှားယွင်းပါလျက် မှန်ကန်ကြောင်း သိသိသာသာ ဘက်လိုက်ဆုံးဖြတ်သည်များလည်း ရှိနေပါတယ်။ အမျိုးအစားတူ၊ ဖြစ်စဉ်ဖြစ်ရပ်ချင်းတူသော အမှုများ၊ ကျူးလွန်သည့် ပမာဏချင်းတူသောအမှုများ ဥပမာ သစ်တောအမှုများ၊ ပြည်သူပိုင် ၆ (၁) လိုအမှုများမှာ တစ်မှုနဲ့တစ်မှု အမိန့်ချတဲ့နေ့ရက်ချင်း သိပ်မကွာပါဘဲလျက် ချမှတ်သည့် အမိန့်များဟာ သိသိသာသာကွဲပြား ခြားနားတာမျိုးကိုလည်း လက်တွေ့ကြုံနေရပါတယ်” ဟု ဆွေးနွေးပြောကြားခဲ့သည်။

ထို့အတူ ပန်းတောင်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်နှင်းသစ်ကလည်း တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းမှုအတွက် ပြန်လည်တည့်မတ်နိုင်ရေးတွင် ပြည်ထောင်စုတရားလွှတ်တော်ချုပ် အနေဖြင့် တရားစီရင်ရေး လုပ်ငန်းတွင် ဆက်စပ်လုပ်ကိုင်နေရသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဥပဒေရုံးမှ တာဝန်ရှိသူများ၊ အမှုသည်များ၏ ဆောင်ရွက်ချက်များကို အဂတိတရားဖြင့် ဆောင်ရွက်ခြင်းရှိ၊ မရှိ၊ တရားရေးကဏ္ဍတိမ်းစောင်းမှု ဖြစ်စေခြင်း ရှိ၊ မရှိ အမှုလိုက်ရှေ့နေများသည်လည်း ကျင့်ဝတ်စောင့်ထိန်းပြီး အမှုလိုက်ခြင်း ရှိ၊ မရှိ တို့ကိုပါ တိကျသေချာစွာ စိစစ်စောင့်ကြည့်သင့်ကြောင်း အကြံပြု ဆွေးနွေးခဲ့သည်။

ထိုသို့လွှတ်တော်တွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များက အပြင်းအထန် ဆွေးနွေးမှုများနှင့် ပတ်သက်ပြီး တရားစီရင်ရေးကဏ္ဍတွင် အကျင့်ပျက်ခြစားမှုများကြောင့် တိမ်းစောင်းယိမ်းယိုင်မှုများ ဖြစ်ပေါ်နေသည်ဟု တရားရုံးများ၏ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေသည့် စွပ်စွဲပြောဆိုမှုများသည် တရားရုံးများအား မထီမဲ့မြင်ပြုရာရောက်ကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြန်လည်ပြောကြားခဲ့သည်။

“တရားစီရင်ရေးကဏ္ဍမှာ အကျင့်ပျက်ခြစားမှုများကြောင့် ယိုယွင်းအားနည်းမှု၊ ယိမ်းယိုင်တိမ်းစောင်းနေခြင်း ဖြစ်ပေါ်နေမှုအပေါ်မှာ ပြည်ထောင်စုတရားလွှတ်တော်ချုပ်မှ ထိန်းကျောင်းပေးနိုင်ပါရန် တိုက်တွန်းကြောင်းလို့ ပါရှိပါတယ်။ ဒါဟာဆိုရင် တရားစီရင်ရေးကဏ္ဍမှာ အကျင့်ပျက် ခြစားမှုများကြောင့် တိမ်းစောင်းယိမ်းယိုင်မှုများ ဖြစ်ပေါ်နေတယ်လို့ အတိအလင်း စွပ်စွဲထားတာဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ဒီလိုတရားရုံးများရဲ့ ဂုဏ်သိက္ခာကို အကြီးအကျယ် ထိခိုက်စေသည့် စွပ်စွဲပြောဆိုမှုများဟာ တရားရုံးများကို မထီမဲ့မြင်ပြုရာ ရောက်ပါကြောင်း လေးစားစွာ ပြောကြားအပ်ပါတယ်” ဟု ပြည်ထောင်စု တရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြန်လည်ပြောကြားခဲ့သည်။

အထောက်အထား ခိုင်လုံမှုမရှိသည့် အနေအထားတွင် အကျင့်ပျက်ခြစားမှုများကြောင့် တရားစီရင်ရေးကဏ္ဍ ယိမ်းယိုင်နေပါသည်ဟုဆိုကာ လွှတ်တော်တွင် အဆိုတင်ခြင်းမှာ တရားရုံးများ၏ ဂုဏ်သိက္ခာ ထိခိုက်ခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ ပြောကြားမှုများမှာ တရားရုံး မထီမဲ့မြင်ရာရောက်ကြောင်း၊ ထို့ပြင် တရားစီရင်ရေး ဖြောင့်မတ်ကြံ့ခိုင် ရန် တရားသူကြီးများတွင် တာဝန်ရှိ သကဲ့သို့ ကျန်ရှိသည့် အဖွဲ့များတွင်လည်း တာဝန်အပြည့်ရှိကြောင်း ပြည်ထောင်စုတရားလွှတ်တော်ချုပ် တရားသူကြီး ဦးစိုးညွန့်က ပြောကြားခဲ့သည်။

“အထောက်အထား မခိုင်လုံဘဲ အကျင့်ပျက်ခြစားမှုများကြောင့် တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေတယ်ဆိုတဲ့ အဆိုလောက် တရားရုံးများရဲ့ ဂုဏ်သိက္ခာကို ထိခိုက်နိုင်တာ မရှိတော့ပါဘူး” ဟု ဦးစိုးညွန့်က ပြောကြားသည်။

တရားစီရင်ရေးကဏ္ဍ တိမ်းစောင်းနေမှုကို ပြန်လည်တည့်မတ်နိုင်ရေးအတွက် ပြည်ထောင်စုတရားလွှတ်တော်ချုပ်သို့ တိုက်တွန်းကြောင်းအဆိုအား တင်သွင်းခြင်းမှာ လွှတ်တော်၏ သဘောသဘာဝအရ ထိန်းကျောင်းခြင်းဖြစ်ကြောင်း၊ ကိုယ်စားလှယ်များ၏ ဆွေးနွေးပိုင်ခွင့်အရ ဆွေးနွေးခြင်းဖြစ်ကြောင်း၊ ယင်းကဲ့သို့ ဆွေးနွေးခြင်းမှာ တရားရုံး မထီမဲ့မြင်ပြုရာ မရောက်ကြောင်း ယင်းအဆို ဆွေးနွေးစဉ်က ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည့် ဦးဝင်းမြင့်က ပြောကြားခဲ့သည်။

“ဖွဲ့စည်းပုံအခြေခံ ဥပဒေပုဒ်မ ၁၁ (က) မှာ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာရဲ့ ခက်မသုံးဖြာဖြစ်တဲ့ ဥပဒေပြုရေးအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာတို့ကို တတ်နိုင်သမျှ ပိုင်းခြားသုံးစွဲခြင်းနှင့် အချင်းချင်း အပြန်အလှန် ထိန်းကျောင်းခြင်းတို့ ပြုသည်လို့ ပြောပါတယ်။ ဒီအဆိုဟာ Check and Balance အရ အပြန်အလှန် ထိန်းကျောင်းခြင်းမူအရ ကိုယ်စားလှယ်က တင်သွင်းတဲ့အဆို ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောမယ်ဆိုရင် အာဏာကြီးသုံးရပ်မှာ ဥပဒေပြုရေး အာဏာအနေနဲ့ အုပ်ချုပ်ရေးအာဏာနဲ့ တရားစီရင်ရေး အာဏာတို့ကို Parliamentary Oversight လုပ်လို့ရပါတယ်။ ဒါက ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၁၁ (က)က ပေးအပ်ထားတဲ့ အာဏာပါ။ ဒါတစ်ခု။ နောက်တစ်ခုက ဆွေးနွေးတဲ့အထဲမှာ ဒီအဆိုဟာ အဆိုရဲ့ စည်းကမ်းချက်တွေ၊ ကန့်သတ်ချက်တွေနဲ့ ဆန့်ကျင်တယ်လို့ ဆွေးနွေးသွားတာ ကြားလိုက်ရပါတယ်။ ဒီအဆိုဟာ အဆိုရဲ့ စည်းကမ်းချက်တွေ၊ ကန့်သတ်ချက်တွေနဲ့ ညီညွတ်လို့ လွှတ်တော်ဥက္ကဋ္ဌက ခွင့်ပြုတဲ့ အဆို ဖြစ်ပါတယ်။ ဒါကြောင့်မို့ ခုနက Separation of Power မှာ ဥပဒေပြုရေး အာဏာကိုတော့ တရားစီရင်ရေး အာဏာက အဲဒီလိုဝင်ရောက် စွက်ဖက်မှုမျိုး မဖြစ်သင့်ပါဘူး။ ဒါ ကျွန်တော်ရိုးရိုးရှင်းရှင်းပဲ ပြောပါမယ်။ နောက်တစ်ခု ကိုယ်စားလှယ်တွေ ဆွေးနွေးတယ်။ ကိုယ်စားလှယ်တွေက ဆွေးနွေးပိုင်ခွင့်အရ ဆွေးနွေးတယ်။ ဆွေးနွေးပိုင်ခွင့်အရ ဆွေးနွေးတာကို တရားရုံး မထီမဲ့မြင်ပြုတယ်လို့လည်း စွပ်စွဲလို့မသင့်ပါဘူး။ ဒါ ပြည်ထောင်စု တရားလွှတ်တော်ချုပ်အနေနဲ့ အလေးအနက် သတိပြုစေလိုပါတယ်” ဟု တုံ့ပြန် ပြောကြားခဲ့သည်။

လွှတ်တော်မှ အဆိုက တရားဥပဒေ စိုးမိုးရေးအတွက် ထိရောက်သလား

ယင်းအဆိုမှာ တစ်နှစ်ကျော် ကြာမြင့်လာသည့်အချိန်တွင် တစ်နိုင်ငံလုံး အတိုင်းအတာအရ သုံးသပ်ရမည်ဆိုပါက တရားဥပဒေစိုးမိုးရေးမှာ ထင်သလောက် ခရီးမပေါက်သေးကြောင်း အဆိုရှင် ဝေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက သုံးသပ်ပြောကြားသည်။

“အဲဒီတုန်းက တင်ခဲ့တဲ့အဆိုက တရားဥပဒေစိုးမိုးရေးအတွက် လိုအပ်တဲ့ ထောင့်တစ်ခုဖြစ်တဲ့ တရားစီရင်ရေးမဏ္ဍိုင်အတွက် တင်ခဲ့တာ။ ကျွန်တော့်ရဲ့ ပဲခူးတိုင်း ဝေါဘက်မှာတော့ တော်တော်လေးကို ခရီးရောက်သွားတယ်။ ဒါပေမဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ကြည့်လိုက်မယ် ဆိုရင်တော့ ပြောင်းလဲမှု မရှိသေးဘူးလို့ ပြောလို့ရတယ်။ အခုချိန်အထိ တရားရုံးတွေမှာ လာဘ်စားမှုတွေက ရှိနေတုန်းပဲ” ဟု ဦးတင်ထွေးက ပြောကြားသည်။

အဆိုတင်ပြီး နှစ်လခန့်အကြာတွင် သမ္မတ၏အမိန့်ဖြင့် တရားစီရင်ရေးအတွက် မဟာဗျူဟာ စီမံချက်ဖြင့် လုပ်ကိုင်မည်ဟု ရေးဆွဲခဲ့ကြောင်း၊ ယင်းစီမံချက်အရ တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှု ပေါင်းစပ်ညှိနှိုင်းရေး ဗဟိုကော်မတီ ဖွဲ့စည်းခဲ့ကြောင်း၊ ယင်းအဖွဲ့တွင် ရှေ့နေချုပ် ဦးထွန်းထွန်းဦးက ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ ပြည်ထဲရေးဒုဝန်ကြီးနှင့် ဒုတိယရှေ့နေချုပ်များမှ ဒုဥက္ကဋ္ဌ၊ လွှတ်တော်ပိုင်းမှ ဥပဒေကျွမ်းကျင်သူများက အဖွဲ့ဝင်အဖြစ် တာဝန်ယူ လုပ်ကိုင်လျက်ရှိကြောင်း၊ ယင်းကော်မတီတွင် ပါဝင်သည့် လွှတ်တော်ကိုယ်စားလှယ်များမှာ တိုင်းနှင့်ပြည်နယ်တွင် ဖွဲ့စည်းထားသည့် ကော်မတီများတွင် တာဝန်ခံများအဖြစ် ထမ်းဆောင်ရကြောင်း၊ ယင်းကော်မတီများ၏ သက်တမ်းများမှာ ရှစ်လခန့်သာ ရှိသေးကြောင်း သိရ သည်။

ထိုသို့ကော်မတီအဖြစ် ဖွဲ့စည်းလုပ်ကိုင်ခြင်းများ ရှိသော်လည်း တရားစီရင်ရေးကဏ္ဍတွင် အားရစရာ အခြေအနေတွင် မရှိသေးကြောင်း ဦးတင်ထွေးက ပြောကြားသည်။

“စဖွဲ့တုန်းကတော့ ဒေါင်းတင်မောင်းတင်ပေါ့ဗျာ။ ကော်မတီက ပေါင်းစပ်ညှိနှိုင်းရေး ကော်မတီဆိုတော့ ကျွန်တော်ကလည်း ပဲခူးတိုင်း တာဝန်ခံအဖြစ် လုပ်ရတော့ အကုန်လုံး ညှိနှိုင်းတာတွေ လုပ်ရတာပေါ့။ ဒါပေမဲ့ ကျန်တဲ့နေရာတွေမှာက တာဝန်ခံတွေ လုပ်ကိုင်ရခက်တဲ့ အခြေအနေတွေ ဖြစ်နေတယ်။ အဲဒါကြောင့် တော်တော်များများမှာက ရှေ့ကို သိပ်မရောက်ဘူး ဖြစ်နေတယ်” ဟု ၎င်းက ပြောကြားသည်။

တရားဥပဒေစိုးမိုးရေးအပိုင်းတွင် တိုးတက်မှုမရှိဘဲ ယိမ်းယိုင်နေသည့် အခြေအနေများမှာလည်း ရဲတပ်ဖွဲ့ဝင်များသာမက တရားစီရင်ရေးကဏ္ဍတွင် ပါဝင်သည့် အဖွဲ့အစည်းတိုင်းက ပါဝင်လှုပ်ရှားမှသာ ရှေ့ရောက်မည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော်တရားစီရင်ရေးနှင့် ဥပဒေရေးရာကော်မတီ အဖွဲ့ဝင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်အေးမြမြမျိုးက ပြောကြားသည်။

“အပိုင်းနှစ်ပိုင်းရှိတယ်။ ကျွန်မတို့ဆီက လုပ်ငန်းစဉ်တွေမှာ ရဲလုပ်ငန်းစဉ်မှ မဟုတ်ဘူး။ မလိုအပ်ဘဲ ကြန့်ကြာနေတဲ့အပိုင်းတွေ ရှိတယ်။ နောက်တစ်ခုကကျတော့ မတိကျသေးလို့ ထုတ်ပြန်လို့မရသေးဘူး။ မလုပ်သေးဘူး ဆိုတာလည်း ရှိတယ်။ ရဲတပ်ဖွဲ့တင်မှ မဟုတ်ဘူး။ တခြားနေရာတွေမှာလည်း ရှိတယ်။ ရဲတပ်ဖွဲ့မှာလည်း အဆင့်ဆင့် မလိုအပ်ဘဲ ကြန့်ကြာနေတာတွေ အများကြီး ရှိပါတယ်။ ရုံးလုပ်ငန်းစဉ် ကြန့်ကြာနေတာတွေပေါ့” ဟု ဒေါ်အေးမြမြမျိုးက ပြောကြားသည်။

လိင်အကြမ်းဖက်မှုပပျောက်ရေး လှုပ်ရှားမှု မကွေးမြို့ ကန်သာရပ်အေးစေတီ ဘုရားကွင်းအတွင်း ပြုလုပ်စဉ်

NLD အစိုးရလက်ထက် ဖိနပ်နဲ့အပေါက်ခံရတဲ့ တရားရုံး

NLD အစိုးရလက်ထက်တွင် တရားရုံးအား ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ ယင်းအမှုမှာ မန္တလေးတိုင်း မတ္တရာမြို့နယ်တရားရုံးတွင် ၂၀၁၇ ခုနှစ် မေလအတွင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်းဖြစ်စဉ်တွင် ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သူမှာ တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းဖြစ်ပြီး ဆေးစာအတု ပြုလုပ်သည်ဟုဆိုကာ မတ္တရာမြို့နယ်တရားရုံး မြို့နယ်တရားသူကြီးက အာမခံအား ပြန်လည်ရုပ်သိမ်းမှုအပေါ် တရားခွင်အတွင်း တရားသူကြီးအား ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော် ဖိနပ်နဲ့ပေါက်တဲ့ ကိစ္စက ဖိနပ်နဲ့ပေါက်ရင် ဘာဖြစ်မလဲဆိုတာ ကျွန်တော်သိတယ်။ တရားစီရင်ရေးမှာ မဟုတ်တာ မမှန်တာတွေ ဖြစ်နေတာ အများကြီး။ ဒါတွေက ဘယ်သူနဲ့ဆိုင်သလဲ။ ကျွန်တော် တိုင်ကြားခဲ့တာတွေက အများကြီး ပြန်စာတွေလည်း အများကြီးရတယ်။ သူတို့နဲ့မဆိုင်ပါဘူး ပြောတယ်။ ဒါကြောင့် ဘယ်သူနဲ့ဆိုင်သလဲဆိုပြီး ဖိနပ်နဲ့ ပစ်ပေါက်လိုက်တယ်။ အခုတော့ ဆိုင်တဲ့သူတွေ အများကြီးပဲ။ အစိုးရကို ပြောချင်တယ်။ ပြည်တွင်းမှာ ဥပဒေစိုးမိုးမှုမရှိရင် ဘာမှလုပ်လို့မရဘူးဆိုတာ။ အခုဖြစ်နေတာက Fail Law ဥပဒေက ကျဆုံးနေပြီ” ဟု တရားလွှတ်တော်ရှေ့နေ ဦးဇော်ဝင်းက ဖိနပ်ဖြင့် ပစ်ပေါက်မှုကြောင့် တရားစွဲဆိုခံရစဉ်က ရုံးထုတ်စဉ်တွင် ပြောကြားသည်။

ယင်းအမှုမှာ အများပြည်သူအကြားတွင် ပျံ့နှံ့ခဲ့ပြီး ရှေ့နေဦးဇော်ဝင်း မတိုင်မီကလည်း ကျောင်းသားသမဂ္ဂ အဖွဲ့ဝင်များက တရားရုံးအား ဖိနပ်ဖြင့် ပစ်ပေါက်မှုများ ၂၀၁၇ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည်။

တရားရုံးအား ဖိနပ်ဖြင့် ပစ်ပေါက်ခဲ့သည့် ရှေ့နေဦးဇော်ဝင်းမှာ ပုဒ်မ ၃၅၃ (တာဝန်ဝတ္တရား ဆောင်ရွက်ခြင်းမှ ပြည်သူ့ဝန်ထမ်းကို လက်ရောက်မှု ကျူးလွန်ခြင်း)၊ ပုဒ်မ ၅၀၉ (မိန်းမတို့ ကာယိန္ဒြေကိုစော်ကားရန် ရည်ရွယ်သောစကား သို့တည်းမဟုတ် ကိုယ်အမူအရာ၊ သို့တည်းမဟုတ် ပြုလုပ်မှု)၊ ပုဒ်မ ၂၂၈ (တရားစီရင်မှု ဆောင်ရွက်နေသော ပြည်သူ့ဝန်ထမ်းကို တမင်စော်ကားခြင်း၊ သို့တည်းမဟုတ် ဝင်ရောက်နှောင့်ယှက်ခြင်း) တို့ဖြင့် စွဲဆိုခံခဲ့ရသည်။

ထို့ပြင်တရားလွှတ်တော်ရှေ့ နေ ဦးဇော်ဝင်း၏ လူမှုကွန်ရက် စာမျက်နှာနှင့် မီဒီယာများအား ဖြေကြားမှုများမှာ နိုင်ငံတော်တည်ငြိမ်ရေးကို ထိခိုက်သည်ဟုဆိုကာ နိုင်ငံတော်အကြည်ညိုပျက်စေမှုပုဒ်မ ၅၀၅ (ခ) ဖြင့် ပြည်ကြီးတံခွန်မြို့နယ် တရားရုံးက ထပ်မံတရားစွဲဆိုခဲ့သည်။

“ဦးဇော်ဝင်းသည် တရားရုံးကို ဖိနပ်ဖြင့်ပေါက်တာဟာ ဖိနပ်နဲ့တန်လို့ ဖိနပ်နဲ့ပဲပေါက်ရတာ။ ဗုံးရှိရင် ဗုံးနဲ့ပေါက်ချင်တယ်။ ဗုံးမရှိလို့ ဖိနပ်နဲ့ ပေါက်ရတာ။ တရားစီရင်ရေးကို ဘယ်သူထိန်းကျောင်းမှာလဲ။ တရားစီရင်ရေး အထက်မှာ ဘယ်သူမှမရှိရဘူးလို့ပြောနေတဲ့ NLD အစိုးရလက်ထက်မှာလည်း တရားစီရင်ရေးက ပရမ်းပတာ ဖြစ်နေတယ်။ မိမရှိ ဖမရှိ ကွပ်ကဲမယ့်သူမရှိဘူး ဖြစ်နေ တယ်။ အဲဒါကြောင့်မို့ နိုင်ငံတော်ကို အသိပေးတယ် မလုပ်ဘူး။ ပြည်သူတွေ ဘယ်လောက်နစ်နာနေလဲ။ ၂၁ ရာစု ပင်လုံညီလာခံကို အားတင်နေလို့ မရဘူး။ ပြည်တွင်းမှာလည်း တရားဥပဒေစိုးမိုးဖို့ လိုသေးတယ်။ ပြည်တွင်းမှာကျ ပစ်ထားတယ်။ မတတ်ရင်ထွက်။ တိုင်းပြည်လစာငွေကို အလကား သုံးနေတယ်” စသည့် ပြောကြားချက်များသည် နိုင်ငံတော် အစိုးရနှင့် နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်သည့် ပြစ်မှုဖြစ်သောကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ (ခ) ဖြင့် အရေး ယူ တရားစွဲရခြင်းဖြစ်ကြောင်း ပြည်ကြီးတံခွန်မြို့နယ် တရားရုံးမှ သိရသည်။

ယင်းဖြစ်စဉ်များမှာ NLD အစိုးရ တာဝန်ယူထားသည့် နှစ်နှစ်တာ ကာလအတွင်း တရားဥပဒေစိုးမိုးရေး နှင့် ပတ်သက်ပြီး ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအနက် လူအများစိတ်ဝင်စားခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်သည်။

တရားဥပဒေ မစိုးမိုးခြင်းက မည်သူတွေကို အများဆုံးခံရလဲ

တရားဥပဒေစိုးမိုးမှု အားနည်းခြင်းသည် ပြည်သူလူထုအပေါ် ဖိစီးမှုများ နေ့စဉ်နှင့်အမျှ ဖြစ်စေနိုင်ကြောင်း၊ အထူးသဖြင့် ဝင်ငွေနည်းပြီး တရားမျှတမှုကို လက်လှမ်းမီနိုင်စွမ်း နည်းပါးသူများအပေါ် ပိုမိုအကျိုးသက်ရောက်စေနိုင်ကြောင်း၊ တရားဥပဒေစိုးမိုးမှု အားနည်းခြင်းသည် ရေရှည်တည်တံ့နိုင်သော ငြိမ်းချမ်းရေးနှင့် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှု ရရှိအောင် ဖော်ဆောင်ရာတွင်လည်း အဟန့်အတားဖြစ်စေကြောင်း အစိုးရက ထုတ်ပြန်ထားသည့် မြန်မာနိုင်ငံ စဉ်ဆက်မပြတ် တိုးတက်မှုဆိုင်ရာ စာတမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် EU ၏ ပံ့ပိုးကူညီမှုဖြင့် ဗြိတိသျှကောင်စီက တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်သည့် My Justice စစ်တမ်းတွင်လည်း တရားမျှတမှုအပေါ် လက်လှမ်းမီခြင်းသည် ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေးနှင့် လူမှုစီးပွားသာ တူညီမျှ ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ကနဦး လိုအပ်ချက်ဖြစ်ကြောင်း၊ ဝင်ငွေနည်းသူများ၏ အသက်မွေးဝမ်းကျောင်းမှုအပေါ် တရားမျှတမှုကင်းမဲ့ခြင်းမှ သက်ရောက်နိုင်သော ဆိုးကျိုးများကိုလည်း တွေ့ရှိရကြောင်း၊ ဥပမာ လယ်ယာမြေ အငြင်းပွားမှုများ၊ ငွေကြေးဆိုင်ရာ အငြင်းပွားမှုများနှင့် အစိုးရဝန်ဆောင်မှုများကို လက်လှမ်းမီနိုင်ရန် ခက်ခဲခြင်းတို့ဖြစ်ကြောင်း၊ အချို့သော ဝင်ငွေနည်းပြီး တရားမျှတမှုကို လက်လှမ်းမီနိုင်စွမ်း နည်းသူများသည် တရားမျှတမှုကို ရရှိနိုင်စေမည့် နည်းလမ်းများ ပိုမိုနည်းပါးသည်ကို တွေ့ရှိရကြောင်း ဖော်ပြထားသည်။

ယင်းစစ်တမ်းအား ၂၀၁၇ ခုနှစ် ဇွန်မှ သြဂုတ်လအတွင်းက အသက် ၁၈ နှစ်ပြည့်ပြီးသူ ၃၅၆၅ ဦးတို့ကို ပြည်နယ်နှင့်တိုင်းဒေသကြီး အားလုံးတို့တွင် ကျပန်းစနစ်နှင့် ရွေးချယ်မေးမြန်းခဲ့ခြင်းဖြစ်ပြီး မြို့နယ် ၂၀ တွင် သီးသန့်အင်တာဗျူးများ ပြုလုပ်ကာ အသေးစိတ် အချက်အလက်များ ဖြည့်စွက်ကောက်ယူခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော် ပဋိပက္ခဘေးဒဏ် သက်ရောက်သည့် ဒေသများ မပါဝင်ကြောင်း My Justice က ဖော်ပြထားသည်။

ကောက်ယူရရှိမှုများကို ဖော်ပြထားသည့် ယင်းစစ်တမ်းတွင် အငြင်းပွားမှုများနှင့် အမှုအခင်းများကို ဖြေရှင်းရန် ကြိုးစားသည့်အခါ ရပ်ရွာတွင်းတွင် ဖြေရှင်းရန် ကြိုးစားကြပြီး ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများထံတွင်သော်လည်းကောင်း၊ တစ်ဖက်လူနှင့် တိုက်ရိုက်ညှိနှိုင်းခြင်းမှ သော်လည်းကောင်း ဖြေရှင်းကြသည်ကို တွေ့ရှိရသည်။ ဖြေဆိုသူများသည် လယ်မြေအမှုအခင်းနှင့် မှတ်ပုံတင်ဆိုင်ရာ ပြဿနာများကို အကြွေးကိစ္စများနှင့်စာလျှင် ပိုမို၍ ဖြေရှင်းကြသည်ကို တွေ့ရှိရကြောင်း၊ မဖြေရှင်းဘဲထားရသည့် အကြောင်းရင်းများတွင် အချိန်ကုန်တာပဲ အဖတ်နိုင်သည်ဟူသည့် အဖြေအား အများစုက ဖြေဆိုထားကြောင်း သိရသည်။ (ဖြေဆိုမှု ရာခိုင်နှုန်းများအား ဂရပ်ဖြင့် ဖော်ပြထား)

ထို့ပြင် ပြည်သူလူထုသည် ဥပဒေကိုသော်လည်းကောင်း၊ ဥပဒေဆိုင်ရာ အဖွဲ့အစည်းများကို သော်လည်းကောင်း၊ တရားမျှတမှုကို လက်လှမ်းမီအောင် ဆောင်ရွက်ပေးနိုင်ခြင်းမရှိဟု ထင်မြင်ကြကြောင်း၊ ပြည်သူလူထု၏ ယုံကြည်မှု ကိုးစားမှုကိုရရှိရန် အလို့ငှာ ဥပဒေဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့် မလုံလောက်ဘဲ ဥပဒေကို လက်တွေ့ကျင့်သုံးမှုအား ထင်သာမြင်သာရှိအောင် ပြောင်းလဲဖော်ဆောင်ရန် လိုအပ်ကြောင်း My Justice က ဆက်လက် ဖော်ပြထားသည်။

နှစ်နှစ်တာကာလမှာ NLD အစိုးရ တရားဥပဒေစိုးမိုးရေးကို ဖိဖိစီးစီး လုပ်နိုင်ခဲ့သလား

နှစ်နှစ်တာကလကို ရောက်ရှိလာခဲ့တဲ့ ဒီချုပ်အစိုးရအနေနဲ့ တရားဥပဒေစိုးမိုးကို ဖိဖိစီးစီး ကိုင်တွယ်နိုင်ခြင်းမရှိခဲ့လို့ ဥပဒေပညာရှင်များက သုံးသပ်ပြောကြားပါတယ်။

“တောင်သူလယ်သမားတွေ ထောင်ချတာမှာလည်း သက်ဆိုင်ရာ လယ်ဆည်ဝန်ကြီးတွေဘာတွေက ဝင်ပြီးစွက်ဖက်တယ်လို့ သတင်းရတယ်ပေါ့နော်။ တရားစီရင်ရေးကို ဝင်စွက်ဖက်လို့ မရဘူးဆိုပေမယ့် ဌာနဆိုင်ရာတွေ ဝင်စွက်ဖက်တယ်လို့ ကြားတာ။ ဘယ်တော့မှ မနိုင်ပါဘူး။ လယ်သမားဘက်က တရားစွဲရင်မရဘူး။ အဲဒီလို အနေအထားတွေလည်း ဖြစ်နေတုန်းပဲ။ အဲဒါလည်း တရားဥပဒေမစိုးမိုးဘူးလို့ ပြောလို့ရတာပေါ့” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

အစိုးရအနေဖြင့် တရားဥပဒေ စိုးမိုးရေးနှင့် ပတ်သက်ပြီး ထိရောက်သော မဟာဗျူဟာများကို ချမှတ်နိုင်ရန် လိုအပ်ပြီး လက်ရှိအခြေအနေများအရ တရားဥပဒေစိုးမိုးရေး လုပ်ငန်းစဉ်များကို အစိုးရအနေဖြင့် ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ရန် လိုအပ်လာပြီဖြစ်ကြောင်း ဒေါ်ညိုညိုသင်းက ပြောကြားသည်။

“တရားဥပဒေ စိုးမိုးရေးက လျော့ရဲလာပြီ။ တော်တော်များများ ပြောလာတာက ပြည်ထဲရေးမှာ တာဝန်ရှိတယ် ပြောကြတယ်။ ပြည်ထဲရေးမှာ တာဝန်ရှိတာလည်း မှန်တယ်။ ဒါပေမဲ့ သက်ဆိုင်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့တွေမှာလည်း တာဝန်ရှိတယ်။ တချို့ဝန်ကြီးချုပ်တွေကတော့ တော်တော်အလုပ်လုပ်တယ်။ တချို့ကတော့ စီမံကိန်းတွေနဲ့ပဲ အလုပ်ရှုပ်နေတယ်။ တရားဥပဒေစိုးမိုးရေးဘက်မှာ အရမ်းအားပျော့တာကို တွေ့ရတယ်” ဟု ဒေါ်ညိုညိုသင်းက ပြောကြားသည်။

“ပြောရမယ်ဆိုရင်တော့ သိပ်အားမရသေးဘူး။ ကျွန်တော့်နယ်ဘက်မှာ အဂတိလိုက်စားမှုတွေ ဇီးရိုးမဖြစ်ရင်တောင် တော်တော်လျော့သွားပေမယ့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ယှဉ်ရင်တော့ အားမရပါဘူး။ သမ္မတသစ်ကတော့ အဲဒီဘက်ကို ဖိဖိစီးစီး လုပ်တော့မယ်လို့ မျှော်လင့်ရတယ်” ဟု ဝေါမဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးတင်ထွေးက ပြောကြားသည်။

ထို့ပြင် ပြည်သူလူထုအတွက် တရားမျှတမှုဆိုသည်မှာ အလှမ်းဝေးနေဆဲဖြစ်ကြောင်း၊ ဒေသခံတာဝန်ရှိသူများ အထူးသဖြင့် ရပ်ကွက်(သို့မဟုတ်) ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများသည် တရားမျှတမှုနှင့် ပတ်သက်လျှင် အဓိကကျသူများ ဖြစ်ကြသော်လည်း တရားစီရင်ရေးကဏ္ဍ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွင် ထည့်သွင်း စဉ်းစားပေးခြင်း မရှိသေးသည်ကို တွေ့ရကြောင်း My Justice ၏ စစ်တမ်းတွင် ဖော်ပြထားချက်အရ သိရသည်။

နှစ်နှစ်တာကာလအတွင်း တရားဥပဒေစိုးမိုးရေးအပိုင်း လုပ်ဆောင်ရာတွင်လည်း အခက်အခဲ အနည်းငယ်မျှရှိနိုင်ကြောင်း၊ လက်တွေ့အမြင်တွင်လည်း တရားဥပဒေ စိုးမိုးရေးကို မကြိုးပမ်းနိုင်သေးကြောင်း တရားလွှတ်တော်ရှေ့နေ ဦးဌေးက ပြောကြားသည်။

“တရားဥပဒေစိုးမိုးရေးပိုင်းကတော့ အခက်အခဲ ရှိတာပေါ့။ နှစ်နှစ်အတွင်း ဆိုတာတော့ လုံလောက်တဲ့ အချိန်တော့ မဟုတ်သေးပါဘူး။ လက်တွေ့အမြင်အရတော့ တရားဥပဒေ စိုးမိုးရေးကတော့ မကြိုးပမ်းနိုင်သေးဘူးလို့ ယူဆရတယ်။ ဥပဒေအရကျတော့ အခက်အခဲ ရှိတာပေါ့။ ဖွဲ့စည်းပုံဥပဒေမှာကိုက ၂၁(ဂ) တို့၊ ပုဒ်မ ၃၅၄ တို့မှာ တရားဥပဒေစိုးမိုးရေးမှာကိုက Rule of Law မဟုတ်ဘူး ဖြစ်နေတယ်။ ဖွဲ့စည်းပုံဥပဒေကလာတဲ့ တရားစီရင်ရေးပေါ့။ ရွေးကောက်ပွဲတွေမှာဆိုလည်း ရွေးကောက်ပွဲ ကြေညာစာတမ်းမှာ ပါတယ်။ လက်တွေ့မှာကျတော့ အခက်အခဲရှိတယ်။ ဖွဲ့စည်းပုံရဲ့ ချို့ယွင်းချက်အရ တရားစွဲ အဖွဲ့အစည်းဖြစ်တဲ့ ပြည်ထဲရေးဆိုရင် သမ္မတက စာရင်းတင်သွင်းတာ မဟုတ်ဘူး။ ကာကွယ်ရေးဦးစီးချုပ်က စာရင်းတင်သွင်းတဲ့အခါကျတော့ သမ္မတရဲ့ သြဇာ တိုက်ရိုက်မသက်ရောက်တဲ့ အနေအထား ဖြစ်နေတယ်” ဟု ဦးဌေးက ပြောကြားသည်။
အချုပ်အားဖြင့်ဆိုရပါမူ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အစိုးရ၏ သက်တမ်းနှစ်နှစ်တာကာလတွင် တရားဥပဒေစိုးမိုးရေးအတွက် လုပ်ဆောင်မှုတွင် အခြေခံ အကျဆုံးဖြစ်သည်ဟု ဆိုရမည့် မှုခင်းများကျဆင်းရေး ကိစ္စရပ်တွင် အားရကျေနပ်ဖွယ် အနေအထားသို့ မရှိသေးကြောင်း ပညာရှင်များက သုံးသပ်ပြောကြားသည်။ တရားဥပဒေစိုးမိုးရေးအတွက် ပြဋ္ဌာန်းထားသော ဥပဒေများကို အကောင်အထည်ဖော်မှု အားနည်းခြင်း၊ မကျေနပ်ပါက ဥပဒေဖြင့် လက်တစ်လုံးခြား ပြုမူမှုများမှာလည်း ရှိနေဆဲပင်ဖြစ်သည်။ တရားဥပဒေစိုးမိုးမှုရှိသည့် နိုင်ငံတစ်နိုင်ငံ ဖြစ်ပါက ဘက်မလိုက်သည့် တရားစီရင်ရေး စနစ်အား ယုံကြည်မှုရှိသည့်အလျောက် တရားမဲ့ဖြေရှင်းမှုများ၊ အမှုအခင်း ပြဿနာများကို ဥပဒေပြင်ပမှ နည်းလမ်းများဖြင့် ရင်ဆိုင်ဖြေရှင်းမှု နည်းပါးလာမည်ဖြစ်သည်။

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မတ် ၇ ရက်က နေပြည်တော်တွင် ပြုလုပ်သည့် တရားဥပဒေစိုးမိုးရေးနှင့် တရားမျှတမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးညီလာခံတွင် ပြောကြားမှုများမှ ကောက်နုတ်ချက်များ

“ပြည်သူလူထုဟာ ကိုယ့်နိုင်ငံမှာရှိနေတဲ့ ဥပဒေတွေဟာ တရားမျှတမှုရှိရဲ့လား၊ ဒီဥပဒေတွေဟာ စိုးမိုးရဲ့လား၊ တရားဥပဒေစိုးမိုးရေးဆိုတာ ရှိရဲ့လား၊ အင်မတန်မှ လှပကောင်းမွန်တဲ့ တရားဥပဒေစာအုပ်ကြီးတွေကို စာအုပ်ကြီးထဲမှာ ထားပြီးတော့ ပြည်သူတွေရဲ့ ဘဝတွေအပေါ်မှာ သက်ရောက်မှုရှိအောင် မလုပ်နိုင်ဘူးဆိုရင် တရားဥပဒေ စိုးမိုးရေးရှိတယ်လို့ ပြောလို့မရပါဘူး”

“တရားဥပဒေစိုးမိုးရေးဆိုတာ အင်္ဂလိပ်လိုဆိုရင် ဥပဒေစိုးမိုးရေးဆိုတဲ့ အဓိပ္ပာယ်လည်း ရပါတယ်။ ဒါကို ခဏခဏ ကျွန်မမီးမောင်းထိုးပြီးတော့ ပြပါတယ်။ တကယ်အရေးကြီးတာ တရားတဲ့ဥပဒေဖြစ်ရမယ်။ မတရားတဲ့ ဥပဒေတွေစိုးမိုးတယ်ဆိုတာက ဘယ်သူ့ကိုမှ အကျိုးမပြုပါဘူး။ ကျွန်မတို့နိုင်ငံကို အကျိုးပြုဖို့ ကျွန်မတို့ ပြည်သူပြည်သားတွေ တည်ငြိမ်မှု၊ လုံခြုံမှုရှိဖို့ဆိုရင် တရားတဲ့ဥပဒေတွေဖြစ်ဖို့ အင်မတန်မှ အရေးကြီးပါတယ်။ ဥပဒေတစ်ခုက တရားတယ်၊ မတရားဘူးဆိုတာ နောက်ဆုံးဘယ်သူက ဆုံးဖြတ်မလဲဆိုတာ ပြည်သူလူထုကပဲ ဆုံးဖြတ်ရမှာပဲ”

“ပြည်သူကတင်ပြမှ၊ တိုင်ကြားမှ ဆောင်ရွက်တာမျိုးမဟုတ်ဘဲ မိမိတို့ လုပ်ဆောင်ရမယ့်လုပ်ငန်းတွေကို တာဝန်သိသိ ဆောင်ရွက်ဖို့၊ ပေါင်းစပ်ညှိနှိုင်းရေးအဖွဲ့များက ညှိနှိုင်းဆောင်ရွက်မှုတွေကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေ အားလုံးက အလေးအနက်ထားပြီး အကောင်အထည်ဖော် ဆောင်ရွက်ပေးဖို့နဲ့ ဌာနစွဲ၊ ပုဂ္ဂိုလ်စွဲတွေ မထားဖို့ကိုလည်း တိုက်တွန်းလိုပါတယ်”

Most Read

Most Recent