ထိုင်းသို့ အလုပ်သွားလုပ်မည့်မြန်မာအလုပ်သမားများ စီးနင်းလာသည့်ယာဉ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း မီးလောင်မှုဖြစ်ပွားကာ မြန်မာလုပ်သား ၂၀ သေဆုံးပြီး သုံးဦးဒဏ်ရာရ

ထိုင်းသို့ အလုပ်သွားလုပ်မည့်မြန်မာအလုပ်သမားများ စီးနင်းလာသည့်ယာဉ် ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း မီးလောင်မှုဖြစ်ပွားကာ မြန်မာလုပ်သား ၂၀ သေဆုံးပြီး သုံးဦးဒဏ်ရာရ
Published 30 March 2018

မြန်မာလုပ်သားများ စီးနင်းလာသည့်ယာဉ် မီးလောင်ကျွမ်းနေသည်ကို တွေ့ရစဉ်

ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်မည့် မြန်မာအလုပ်သမားများ စီးနင်းလာသည့် ယာဉ်တစ်စီး မတ် ၃၀ ရက် နံနက်အစောပိုင်းက ထိုင်းနိုင်ငံ တာ့ခ်ခရိုင်အတွင်း မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး မြန်မာလုပ်သား ၂၀ သေဆုံးကာ သုံးဦးဒဏ်ရာရရှိသဖြင့် ဆေးရုံတင် ပို့ထားရကြောင်း သတင်းရရှိသည်။

ထိုင်းနိုင်ငံသို့ MoU စနစ်ဖြင့် သွားရောက်အလုပ်လုပ်ကိုင်ရန် Star Pioneer အေဂျင်စီမှ တာဝန်ယူပို့ဆောင်သည့် အလုပ်သမား ၄၇ ဦး စီးနင်းလိုက်ပါလာသည့် မှန်လုံယာဉ်သည် မဲဆောက်မြို့အလွန် တောင်ပေါ်လမ်းအဆင်းတွင် မီးလောင်ကျွမ်းခဲ့ခြင်းဖြစ်သည်။ မီးလောင်ကျွမ်းမှုကြောင့် ယာဉ်ပေါ်ပါလာသူများအနက် ၂၀ မီးလောင်သေဆုံးခဲ့ပြီး အလုပ်သမားအများအပြား မီးလောင်ဒဏ်ရာရရှိခဲ့ကာ တာ့ခ်ခရိုင်ဆေးရုံသို့ အရေးပေါ် တင်ပို့ခဲ့ရကြောင်း မဲဆောက်ရဲတပ်ဖွဲ့က မတ် ၃၀ ရက် နံနက်ပိုင်းတွင် အတည်ပြုသည်။

“မီးလောင်တဲ့အကြောင်းရင်းကတော့ ဆေးလိပ်မီးကနေ စလောင်တာဖြစ်တယ်လို့ ရဲတွေက သုံးသပ်တယ်။ အလယ်မှာရှိတဲ့ ပစ္စည်းတွေကနေ မီးခိုးတွေ အူထွက်လာပြီး မီးစလောင်တယ်လို့ ပြောပါတယ်” ဟု မီးလောင်ရာနေရာသို့ ရောက်ရှိခဲ့သူ မဲဆောက်မှ မစ္စတာဖိဂျိုးက ပြောကြားသည်။

အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ ပြည်ပလုပ်ကိုင်ခွင့်လိုင်စင်ရ Star Pioneer Co.,Ltd ၏အစီအစဉ်ဖြင့် ထိုင်းနိုင်ငံ Tomy (Thai-land) Co.,Ltd သို့ သွားရောက်အလုပ်လုပ်ကိုင်မည့် အလုပ်သမား ၁၈၆ ဦးသည် မြဝတီမြို့မှတစ်ဆင့် လုပ်ငန်းခွင်သို့ မော်တော်ယာဉ် လေးစီးဖြင့် သွားရောက်ရာ မော်တော်ယာဉ် အမှတ် IO-3824  သည် မတ် ၃၀ ရက် နံနက် ၂ နာရီခန့်တွင် မဲဆောက်မြို့အလွန် တာ့ခခရိုင်အနီး တောင်ပေါ်အဆင်းလမ်းတွင် ကားမီးလောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ အမျိုးသား နှစ်ဦး၊ အမျိုးသမီး ၁၈ ဦး စုစုပေါင်း ၂၀ ဦး မီးလောင်သေဆုံးခဲ့ကာ အမျိုးသမီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် တာ့ခ်ခရိုင်ဆေးရုံကြီးသို့ အရေးပေါ် ပို့ဆောင်ကုသပေးလျက်ရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တာ့ခ်ခရိုင်တွင် ဖြစ်ပွားခဲ့သော ယာဉ်မတော်တဆမှုတွင် သေဆုံးသူနှင့်ဒဏ်ရာရသူများအတွက်  လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာနမှ  ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးသည် သေဆုံးသူ (၂၀) ဦးအတွက် ကျပ်သိန်း ၆၀ နှင့် ဒဏ်ရာရသူ သုံးဦးအတွက် ကျပ်သုံးသိန်း စုစုပေါင်းကျပ်  ၆၃ သိန်းကို ထောက်ပံ့ပေးအပ်ရာ လူမှုဖူလုံ ရေးအဖွဲ့ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးနှင့်အဖွဲ့က လက်ခံရယူခဲ့သည်။

သေဆုံးသူများ၏ အလောင်းထားရှိရာ တာ့ခ်ခရိုင်ဆေးရုံကြီးသို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်နှင့်အဖွဲ့ သွားရောက်ကြည်ရှုပြီး ဆေးရုံတက်ရောက်နေရသူနှစ်ဦးကို အားပေးစကားပြောကာ ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။ အခြားအရေးကြီးလူနာတစ်ဦးကိုမူ ဖိစလုပ် ဆေးရုံသို့ တင်ပို့ထားသည့်အတွက် သွားရောက်ကြည့်ရှုနိုင်ခြင်း မရှိခဲ့ကြောင်း သိရသည်။

မီးလောင်သေဆုံးသူများ၏ နစ်နာမှုအတွက် ထိုင်းနိုင်ငံတာ့ခ်ခရိုင်အုပ်ချုပ်ရေးမှူး နှင့် ရဲတပ်ဖွဲ့ဝင်များက ဥပဒေနှင့်အညီ နစ်နာကြေး ရရှိအောင်ကူညီဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုင်းနိုင်ငံသို့ MoU လုပ်သားအဖြစ် တရားဝင်သွားရောက်ခြင်းဖြစ်၍ G to G ဆောင်ရွက်သွားမည်ဟု မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးထူးလွင်က ပြောကြားသည်။

Most Read

Most Recent