မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတအဖြစ် ဦးဝင်းမြင့်အား ရွေးချယ် တင်မြှောက် - လူအများက အကောင်းမြင် ကြိုဆိုခဲ့ကြပြီး စီးပွားရေးနှင့် တရားဥပဒေစိုးမိုးရေး အမြန်ဆုံး တိုးတက်လာစေရန် မျှော်လင့်

မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတအဖြစ် ဦးဝင်းမြင့်အား ရွေးချယ် တင်မြှောက် - လူအများက အကောင်းမြင် ကြိုဆိုခဲ့ကြပြီး စီးပွားရေးနှင့် တရားဥပဒေစိုးမိုးရေး အမြန်ဆုံး တိုးတက်လာစေရန် မျှော်လင့်
Published 29 March 2018

မတ် ၂၈ ရက်က သတင်းထောက်များအား လက်ပြနှုတ်ဆက်နေသည့် နိုင်ငံတော်သမ္မတအဖြစ် ရွေးချယ်ခံရသော ဦးဝင်းမြင့်အား တွေ့ရစဉ် - ဓာတ်ပုံ-စည်သူ

မြန်မာနိုင်ငံ၏ ၁၀ ဦးမြောက် သမ္မတအဖြစ် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌဟောင်း ဦးဝင်းမြင့် အရွေးချယ်ခံရမှုအပေါ် ပြည်သူများ အကောင်းမြင် ကြိုဆိုခဲ့ပြီး NLD အစိုးရ လက်ထက် ကျဆင်းနေသည်ဟု ဝေဖန်ခံနေရသော စီးပွားရေးနှင့် တရားဥပဒေစိုးမိုးရေး ကဏ္ဍများ အမြန်ဆုံး တိုးတက်လာရန် မျှော်လင့်နေကြောင်း နိုင်ငံရေး၊ စီးပွားရေးနယ်ပယ်မှ ထင်ရှားသူများက မတ် ၂၈ ရက်တွင် သုံးသပ်ပြောကြားသည်။

“ဦးဝင်းမြင့်ကတော့ ပြောရမယ်ဆိုရင် လွှတ်တော်မှာလည်း လုပ်ဆောင်လာတဲ့လူ တစ်ယောက်ဖြစ်တယ် ဆိုတော့ သူ့အနေနဲ့ အစိုးရတစ်ရပ်ရဲ့ ထိပ်ပိုင်းခေါင်းဆောင် သမ္မတကြီး ဖြစ်သွားတဲ့အချိန်မှာ ကျွန်မတို့ အဓိက မျှော်လင့်တာကတော့ သူရဲ့ အစိုးရအဖွဲ့ကို ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို အင်မတန်မှ မျှော်လင့်တယ်။ ဘာကြောင့်လဲဆိုတော့ အစိုးရအဖွဲ့ရဲ့ ဒီကနေ့ ဆောင်ရွက်နေတဲ့ ဆောင်ရွက်ချက်တွေက တချို့ကိစ္စတွေက နှေးကွေးနေတာတွေ ရှိတယ်။ တချို့ကကျတော့ တကယ်တမ်း ဆောင်ရွက်နေရတယ်။ ဆောင်ရွက်နေတဲ့ အလုပ်တွေက သိပ်ပြီး မထိရောက်တာ၊ မအောင်မြင်တာတွေ ရှိတယ်။ ပြောချင်တာက ဦးဝင်းမြင့်က သမ္မတတစ်ယောက် အနေနဲ့ သူသိပြီးသား ဝန်ကြီးတွေကို၊ အစိုးရဌာနတွေကို ဒါတွေကို သူ ဘယ်လိုကိုင်တွယ်မလဲ ဆိုတာကို မျှော်လင့်ပါတယ်” ဟု ပုလဲမဲဆန္ဒနယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

မြန်မာနိုင်ငံ၏ လက်ရှိ အခြေအနေအရ နိုင်ငံတကာရေးရာနှင့် ရခိုင်ပြည်နယ်အရေးကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် တာဝန်ယူဖွယ်ရှိပြီး တိုင်းပြည်၏ ကျဆင်းနေသော စီးပွားရေးနှင့် ပိုမိုဆိုးရွားလာနေသည့် တရားဥပဒေ စိုးမိုးရေးအတွက် ဦးဝင်းမြင့်က တာဝန်ခွဲဝေရယူဖွယ် ရှိကြောင်း သုံးသပ်မှုများ ရှိနေသည်။

“တစ်နည်းမဟုတ် တစ်နည်းတော့ တာဝန်ခွဲလိမ့်မယ် ထင်တယ်။ ဘာလို့လဲဆိုတော့ ကျန်တဲ့ သက်တမ်းကာလမှာ အပြောင်းအလဲတစ်ခုကို ဖော်ဆောင်မယ်ဆိုတဲ့ ရည်ရွယ်ချက်လည်း ပါမယ်။ ပိုပြီး အသက်အရွယ်ငယ်တယ်။ ကျန်းမာရေးလည်း ကောင်းတယ်။ လွှတ်တော်မှာလည်း အတွေ့အကြုံရှိတယ်။ ဝန်ကြီးဌာနတွေကိုလည်း ခေါ်ယူတွေ့ဆုံ မေးမြန်းလို့ရတဲ့ ပုဂ္ဂိုလ်က သမ္မတဖြစ်လာတယ် ဆိုတော့ တစ်ခုမဟုတ်တစ်ခု ပြောင်းလဲမှုတွေ ရှိလာမယ် ယူဆတယ်။ သမ္မတဆိုတာကတော့ ဝန်ကြီးဌာန အားလုံးအပေါ် ခြုံပြီး လက်ရှိ အားနည်းချက်၊ အားသာချက်တွေကို လေ့လာမယ် ထင်တယ်။ နောက်ပြီး ကျန်တဲ့ သက်တမ်းအတွက် နောင်လာမယ့် နှစ်တွေအတွက်လည်း ကြိုတင် ပြင်ဆင်မယ် ထင်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေအရ အခြေခံအဆောက်အအုံက မပြည့်စုံသေးဘူး။ မပြည့်စုံသေးတော့ ဒီ အခြေခံ အဆောက်အအုံကို ဘယ်လို Productive ဖြစ်လာအောင် ဘယ်လိုမြှင့်တင်မလဲ။ ပြည်တွင်းအင်အား၊ ပြည်ပအင်အား နှစ်ခုပေါင်းစပ်ပြီးတော့ အခြေခံ အဆောက်အအုံတွေ တိုးတက် ကောင်းမွန်လာအောင် ဘယ်လိုလုပ်မလဲပေါ့။ လက်ရှိ ရှိနေတဲ့ ကြိုးနီစနစ်တွေ ဘယ်လိုညှိနှိုင်း ဖြေလျှော့မလဲ။ နောက်တစ်ခုက ဝန်ကြီးဌာနအချင်းချင်း ပေါင်းစပ်ညှိနှိုင်းမှု ဘယ်လိုလုပ်မလဲ။ ဘာပဲပြောပြော ပိုပြီးတော့ သွက်လက်လာမယ် ယူဆတယ်။ နိုင်ငံရေးရော၊ စီးပွားရေးရော အပြောင်းအလဲတစ်ခုခု ဖြစ်မယ် ယူဆတယ်” ဟု မူဝါဒဆိုင်ရာ စီးပွားရေးပညာရှင် ဒေါက်တာအောင်ကိုကိုက သုံးသပ်သည်။

NLD အစိုးရ လက်ထက် စီးပွားရေး စီမံခန့်ခွဲမှုအပေါ် Myanmar Insider Business ဂျာနယ်က ထုတ်ပြန်သည့် သုံးလတစ်ကြိမ် စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်း စစ်တမ်းတွင် ဖော်ပြမှုအရ NLD အစိုးရလက်ထက် စီးပွားရေး စီမံခန့်ခွဲခြင်း မကောင်းမွန်မှုမှာ ၅၉ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး လက်ရှိအစိုးရ၏ စီးပွားရေး စွမ်းဆောင်ရည်အပေါ် အကောင်းမြင်မှု ကျဆင်းခဲ့ကြောင်းနှင့် မြန်မာနိုင်ငံ၏ လက်ရှိ စီးပွားရေးအခြေအနေမှာ ပြီးခဲ့သည့် သုံးလကထက် အလွန်ဆိုးရွားနေသည်ဟု ၈၃ ရာခိုင်နှုန်းကျော်က ဆန္ဒပြုထားပြီး လက်ရှိအစိုးရက စီးပွားရေး တိုးတက်မှုထက် အခွန်ကောက်ခံရန်သာ အာရုံစိုက်နေကြောင်း ယင်းစစ်တမ်းများတွင် ဖော်ပြထားသည်။ ထို့ပြင် Doing Business တွင် အဆင့်ကျဆင်းခဲ့ခြင်း၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ကျဆင်းခြင်းနှင့် အဂတိလိုက်စားသည်ဟု ဝေဖန်တိုင်ကြား ခံရမှုများတွင် ထိရောက်စွာ အရေးယူမှု နည်းပါးသည်ဟု သုံးသပ်မှုများ ရှိခဲ့သည်။

“တရားဥပဒေ စိုးမိုးရေးဆိုတဲ့ အပိုင်းမှာ ပိုပြီးတော့ လုပ်နိုင်မယ်လို့ ကျွန်တော်တို့ မျှော်လင့်တယ်။ ဥပမာ တရားဥပဒေစိုးမိုးရေး ဆိုတဲ့နေရာမှာ တရားရုံးတွေချည်း ပြောတာ မဟုတ်ဘူး။ တရားရုံး တစ်ခုတည်းကို ပြောတာ မဟုတ်ဘူး။ တရားဥပဒေ စိုးမိုးရေး အဖွဲ့အစည်းဖြစ်တဲ့ ရဲတို့၊ ထွေအုပ်တို့ အကုန်လုံး ပါတာပေါ့။ အဲဒါတွေက သူ့လက်အောက်မှာတော့ တိုက်ရိုက်မရှိဘူး။ ဒါပေမဲ့ သူကတော့ လုပ်ရည်ကိုင်ရည်၊ ကြံရည်ဖန်ရည် သတ္တိဗျတ္တိနဲ့ အဲဒီဟာတွေကို ကိုင်နိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်တယ်။ အဓိက အဟန့်အတားက တရားရုံးတွေ၊ ရှေ့နေချုပ်ရုံးတွေ မဟုတ်ဘူး။ ရဲတို့၊ ထွေအုပ်တို့ ဒီတရားဥပဒေ မစိုးမိုးတဲ့ဌာနတွေ အများကြီးပဲ။ အဲဒါတွေကို သူ့ဘက်က လုပ်နိုင်မယ်လို့ ကျွန်တော်မျှော်လင့်တယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ပြောကြားသည်။

ထို့ပြင် လက်ရှိသမ္မတ ဦးဝင်းမြင့်အနေဖြင့် စီးပွားရေး ဦးမော့လာစေရန် အဓိက လုပ်ဆောင်စေလိုပြီး မတိုးတက်သည့် ဌာနများကို အပြောင်းအလဲ လုပ်စေခြင်းနှင့် အုပ်ချုပ်ရေးပိုင်းကို သေသေချာချာ ကိုင်တွယ်ကာ အပြစ်ရှိသူများကို ချက်ချင်း အရေးယူစေလိုသည်ဟု ဒေါ်ခင်စန်းလှိုင်က ဆက်လက်ပြောကြားသည်။

“တိုင်းပြည်ရဲ့ စီးပွားရေး ဦးမော့လာစေချင်တယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေကလည်း စီးပွားရေးက အင်မတန်မှ နှေးကွေးနေတာကို တွေ့ရတယ်။ အားလုံးလည်း အသိပါပဲ။ ကျွန်မတို့ ဖြစ်စေချင်တာကတော့ စီးပွားရေးကို ဖွံ့ဖြိုး တိုးတက် လာအောင်ပေါ့။ စီးပွားရေး ဦးမော့လာအောင် ပထမဆုံး ဆောင်ရွက်စေချင်တယ်။ ပြီးရင်တော့ ကျွန်မတို့ တိုင်းပြည်ရဲ့ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာပေါ့။ အုပ်ချုပ်ရေးပိုင်း ဆိုင်ရာကလည်း သေသေချာချာ ကိုင်တွယ်ဖို့ လိုပါတယ်။ ပြောရမယ်ဆိုရင်တော့ အပြစ်ရှိလာတယ်ဆိုရင် ချက်ချင်း အရေးယူ ဆောင်ရွက်တာမျိုးတွေ။ မတိုးတက်တဲ့ ဌာနတွေကို အပြောင်းအလဲတွေ လုပ်စေတာမျိုးတွေ တကယ်အလုပ်မလုပ်တဲ့ ဝန်ထမ်းတွေကို သေသေချာချာ ကိုင်တွယ်စေချင်တာပေါ့။ ပိုပြီးတော့ အာဏာရှိတဲ့၊ လုပ်ပိုင်ခွင့်ရှိတဲ့ သမ္မတမျိုး ဖြစ်လာဖို့ မျှော်လင့်တာပေါ့။ အခုကကျတော့ သူရဲ့လုပ်ပိုင်ခွင့်၊ အာဏာနဲ့ သူ့ရဲ့ ဆောင်ရွက်နိုင်တဲ့ အခွင့်အရေးတွေ ထပ်တူထပ်မျှကျဖို့ အရေးကြီးပါတယ်။ ဒါဆိုရင်တော့ အမြန်တိုးတက်သွားမှာပါ” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ဦးဝင်းမြင့် သမ္မတအဖြစ် ရွေးချယ်ခံရသည့် အခြေအနေသို့ တွန်းပို့ခဲ့သည့် ဖြစ်ရပ်များအဖြစ် ဦးဝင်းမြင့်မှာ ခရိုနီ (တိုင်ကွန်း) များနှင့် ရောထွေးယှက်ဝင် ပတ်သက်မှုမရှိခြင်း၊ အဂတိလိုက်စားမှုတွင် နာမည်ပျက်မရှိခြင်း၊ ဦးဝင်းမြင့် သမီးဖြစ်သူ၏ မင်္ဂလာဆောင်တွင် အခြားသော အာဏာရ ပါတီဝင်အချို့၏ သား၊ သမီးများကဲ့သို့ မင်္ဂလာလက်ဖွဲ့ ရယူခဲ့မှု မရှိခြင်းစသည့် ရိုးဖြောင့်မှုရှိသော လုပ်ရပ်များက အဓိကကျကြောင်း သုံးသပ်မှုများလည်း ရှိသည်။

ထို့ပြင် အတိတ်နှင့် ပစ္စုပ္ပန်တွင် ခရိုနီများနှင့် ကင်းရှင်းသည့် သမ္မတသစ်အနေဖြင့် အပြစ်အနာအဆာ နည်းပါးခြင်း၊ သမ္မတဖြစ်လာပြီးချိန်တွင်လည်း ခရိုနီများနှင့် ကင်းကင်းရှင်းရှင်း နေထိုင်မည်ဟု ထင်မြင်ကြောင်းနှင့် လွှတ်တော်ဥက္ကဋ္ဌအဖြစ် ဖြတ်သန်းမှုအရ သမ္မတ သက်တမ်းတွင်လည်း ထိုကဲ့သို့ နေထိုင်မည်ဟု ယူဆသည့်အပြင် ခရိုနီကိစ္စများအပေါ် ပြတ်ပြတ်သားသား ကိုင်တွယ်ရန် မျှော်လင့်ကြောင်း နိုင်ငံရေး အကျဉ်းသားဟောင်းများအဖွဲ့ ဗဟိုဦးဆောင်ကော်မတီဝင် ဦးထွန်းကြည်က သုံးသပ်ပြောကြားသည်။

“မူဝါဒနဲ့လည်း ဆိုင်မယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်နဲ့လည်း ဆိုင်မယ်။ ဦးဝင်းမြင့်ဟာ ဦးထင်ကျော်ထက်တော့ ထက်တယ်။ နောက်ပြီး အောက်ခြေနဲ့ နီးစပ်တယ်။ ဘာလုပ်ရမယ်ဆိုတာ သိတယ်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က လုပ်ခွင့်ပေး၊ မပေးဆိုတဲ့ အပေါ်ပဲ မူတည်တယ်။ အစိုးရအဖွဲ့ ပြန်ဖွဲ့ရမယ်။ ဝန်ကြီးချုပ်တွေ လဲပေးရမယ်။ အဲဒါတွေ မပါရင် တိုးတက်ဖို့ သိပ်မလွယ်ဘူး။ ဦးဝင်းမြင့် လုပ်ရဲမလား။ လုပ်တာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လွှတ်ပေးမလား။ နောက်တစ်ခုက NLD CEC နဲ့ ပါတီရဲ့ အခန်းကဏ္ဍက အရေးကြီးလာတယ်။ ဦးဝင်းမြင့်က အဂတိလိုက်စားမှု ကင်းတာတော့ မှန်တယ်။ ခရိုနီတွေနဲ့ ကင်းလို့တော့ မရလောက်ဘူး။ ပွင့်လင်းမြင်သာမှု ကိစ္စကတော့ ပိုအလေးပေးလာတဲ့အတွက် Fair ဖြစ်လာနိုင်တယ်။ ဦးဝင်းမြင့် လုပ်ရဲရင် ၂၀၁၉ မှာ တက်မယ်” ဟု မြန်မာနိုင်ငံ ဆန်စက်လုပ်ငန်းရှင်များအသင်း အထွေထွေအတွင်းရေးမှူး ဦးနေလင်းဇင်က ပြောကြားသည်။

ထို့ပြင် ဦးဝင်းမြင့်သည် တရားဥပဒေ စိုးမိုးရေး ကိစ္စရပ်များတွင် သမ္မတဟောင်း ဦးထင်ကျော်ထက် အောက်ခြေပြဿနာများကို နားလည်သူ ဖြစ်သည့်အတွက် ပိုမို တိုးတက်လာရန် မျှော်လင့်ကြောင်းနှင့် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ထုတ်ပြန်ရန် လွှတ်တော် ကိုယ်စားလှယ်ဘဝဖြင့် အဆိုတင်ခဲ့ဖူးသည့် ဦးဝင်းမြင့် သမ္မတဖြစ်လာချိန်တွင် အစိုးရအဖွဲ့ဝင်များ၏ ပိုင်ဆိုင်မှု ထုတ်ပြန်ရန် လုပ်ဆောင်ခြင်းဖြင့် အစိုးရအဖွဲ့အတွင်း ဖြစ်လာနိုင်ခြေရှိသည့် အဂတိလိုက်စားမှု ပပျောက်သွားရန် မျှော်လင့်ကြောင်း ပထမအကြိမ် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက ဆိုသည်။

“ဦးဝင်းမြင့်က အရင်သမ္မတကြီးထက်စာရင် ပိုပြီးတော့ လုပ်နိုင်မယ်လို့ မျှော်လင့်ထားတယ်။ နောက်ပြီးတော့ တရားဥပဒေ စိုးမိုးရေးအပိုင်းမှာပဲ ဦးဝင်းမြင့် လွှတ်တော်ကိုယ်စားလှယ် အနေနဲ့ ရှိစဉ်ကာလက အဆိုတင်သွင်းခဲ့တာ ရှိတယ်။ အစိုးရဝန်ကြီးတွေရဲ့ ပိုင်ဆိုင်မှုတွေကို ထုတ်ပြန်ကြေညာဖို့ကို ပထမအကြိမ် လွှတ်တော်တုန်းက တင်ခဲ့တာ ရှိတယ်။ ဒါက တရားဥပဒေစိုးမိုးရေးအတွက် အင်မတန် အရေးကြီးတယ်။ အဲဒီအချိန်တုန်းကတော့ USDP လွှတ်တော်ဆိုတော့ အဆိုက မအောင်ခဲ့ဘူး။ သူ အခုသမ္မတဖြစ်တဲ့အချိန်မှာ ဒါကလည်း ဥပဒေအရ လုပ်ကို လုပ်ရမယ့်အရာ။ ဒီကိစ္စလေးကို လုပ်ပေးနိုင်မယ်ဆိုရင် ကျန်တဲ့ ဖြစ်လာနိုင်ခြေရှိတဲ့ အစိုးရအဖွဲ့အတွင်း အဂတိလိုက်စားမှုသည် ပပျောက်သွားဖို့ မျှော်လင့်ချက်ရှိတယ်။ ပပျောက်တယ် ဆိုတာထက် လျော့ကျသွားဖို့ပေါ့နော်။ လျော့ကျသွားဖို့ အများကြီးရှိမယ်လို့ မျှော်လင့်ထားတယ်” ဟု ဒေါက်တာညိုညိုသင်းက ပြောကြားသည်။

Most Read

Most Recent