ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်ဘုရားပွဲတွင် လှေပြိုင်ပွဲဝင်သူများ ခိုက်ရန်ဖြစ်ပွား၍ ဘုရားပွဲနောက်ဆုံးနေ့ကို ရပ်နားလိုက်ရပြီး လူ ၁၀ ဦးကျော် ဒဏ်ရာရရှိ

ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်ဘုရားပွဲတွင် လှေပြိုင်ပွဲဝင်သူများ ခိုက်ရန်ဖြစ်ပွား၍ ဘုရားပွဲနောက်ဆုံးနေ့ကို ရပ်နားလိုက်ရပြီး လူ ၁၀ ဦးကျော် ဒဏ်ရာရရှိ
Published 28 March 2018

ဦးရာဇ်တောင်ဘုရားပွဲတွင် လှေပြိုင်ပွဲကျင်းပနေစဉ်

ရခိုင်ပြည်နယ် ပုဏ္ဏားကျွန်းမြို့ ဦးရာဇ်တောင်ဘုရားပွဲတွင် လှေပြိုင်ပွဲဝင်သူများ ခိုက်ရန်ဖြစ်ပွားရာမှ ဘုရားပွဲ နောက်ဆုံးနေ့ကို ရပ်နားလိုက်ရပြီး လူ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဦးရာဇ်တောင် ဘုရားပွဲသည် နှစ်စဉ်နှစ်တိုင်း အစဉ်အလာမပျက် ကျင်းပလေ့ရှိသောပွဲဖြစ်ပြီး လှေပြိုင်ပွဲများကိုလည်း ထည့်သွင်းကျင်းပခဲ့ရာ နောက်ဆုံးရက် မတ် ၂၆ ရက်က ရိုးရာလှေပြိုင်ပွဲတွင် ဝင်ရောက် ယှဉ်ပြိုင်ကြသူများ အချင်းချင်း စနောက်ရာမှ သာစည်ကျေးရွာ လှေပြိုင်အသင်းနှင့် ကျောက်ဆိပ်ကျေးရွာ လှေပြိုင်အသင်းတို့ ခိုက်ရန်ဖြစ်ပွားမှုတစ်ရပ် ပေါ်ပေါက်ခဲ့ခြင်းဖြစ်ကာ လူ ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

“လှေပြိုင်ပွဲမှာက တစ်ဘက်နဲ့တစ်ဘက် ဒီလိုပဲ စနောက်ကြတတ်တာ သဘာဝပါ။ အဲဒီမှာ နားလည်မှုလွဲပြီး စနောက်ကြတဲ့အဆင့်ကနေ ရန်ပွဲအဖြစ် ပြောင်းသွားတယ်ဆိုတော့ လှော်တက်တွေနဲ့ ရိုက်ကြတယ်ဆိုတော့ ၁၀ ယောက်ကျော်လောက် ဒဏ်ရာရသွားကြ တယ်။ လှေပြိုင်ပွဲကိုလည်း ရပ်နားလိုက်ရတယ်။ ညအချိန်ကမယ့် ဇာတ်ပွဲကိုလည်း ရပ်နားလိုက်တယ်။ ပြဿနာ ထပ်ဖြစ်မှာစိုးလို့ ရပ်လိုက်တာပေါ့။ ဒီလိုဖြစ်သွားတဲ့အတွက် စိတ်မကောင်း ဖြစ်ရပါတယ်” ဟု ပွဲကျင်းပရေး ကော်မတီဝင် တစ်ဦးက ပြောကြားသည်။

အဆိုပါ ဦးရာဇ်တောင် ဘုရားပွဲကို မတ် ၂၃ ရက်မှ ၂၆ ရက်အထိ ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကာ နောက်ဆုံးနေ့တွင် ရပ်နားလိုက်ရခြင်းဖြစ်ပြီး ယင်းနှင့်ပတ်သက်ပြီး အမှုဖွင့်တိုင်ကြားထားခြင်း မရှိသေးကြောင်းလည်း ပုဏ္ဏားကျွန်းရဲစခန်းမှ သိရသည်။

ယင်းပွဲတွင် ပျော်ပွဲရွှင်ပွဲများအဖြစ် ကျင်ပွဲ၊ လှေပြိုင်ပွဲနှင့် ဇာတ်ပွဲများကိုလည်း ထည့်သွင်းထားခဲ့ကြောင်း သိရသည်။

Most Read

Most Recent