တပ်မတော်ကို နိုင်ငံရေးသိက္ခာကျအောင်၊ ပြည်သူလူထု ယုံကြည်မှုပျက်ပြားအောင်၊ တပ်မတော်သားအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲအောင် ဆန့်ကျင်ဘက်အဖွဲ့အစည်းအချို့က နည်းလမ်းမျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာသည့်အတွက် ဆင်ခြင်သုံးသပ်ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား

တပ်မတော်ကို နိုင်ငံရေးသိက္ခာကျအောင်၊ ပြည်သူလူထု ယုံကြည်မှုပျက်ပြားအောင်၊ တပ်မတော်သားအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲအောင် ဆန့်ကျင်ဘက်အဖွဲ့အစည်းအချို့က နည်းလမ်းမျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်မှု ပိုမိုလုပ်ဆောင်လာသည့်အတွက် ဆင်ခြင်သုံးသပ်ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်သွားရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ပြောကြား
Published 28 March 2018

(၇၃) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနားတွင် စစ်ကြောင်းများအား လိုက်လံစစ်ဆေးနေသည့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ် (ဓာတ်ပုံ-တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံး)

တပ်မတော်ကို နိုင်ငံရေးသိက္ခာကျဆင်းအောင်၊ ပြည်သူလူထု ယုံကြည်မှုပျက်ပြားအောင်၊ တပ်မတော်သားအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲအောင် ဆန့်ကျင်ဘက်အဖွဲ့အစည်းအချို့က နည်းလမ်းမျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာသည့်အတွက် အဆိုပါထိုးနှက်တိုက်ခိုက်မှုများကို ဆင်ခြင်သုံးသပ်ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်သွားကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားသည်။

ထို့အပြင် တပ်မတော်ကိုပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျဆင်းအောင် အခြေအမြစ်မရှိသည့် ပြောဆိုရေးသားမှုများကို သတိတရား၊ အသိတရားများနှင့် ယှဉ်ပြီးတုံ့ပြန်သွားရမည်ဟု တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က မတ် ၂၇ ရက်တွင် နေပြည်တော်၌ ကျင်းပသည့် (၇၃) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။

(၇၃) နှစ်မြောက် တပ်မတော်နေ့အခမ်းအနားသို့ တပ်မတော်မှအရာရှိများ၊ အငြိမ်းစားများ၊ ပြည်ထောင်စုဝန်ကြီးအချို့၊ သံရုံးများမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က မိန့်ခွန်းပြောကြားခြင်း၊ စစ်ကြောင်းများအား လမ်းလျှောက်ကာစစ်ဆေးခြင်းများ ပြုလုပ်ခဲ့သည်။ ယခုနှစ် တပ်မတော်နေ့ အခမ်းအနားတွင် ယန္တရားတပ်ခွဲမှ လက်နက်ကြီးများဖြင့် အလေးပြုခြင်း မပြုလုပ်ခဲ့သော်လည်း တိုက်ခိုက်ရေးလေယာဉ်များဖြင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အား အလေးပြုခြင်းများ ပြုလုပ်ခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က “ယနေ့ဖွံ့ဖြိုးလာတဲ့ ဆက်သွယ်ရေးကွန်ရက်တွေမှာ သတင်းအချက်အလက်တွေဟာ ပေါက်ကွဲလုမတတ် များပြားလာတာကြောင့် တပ်မတော်သားတွေအနေနဲ့ အသိတရားလက်ကိုင်ထားပြီး ခွဲခြမ်းစိတ်ဖြာတတ်ဖို့ လိုပါတယ်။ လွတ်လပ်ရေးရပြီးစကာလမှာ နိုင်ငံရေးပါတီတွေရဲ့ လက်ကိုင်တုတ်တွေဟာ သူတို့ရဲ့အာဏာလွန်ဆွဲပွဲမှာ အနိုင်ရရှိရေးအတွက် တို့တပ်မတော်ကိုအသုံးချဖို့ တပ်မတော်အတွင်း လမ်းကြောင်းအမျိုးမျိုးက သွေးထိုးလှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ကြတာ တွေ့ရလိမ့်မယ်။ ဒါကြောင့် တို့တပ်မတော်ကို ပြိုကွဲအောင်၊ ဂုဏ်သိက္ခာကျဆင်းအောင် အခြေအမြစ်မရှိတဲ့ ပြောဆိုရေးသားမှုတွေကို သတိတရား၊ အသိတရားများနဲ့ယှဉ်ပြီး တုံ့ပြန်သွားရမယ်။ ရဲဘော်တို့ နိုင်ငံရေးအကူးအပြောင်းကာလမှာ တပ်မတော်ကို နိုင်ငံရေးသိက္ခာကျအောင်၊ ပြည်သူလူထုယုံကြည်မှု ပျက်ပြားအောင်၊ တပ်မတော်သားအချင်းချင်း စည်းလုံးညီညွတ်မှုပြိုကွဲအောင်၊ ဆန့်ကျင်ဘက်အဖွဲ့အစည်းအချို့က နည်းလမ်းမျိုးစုံဖြင့် ထိုးနှက်တိုက်ခိုက်မှုများ ပိုမိုလုပ်ဆောင်လာတဲ့အတွက် အဲဒီလိုထိုးနှက်တိုက်ခိုက်မှုများကို ဆင်ခြင်သုံးသပ်ပြီး တပ်တွင်းစည်းလုံးညီညွတ်ရေးကို တည်ဆောက်သွားကြရမှာဖြစ်တယ်။ တပ်တွင်းစည်းလုံးညီညွတ်ရေး တည်ဆောက်ရာမှာ ညီညွတ်မျှတတဲ့အမိန့်နဲ့ တာဝန်ပေးအပ်ခြင်း၊ စီမံခန့်ခွဲခြင်း၊ စည်းရုံးခြင်းတို့ကို ဆောင်ရွက်ပြီး ‘ဘယ်သူခွဲခွဲဒို့မကွဲ အမြဲစည်းလုံးမည်’ ဆိုသည့်အတိုင်း ကျစ်လျစ်ခိုင်မာစွာ တည်ဆောက်ထားကြရမှာဖြစ်တယ်” ဟုပြောကြားသည်။

ယနေ့နိုင်ငံသည် ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံအဖြစ် လျှောက်လှမ်းလျက်ရှိကြောင်း၊ ဒီမိုကရေစီစနစ်ဆိုသည်မှာ ရှုထောင့်မျိုးစုံမှကြည့်ပြီး အမြင်မတူခြင်းများကို ပေါင်းစပ်ညှိနှိုင်းကာ တူညီသည့်သဘောထားများနှင့် စုစည်းနေထိုင်ခြင်းပင်ဖြစ်ကြောင်း၊ နိုင်ငံတော်တွင် မည်သည့်စနစ်ကို ကျင့်သုံးသည်ဖြစ်စေ၊ ပြဋ္ဌာန်းထားသည့်ဥပဒေ၊ စည်းမျဉ်း၊ စည်းကမ်းတွေရှိစမြဲဖြစ်ကြောင်း၊ ဒီမိုကရေစီစနစ်တွင် ဒီမိုကရေစီစံနှုန်းနှင့်အညီ လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားခွင့်ရှိသည်ဆိုသော်လည်း ပြဋ္ဌာန်းထားသည့် စည်မျဉ်း၊ စည်းကမ်းနှင့်အညီ ပြောဆိုရေးသားရန်လိုအပ်ပြီး တာဝန်ယူမှု၊ တာဝန်ခံမှုရှိရမည်ဖြစ်ကြောင်း၊ စည်းကမ်းဆိုသည်မှာ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လမ်းညွှန်မြေပုံဖြစ်ကြောင်း၊ အခြေအမြစ်မရှိဘဲ စည်းကမ်းမဲ့ ပြောဆိုရေးသားမှုများသည် အမုန်းတရားကိုဖြစ်စေပြီး နိုင်ငံတော်၏ဂုဏ်သိက္ခာကိုလည်း ကျဆင်းစေသည့်အပြင် နိုင်ငံတော်တည်ဆောက်ရေးတွင်လည်း အဟန့်အတားဖြစ်စေကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ထို့အတူ တပ်ပြင်စည်းရုံးရေး ဆောင်ရွက်ရာ၌လည်း စစ်သည်တော်ကျင့်ဝတ်နှင့်အညီ နေထိုင်ကျင့်ကြံပြီး မိမိနယ်မြေအလိုက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ပေးခြင်း၊ သဘာဝဘေးအန္တရာယ်များနှင့် ရင်ဆိုင်ရပါက ခွဲခြားမှုမရှိဘဲ အချိန်နှင့်တစ်ပြေးညီ ကူညီဆောင်ရွက်ပေးခြင်း၊ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာ ကူညီစောင့်ရှောက်မှုများအပါအဝင် ပြည်သူ့အကျိုးပြုလုပ်ငန်းမှန်သမျှ ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့ပြင် တပ်မတော်အနေဖြင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်ရေးထိုးပြီး စာချုပ်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ နိုင်ငံတော်၏ လက်ရှိနိုင်ငံရေးလမ်းကြောင်း တည်ငြိမ်မှုနှင့် ခိုင်မာမှုရှိအောင် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တည်ငြိမ်အေးချမ်းမှုနှင့်အတူ ဖွံ့ဖြိုးတိုးတက်မှုအသီးအပွင့်များကို တိုင်းရင်းသား၊ ပြည်သူတစ်ရပ်လုံး အမြန်ဆုံးရရှိခံစားနိုင်ကြရန်အတွက် NCA မှတစ်ဆင့် ထာဝရငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ဆက်လက်အကောင်အထည်ဖော်ရာတွင် လုံခြုံရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များကို တိုးတက်အောင်လည်း ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က “ငြိမ်းချမ်းရေးကိစ္စ ဆွေးနွေးကြတဲ့အခါမှာ မဖြစ်နိုင်တာတွေတောင်းဆိုပြီး အချိန်ဆွဲနေမယ့်အစား ဖြစ်သင့်ဖြစ်ထိုက်တာတွေကို အရှည်မျှော်တွေးညှိနှိုင်းကြတာက ပိုမိုလက်တွေ့ဆန်ကြမှာ ဖြစ်ပါတယ်။ လက်နက်ကိုင်ပဋိပက္ခများ ဖြစ်ပွားပြီး တည်ငြိမ်အေးချမ်းမှုမရှိတဲ့အတွက် ဖွံ့ဖြိုးတိုးတက်မှု ဆောင်ရွက်နိုင်ခြင်းမရှိဘဲ အာဆီယံအသိုက်အဝန်းမှာပင် နောက်ကျကျန်လျက်ရှိတာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ကျန်တဲ့နိုင်ငံတွေကို အမီလိုက်ဖို့ဆိုရင် သူများခြေတစ်လှမ်းလှမ်းရင် ကိုယ်ကခြေလှမ်းများစွာ လှမ်းနိုင်မှဖြစ်မယ်။ ဒီနေရာမှာ လူမျိုး၊ ဘာသာခွဲခြားမှုမရှိဘဲ မြန်မာစိတ်မွေးပြီး နိုင်ငံတိုးတက်ရေးအတွက် စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ကြိုးစားသွားကြဖို့လိုတယ်။ အတိတ်ကိုလက်ညှိုးထိုးပြီး အပြစ်ရှာနေတာထက် အတိတ်အပေါ် သင်ခန်းစာဖော်ထုတ်ပြီး နိုင်ငံတိုးတက်ဖွံ့ဖြိုးရေးအတွက် ဆောင်ရွက်ကြဖို့ အချိန်ရောက်နေပြီဖြစ်ကြောင်း ပြောကြားလိုပါတယ်” ဟုပြောကြားသည်။

တပ်မတော်အနေဖြင့် ပါတီစုံဒီမိုကရေစီ စနစ်ဖော်ဆောင်ရေးအတွက် လိုအပ်သည့် အခြေခံကောင်းများ ဖြစ်ပေါ်လာအောင် ပုံဖော်ဖန်တီးပေးခဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းမှု ညင်သာချောမွေ့စွာ ဖြစ်စေရေးတို့ကိုလည်း ဆောင်ရွက်ပေးခဲ့ကြောင်း၊ ထာဝရငြိမ်းချမ်းရေးရရှိရန်နှင့် ကျင့်သုံးလျက်ရှိသည့် ပါတီစုံဒီမိုကရေစီစနစ်ကို ပိုမိုခိုင်မာစေရေးအတွက် တပ်မတော်အနေဖြင့် ရိုးသားမှုကိုအခြေခံပြီး မျှော်လင့်ချက်၊ ယုံကြည်ချက် အပြည့်အဝဖြင့် ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊ တပ်မတော်မှ ချမှတ်ထားသည့် ငြိမ်းချမ်းရေးမူဝါဒခြောက်ရပ်သည် ယခင်ဖြတ်သန်းခဲ့ရသည့် ငြိမ်းချမ်းရေးအတွေ့အကြုံများနှင့် လက်ရှိငြိမ်းချမ်းရေးဆောင်ရွက်ရာတွင် တွေ့ကြုံလာသည့် အခက်အခဲများအရ နိုင်ငံတော်တည်ငြိမ်ရေး၊ စည်းလုံးညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ချမှတ်ထားခြင်းလည်းဖြစ်ကြောင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က ပြောကြားသည်။

 

Most Read

Most Recent