ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းနံဘေးရှိ စိမ်းလဲ့တင်ဥယျာဉ်အား လိုင်စင်ချပေးထားခြင်း မရှိသေးဟုဆို

ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းနံဘေးရှိ စိမ်းလဲ့တင်ဥယျာဉ်အား လိုင်စင်ချပေးထားခြင်း မရှိသေးဟုဆို
Published 28 March 2018

ရန်ကုန်-မော်လမြိုင် ကားလမ်းနံဘေးရှိ စိမ်းလဲ့တင် အပန်းဖြေဥယျာဉ်အဝင်အား ညနေ ၆ နာရီခန့်က တွေ့ရစဉ်

ကျိုက်ထိုမြို့နယ် ရန်ကုန်-မော်လမြိုင် ကားလမ်းနံဘေးရှိ စိမ်းလဲ့တင် အပန်းဖြေစခန်းကို လုပ်ကိုင်ခွင့်လိုင်စင် ချပေးထားခြင်းမရှိသေးကြောင်း မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

“စိမ်းလဲ့တင်အပန်းဖြေစခန်းကို လိုင်စင်မချရသေးဘူး။ အပန်းဖြေစခန်းတွေနဲ့ ပတ်သက်ပြီး ကြီးကြပ်ရေးအဖွဲ့ရှိတယ်။ အဲဒီအဖွဲ့က အစီရင်ခံစာတက်လာလို့ရှိရင် သတ်မှတ်ဝင်ကြေးရှိထားပြီးဆိုတော့ ဥယျာဉ်အတွက် ဘယ်နှဧက၊ ဘယ်လောက်ကောက်သင့်လဲ။ တိရစ္ဆာန်ဥယျာဉ်အတွက် ဘယ်လောက်ကောက်သင့်လဲ။ နောက်တစ်ခုက Adventure Land။ ဒါကတော့ အပန်းဖြေဥယျာဉ်မှာ ပါပြီးသားဆိုတော့ ဒီဧကအပေါ်မှာ တစ်နှစ်အတွက် ဘယ်လောက်ကောက်သင့်လဲဆိုတာ ကြီးကြပ်ရေးအဖွဲ့က ဆုံးဖြတ်ချက်ချပြီးရင် ပြည်နယ်အစိုးရကို တင်လိုက်မယ်။ ပြည်နယ်အစိုးရအစည်းအဝေးမှာ သုံးသပ်ပြီးတော့ ဒါကိုလိုင်စင်ထုတ်ပေးရမှာပါ” ဟု ဒေါက်တာမင်းကြည်ဝင်းက ပြောကြားသည်။

ရန်ကုန်-မော်လမြိုင် လမ်းနံဘေးရှိ စိမ်းလဲ့တင် သဘာဝအပန်းဖြေစခန်း ဖွင့်ပွဲအခမ်းအနား ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂ ရက်က ပြုလုပ်စဉ်

စိမ်းလဲ့တင်မှ ဖွင့်လှစ်ထားသော မြေဧရိယာခုနစ်ဧကရှိ တိရစ္ဆာန်ဥယျာဉ်ငယ် တည်ထောင်ခွင့်ကို သဘာဝပတ်ဝန်းကျင်နှင့် သားငှက်တိရစ္ဆာန် ထိန်းသိမ်းရေးဌာနက ခွင့်ပြုခဲ့ခြင်းဖြစ်ပြီး ၂၀၁၈ ခုနှစ် မတ် ၃၁ ရက်တွင် သက်တမ်းကုန်ဆုံးမည်ဖြစ်ကြောင်း၊ စိမ်းလဲ့တင် အပန်းဖြေစခန်းငါးဧက၊ စိမ်းလဲ့တင် တိရစ္ဆာန်ဥယျာဉ်ခုနစ်ဧကနှင့် စိမ်းလဲ့တင် Adventure Land ၁၀ ဧကတို့ကို သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးစီမံချက်၊ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးစီမံချက်နှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးစီမံချက်များနှင့်အတူ လုပ်ငန်းလိုင်စင်ရရှိရေးအတွက် ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီ ၄ ရက်က လျှောက်လွှာတင်ထားကြောင်း၊ အဆိုပါ စိမ်းလဲ့တင် Adventure Land နှင့် အပန်းဖြေစခန်းကို ကျိုက်ထိုမြို့နယ် ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးဆဲဖြစ်ကြောင်းနှင့် မြို့နယ်ကြီးကြပ်ရေးအဖွဲ့မှ စစ်ဆေးပြီးပါက ပြည်နယ်အစိုးရအဖွဲ့သို့ တင်ပြလာမည်ဖြစ်ကြောင်း ဒေါက်တာမင်းကြည်ဝင်းက ဆက်လက်ပြောကြားသည်။

အခကြေးငွေယူပြီး ဖွင့်လှစ်ထားသည့် ရေကူးကန်အပါအဝင် အပန်းဖြေစခန်းများသည် အပန်းဖြေစခန်းများ၊ တိရစ္ဆာန်ဥယျာဉ်နှင့် ရုက္ခဗေဒဥယျာဉ် ဥပဒေပုဒ်မ ၄၄ နှင့်အညီ လုပ်ငန်းလိုင်စင်လျှောက်တင်ရမည်ဖြစ်ကြောင်း သိရသည်။

သို့သော်လည်း အဆိုပါ စိမ်းလဲ့တင်အပန်းဖြေစခန်းရှိ Adventure Land ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂ ရက်က မွန်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာအေးဇံနှင့် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာမင်းကြည်ဝင်းတို့ဖွင့်လှစ်ခဲ့သည်။

မွန်ပြည်နယ်အတွင်း ဖွင့်လှစ်ထားသည့် အပန်းဖြေစခန်း၊ ကလေးကစားကွင်း၊ ရေကူးကန်၊ တိရစ္ဆာန်ဥယျာဉ်များမှာ ကျိုက်ထိုမြို့နယ်တွင် ဆောင်နိုင်ကြီးနှင့် စိမ်းလဲ့တင်၊ ပေါင်မြို့နယ်တွင် မုတ္တမမိသားစုကမ္ဘာ၊ မော်လမြိုင်မြို့နယ် မွန်မင်းလမ်းရေကူးကန်၊ မုဒုံမြို့နယ်ကျွန်းနှစ်ပင်နှင့် သံဖြူဇရပ်မြို့နယ်တွင် ၂၁ Paradise အပန်းဖြေစခန်းတို့ဖြစ်ကြောင်း သိရသည်။

Most Read

Most Recent