<

ကျောက်မဲမြို့မှ သီပေါမြို့ဘက်အထွက် ပြည်ထောင်စုကားလမ်းမကြီးပေါ်ရှိ တိုးဂိတ်အနီးတွင် မိုင်းသုံးလုံး ပေါက်ကွဲမှုဖြစ်ပွား

ကျောက်မဲမြို့ အိုရီယမ်တယ်တိုးဂိတ်အနီး မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့်နေရာ တစ်နေရာအား တွေ့ရစဉ် (ဓါတ်ပုံ – U Tin Maung Thein)

မန္တလေး-လားရှိုး ပြည်ထောင်စုကားလမ်းမကြီးပေါ် ကျောက်မဲမြို့မှ သီပေါမြို့အထွက် အော်ရီယမ်တယ်တိုးဂိတ် အနီးတွင် မတ်လ ၂၆ ရက်နေ့ည သန်းခေါင်ယံ အချိန်က မိုင်းပေါက်ကွဲမှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုမှာ မတ်လ ၂၆ ရက်နေ့ည ၁၁ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် အော်ရီယမ်တယ်ဟိုက်ဝေး တိုးဂိတ်နှင့် ကိုက်(၂၀)ခန့်အကွာတွင် အသံမိုင်းတစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး ယင်းနေရာသို့ သက်ဆိုင်ရာမှ ရှင်းလင်းရေး ပြုလုပ်နေစဉ် မတ်လ ၂၇ ရက်နေ့ နံနက် (၀၀း၂၅)မိနစ်အရောက်တွင် တိုးဂိတ်နှင့်(၁၀)ကိုက် ခန့်အကွာမှ လက်လုပ်ရီမုမိုင်းနှစ်လုံး တစ်ပြိုင်တည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“မနေ့ညက ဗုံးပေါက်ကွဲမှုက ပထမတစ်လုံးက အသံမိုင်းကွဲတယ်။ နောက်ထပ် တစ်နာရီလောက်နီးနီး ကြာတဲ့အချိန်မှာမှ မိုင်းရှင်းလင်းရေး လုပ်နေတဲ့အချိန်မှာ နောက်ထပ်မိုင်းနှစ်လုံးက ရှေ့ဆင့်နောက်ဆင့် ကွဲတာ။ တပ်ကြပ်တစ်ယောက်ကတော့ မိုင်းရှင်းရင်းနဲ့ ရီမုမိုင်းကွဲတော့ ပုခုံးရှပ်မှန်သွားတယ်။ လက်ရှိ အချိန်မှာတော့ အဝေးပြေး ကုန်တင်ကားတွေ ခရီးသည်တင်ကားတွေ ပုံမှန်အတိုင်း ဖြတ်သန်းသွားလာ နေပါတယ်” ဟု ကျောက်မဲမြိှု့မှ ဒေသခံတစ်ဦးဖြစ်သူ ဦးတင်မောင်သိန်းက ပြောကြားသည်။

ကျောက်မဲမြို့နယ် ဂုတ်တွင်းလမ်းနှင့် ကျောက်မဲမြို့ အကြားတွင် ဖေဖော်ဝါရီလနှင့် မတ်လအတွင်း ပြည်ထောင်စု ကားလမ်းမကြီးပေါ်တွင် ဖြတ်သန်းမောင်းနှင်နေသော နွားတင်ယာဉ်များအား ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွားခြင်း၊ ကျောက်မဲမြို့နယ် အတွင်းရှိ ကျေးရွာအချို့တွင် တိုက်ပွဲများ မကြာခဏ ဖြစ်ပွားခဲ့ခြင်းများ ရှိခဲ့ကြောင်း သိရသည်။

နွားတင်ယာဉ်များအား ပစ်ခတ်မှုများကြောင့် သေဆုံးနှင့် ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့ပြီး တိုက်ပွဲများကြောင့်လည်း ကျောက်မဲမြို့သို့ စစ်ပွဲရှောင်သူ အများအပြား လာရောက်ခိုလှုံနေရကြောင်း သိရသည်။

 

March 27, 2018














Copy Protected by Chetan's WP-Copyprotect.