ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်သို့ ထွက်ပြေးရောက်ရှိနေသည့် ရခိုင်နှင့် မြို/ဒိုင်းနက်လူမျိုးများကို မြန်မာနိုင်ငံတွင် ယာယီနေထိုင်ခွင့်ပါမစ် (IP) ကတ်များ ထုတ်ပေးမည်ဟု သိရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်သို့ ထွက်ပြေးရောက်ရှိနေသည့် ရခိုင်နှင့် မြို/ဒိုင်းနက်လူမျိုးများကို မြန်မာနိုင်ငံတွင် ယာယီနေထိုင်ခွင့်ပါမစ် (IP) ကတ်များ ထုတ်ပေးမည်ဟု သိရ
Published 27 March 2018

ဘင်္ဂလားဒေ့ရှ်မှ ဝင်ရောက်လာကြသည့် မြိုလူမျိုး အချို့ကို တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ မောင်တောမြို့နယ်သို့ ထွက်ပြေးရောက်ရှိနေသည့် ရခိုင်နှင့် မြို/ဒိုင်းနက်လူမျိုးများကို မြန်မာနိုင်ငံတွင် ယာယီနေထိုင်ခွင့်ပါမစ် (IP) ကတ်များ ထုတ်ပေးမည်ဟု မောင်တောခရိုင် လဝကမှ သိရသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဖော်ဝါရီလကုန်ပိုင်းမှ စတင်ကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ပြေးလာသူများမှာ မောင်တောမြို့နယ်သို့ ဝင်ရောက် လာကြခြင်းဖြစ်ပြီး မတ် ၂၃ ရက်အထိ ရခိုင်နှင့် မြို/ဒိုင်းနက်လူမျိုး ၃၄၀ ကျော် ရောက်ရှိနေပြီဖြစ်ပြီး ၎င်းတို့မှာ မောင်တောမြို့နယ် မြောက်ပိုင်းရှိ ကျေးရွာ ငါးရွာတွင် နေထိုင်လျက်ရှိကြောင်း သိရသည်။

မောင်တောခရိုင် လဝကဦးစီးမှူး ဦးသန်းရွှေက “အခု ဘင်္ဂလားဒေ့ရှ်က ဝင်လာသူတွေ ၃၀၀ ကျော်ပါပြီ။ သူတို့ကို ဘယ်နေရာတွေမှာ နေရာချမယ်တို့ အစရှိသဖြင့် ကိန်းဂဏန်းတွေ အတည်ဖြစ်လာရင်တော့ IP ကတ်တွေ ထုတ်ပေးရပါမယ်။ လောလောဆယ်မှာတော့ စာရင်းကောက်ယူတာတို့ အပေါ်ကို တင်ပြတာတို့ ဆောင်ရွက်နေပါတယ်။ ညွှန်ကြားချက်ရပြီဆိုရင် နေထိုင်ခွင့်ကတ်တွေ ထုတ်ပေးပါမယ်။ IP ကတ်ဆိုတာက Immigration permit ပေါ့။ ပြည်တွင်းဝင်ရောက်နိုင်ခွင့်ပေါ့။ နိုင်ငံခြားသားတွေကို ထုတ်ပေးတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

၂၀၁၈ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီ ၂၁ ရက်မှစတင်ကာ လက်ရှိအချိန်အထိ မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာ စာသင်ကျောင်းတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရာဘန်ခရိုင်၊ တန်းဆိပ်မြို့နယ်၊ မော်တုတ်ကြီးကျေးရွာမှ ရခိုင်အိမ်ထောင်စု၂၄ စု၊ စုစုပေါင်း လူဦးရေ ၈၁ ဦး၊ သစ်တုံးနားခွဆုံ ကျေးရွာသစ်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘန်ဒရာဘန်ခရိုင်၊ တန်းဆိပ်မြို့နယ်၊ လမားကျေးရွာမှ မြို မိသားစု ၃၀ စု၊ လူဦးရေ ၁၅၅ ဦးနှင့် ဒိုင်းနက်မိသားစု လေးစု လူဦးရေ ၂၇ ဦး၊ စုစု ပေါင်း လူဦးရေ ၁၈၂ ဦးနှင့် သုပဏ္ဏကကျေးရွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ အလယ်ခေါ်တော်ခရိုင်၊ ဘော်ဘီတီကျေးရွာမှ မြိုမိသားစု ၁၁ စု လူဦးရေ ၆၃ ဦး၊ တောင်ပြိုနယ်စပ် နံ့သာတောင်ကျေးရွာတွင် ရခိုင်လူမျိုး ၆ ဦးနှင့် မီးတိုက်ကျေးရွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာဘန်ခရိုင် အလီခေါ်တောင်မြို့နယ် ရွမ်ဘို (ဒိုင်းနက်) ရွာမှ ဒိုင်းနက်လူမျိုး ၁၃ ဦးတို့ ရောက်ရှိနေခြင်းဖြစ်ပြီး စုစုပေါင်း လူဦးရေ ၃၄၅ ဦး ရောက်ရှိနေခြင်း ဖြစ်ကြောင်း သိရသည်။

၎င်းတို့သည် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဘိုးဘွားလက်ထက်ကပင် နေထိုင်ခဲ့သူများ ဖြစ်သော်လည်း နေထိုင်စားသောက်ရေး ခက်ခဲခြင်း၊ အစ္စလာမ်ဘာသာဝင် အချို့က လူမျိုးရေး၊ စီးပွားရေး အနိုင်ကျင့် ခြိမ်းခြောက်ခြင်းတို့ကြောင့် မောင်တောမြို့နယ် မြောက်ပိုင်းရှိ ဆွေမျိုးများနှင့် ဆက်သွယ်ကာ ၎င်းတို့ဆန္ဒအလျောက် မြန်မာနိုင်ငံတွင်နေထိုင်ရန် ရည်ရွယ်ချက်ဖြင့် ထွက်ပြေးလာကြခြင်း ဖြစ်ကြောင်း သိရသည်။

လက်ရှိတွင် အဆိုပါ ပြောင်းရွှေ့ဝင်ရောက် လာသူများအား ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှု ကြီးကြပ်ရေးနှင့် အမျိုးသား မှတ်ပုံတင်ရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများ၊ အထွေထွေ အုပ်ချုပ်ရေးအဖွဲ့မှ ဝန်ထမ်းများပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။ လတ်တလော စားရေးသောက်ရေး၊ နေထိုင်ရေး အခက်အခဲ မရှိစေရေးအတွက် CRR အပါအဝင် လူမှုကူညီရေးအဖွဲ့များနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများမှ ကူညီထားကြောင်း သိရသည်။

၂၀၁၂ခုနှစ် မောင်တောနယ်စပ် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူနည်းစု တိုင်းရင်းသားများအား ဘင်္ဂါလီများက ခြိမ်းခြောက်အနိုင်ကျင့် ခံလာရသဖြင့် ရခိုင်လူမျိုးနှင့် မြိုမျိုးနွယ်စု ထောင်နှင့်ချီ မောင်တောမြို့နယ်သို့ ဝင်ရောက်လာကာ တိုင်းရင်းသား ကျေးရွာများတွင် နေရာချပေးထားကြောင်းနှင့် ဝင်ရောက်လာသူများထဲမှ အသက် ၁၂ နှစ်ပြည့်ပြီးသူများအား လဝကမှ သုံးနှစ် ပြည်တွင်းဝင်ရောက် နေထိုင်ခွင့် လက်မှတ်နှင့် အိမ်ထောင်စု စာရင်းများ ထုတ်ပေးထားကြောင်း သိရသည်။

 

Most Read

Most Recent