တရုတ်ဘက်မှ မြန်မာဘဏ်အကောင့်များ အပိတ်ခံရမှုတွင် သကြား၊ ဆန်ကုန်သည်များ၏ ဘဏ်အကောင့်များအပြင် ငွေဖြူ၊ ငွေမည်း မစစ်နိုင်သည့် ငွေလွဲှလုပ်ငန်း အကောင့်များလည်း ပါဝင်ပြီး အပိတ်ခံရမှု တစ်ပတ်ခန့် ကြာမြင့်သည့်အထိ စီးပွား/ကူးသန်းသို့ တင်ပြခြင်း မရှိသေးဟုသိရ

တရုတ်ဘက်မှ မြန်မာဘဏ်အကောင့်များ အပိတ်ခံရမှုတွင် သကြား၊ ဆန်ကုန်သည်များ၏ ဘဏ်အကောင့်များအပြင် ငွေဖြူ၊ ငွေမည်း မစစ်နိုင်သည့် ငွေလွဲှလုပ်ငန်း အကောင့်များလည်း ပါဝင်ပြီး အပိတ်ခံရမှု တစ်ပတ်ခန့် ကြာမြင့်သည့်အထိ စီးပွား/ကူးသန်းသို့ တင်ပြခြင်း မရှိသေးဟုသိရ
Published 27 March 2018

တရုတ်-မြန်မာ ကုန်သွယ်မှု စခန်းတစ်ခုဖြစ်သည့် မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးစခန်း (ပို့ကုန်စစ်ဆေးရေး) ကို တွေ့ရစဉ်

တရုတ်ဘက်မှ မြန်မာဘဏ်အကောင့်များ အပိတ်ခံရမှုတွင် သကြား၊ ဆန်ကုန်သည်များ၏ ဘဏ်အကောင့်များအပြင် ငွေဖြူ၊ ငွေမည်း မစစ်နိုင်သည့် ငွေလွှဲလုပ်ငန်း အကောင့်များလည်း ပါဝင်နေပြီး အပိတ်ခံရမှု တစ်ပတ်ခန့် ကြာမြင့်သည့်အထိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့ တင်ပြထားခြင်း မရှိသေးကြောင်း မတ် ၂၆ ရက်က သိရသည်။

“ဘဏ်အကောင့်တွေ အပိတ်ခံရတာ တစ်ပတ်လောက်တော့ရှိပြီ။ အစိုးရကို တင်ပြထားတာ လောလောဆယ်တော့ မရှိသေးဘူး။ တင်ပြဖို့က အခုက ဘယ်လိုဖြစ်နေလဲဆိုတော့ ဘဏ်အကောင့် အပိတ်ခံရတဲ့ သူတွေက အဓိကအားဖြင့် ငွေလွဲှသမားတွေ ဖြစ်နေတယ်။ အဲဒီကျတော့ ငွေလွဲှသမားတွေဆိုတာ ငွေဖြူလည်း ဝင်ချင်ဝင်မယ်။ ငွေမည်းလည်း ဝင်ချင်ဝင်မယ်။ ကိုယ်က လိုက်စစ်လို့ မရနိုင်ဘူးလေ။ ပြီးရင် ကျွန်တော်တို့ လုပ်နေတဲ့ လုပ်ငန်းတွေ ဆန်စပါးလုပ်ငန်း၊ သကြားဖြစ်ဖြစ်၊ ပြောင်းဖြစ်ဖြစ် များသောအားဖြင့် ကိုယ့်ဘက်က Formal ဖြစ်ပေမယ့် သူတို့ဘက်က Informal ဖြစ်နေတော့ ပိတ်တဲ့ဟာက လောင်းကစားအတွက် ပိတ်တာလား၊ မှောင်ခိုအတွက် ပိတ်တာလား ခွဲခြားမရဘူး ဖြစ်နေတယ်” ဟု မြန်မာ-တရုတ်နယ်စပ်မှ ကုန်သည်တစ်ဦးက ပြောကြားသည်။

မြန်မာ-တရုတ်နယ်စပ်တွင် ယခုကဲ့သို့ ဘဏ်အကောင့် အပိတ်ခံရမှု ပြဿနာများ မကြာခဏ ဖြစ်ပွားနေပြီး မြန်မာ-တရုတ် နယ်စပ်တွင် တရားဝင်ကုန်သွယ်နိုင်မှသာလျှင် ယင်းပြဿနာများ ကင်းလွတ်နိုင်မည် ဖြစ်ကြောင်း သိရသည်။ ၂၀၁၇ ခုနှစ် နှစ်လယ်ခန့်က အွန်လိုင်းလောင်းကစားမှုကို စစ်ဆေးရန် တရုတ်နိုင်ငံမှ ပိတ်ထားသည့် ဘဏ်အကောင့် ၃၄၉ခုအနက် မြန်မာနိုင်ငံသားပိုင် ဘဏ်အကောင့် ၁၃၂ ခုပါဝင်ခဲ့ကာ နှစ်နိုင်ငံ ညှိနှိုင်းဆောင်ရွက်မှုများ ပြုလုပ်ပြီးနောက် အကောင့်များ ပြန်လည်ဖွင့်လှစ်နိုင်ခဲ့သည်။

“အရင်ကဖြစ်တဲ့ ပြဿနာတွေမှာ များသောအားဖြင့် အကုန်လုံးပြန်ပွင့်တယ်။ သူတို့က သံသယရှိလို့ စစ်ဆေးတဲ့ သဘောပဲ။ ဥပမာ အကောင့်  ၅၀ လောက်ပိတ်မယ်ဆိုရင် နှစ်ခုလောက်ပဲ ပြန်မပွင့်တာ။ ကျန်တာတွေက ခြောက်လ၊ တစ်နှစ်ဆိုရင် အကုန်ပြန်ပွင့်တာ။ အခုအပိတ်ခံရတဲ့အထဲမှာ သကြားသမား၊ ဆန်သမားတွေပါတယ်” ဟု ဆန်စပါးကုန်စည်ဒိုင် (မူဆယ်) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

လက်ရှိတွင်မူ ဘဏ်စာရင်းအပိတ်ခံရသည့် စာရင်းကို အတိအကျ သိရှိရမှု မရှိသေးကြောင်း ဆန်စပါး ကုန်စည်ဒိုင် (မူဆယ်) မှ သိရသည်။

“တင်ပြလာခဲ့မယ်ဆိုရင် နှစ်နိုင်ငံညှိနှိုင်း ဆောင်ရွက်သွားမယ်။ အောက်ခြေမှာ အချင်းချင်း ညှိနှိုင်းဆောင်ရွက်တာ ရှိသလို တစ်ဖက်ကလည်း သံတမန်နည်းလမ်းအရ ဆောင်ရွက်သွားမယ်။ ငွေကြေးလဲလှယ်တဲ့ ကိစ္စဆိုရင် တစ်မျိုးပေါ့။ ကုန်သွယ်မှုနဲ့ဆိုင်တဲ့ ကိစ္စဆိုရင် ကျွန်တော်တို့ဘက်က ညှိနှိုင်းပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ အခုကိစ္စက ဘာကြောင့် ဖြစ်တယ်ဆိုတာ တင်ပြလာတာတွေရှိရင် ကျွန်တော်တို့က ဆောင်ရွက်ပေးရမှာ ဖြစ်ပါတယ်။ လက်ရှိအချိန်အထိတော့ ကျွန်တော်တို့ဆီ တင်ပြလာတာ မရှိသေးပါဘူး” ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ လက်ထောက်အတွင်းဝန် ဦးခင်မောင်လွင်က ပြောကြားသည်။

လက်ရှိတွင် မြန်မာ-တရုတ်နယ်စပ်၌ ဆန်အရောင်းအဝယ် အေးနေပြီး မူဆယ်သို့ တစ်နေ့လျှင် ဆန်တန်ချိန် ၂၀၀၀ နှင့် ၃၀၀၀ ကြား ကုန်အဝင် ရှိသော်လည်း တရုတ်ဘက်သို့ ရောင်းချရာတွင် ဈေးအေးနေကြောင်း သိရသည်။

“နွေစပါးအသစ်တွေ ပေါ်လာတာက တစ်ကြောင်း၊ သူတို့ရဲ့ လိုအပ်ချက်အရရောပေါ့။ အခုဈေးလျှော့ ဝယ်နေတာ။ အရင်တုန်းက ၁၅၅ ယွမ်လောက် ရောင်းရတဲ့ဆန်က အခု ယွမ် ၁၅၀ လောက်ပဲ ရှိတော့တယ်။ ငါးယွမ်၊ ခြောက်ယွမ်၊ ခုနစ်ယွမ်လောက် ဈေးကျသွားတယ်။ ဆန်သားအပေါ် မူတည်ပြီး ဈေးချဝယ်တာဆိုတော့ တစ်အိတ်ကို ကျပ် ၁၀၀၀ လောက် ဈေးကျတယ်” ဟု မူဆယ်နယ်စပ်မှ ဆန်ကုန်သည်တစ်ဦးက ပြောကြားသည်။

မြန်မာနိုင်ငံနှင့် တရုတ်နိုင်ငံတို့အကြား ကုန်သွယ်မှုမှာ နှစ်စဉ်ဒေါ်လာ ၁၀ ဘီလျံခန့်ရှိပြီး စုစုပေါင်း ကုန်သွယ်မှု ပမာဏ၏ ရာခိုင်နှုန်း ၃၀ ခန့်ရှိကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ သိရသည်။

 

Most Read

Most Recent