ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်တွင် ပမာဏကြီးမားသည့် သစ်မှောင်ခိုလုပ်ငန်းများ ဆက်လက်ဖြစ်ပေါ်နေ

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်တွင် ပမာဏကြီးမားသည့် သစ်မှောင်ခိုလုပ်ငန်းများ ဆက်လက်ဖြစ်ပေါ်နေ
Published 25 March 2018

ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသတွင် မတ်လ တတိယပတ်အတွင်းက ဖမ်းဆီးရမိသော သစ်များကို တွေ့ရစဉ်

ကချင်ပြည်နယ်နှင့် ရှမ်းပြည်နယ် နယ်စပ်တွင် ပမာဏကြီးမားသည့် သစ်မှောင်ခိုလုပ်ငန်းများ ဆက်လက် ဖြစ်ပေါ်နေကြောင်း ဒေသခံများ၊ သစ်မှောင်ခိုလုပ်ငန်းနှင့် ဆက်စပ်သူများက The Daily Eleven သတင်းစာသို့ ပြောကြားသည်။

တရုတ်နိုင်ငံသို့ သစ်မှောင်ခိုလုပ်ငန်းများသည် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှစ၍ ၂၀၁၈ ခုနှစ် (NLD အစိုးရလက်ထက်) ပွင့်လင်းရာသီအထိ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ကချင်ပြည်နယ် ဒေသအနှံ့တွင် ဖြစ်ပေါ်နေခြင်း ဖြစ်သည်။

ယင်းသစ်မှောင်ခို လုပ်ငန်းများနှင့် ပတ်သက်ပြီး မူးယစ်ဆေးဝါး လုပ်ငန်းများ၊ လူကုန်ကူးမှုများ၊ ကြီးမားသော လာဘ်ပေးလာဘ်ယူမှုများပါ ဖြစ်ပေါ်နေကြောင်း သတင်းရင်းမြစ်များက ဆိုသည်။ အောက်ချောင်းဒေသခံ တစ်ဦးက “အလုပ်ဖြစ်နေတာက မုန့်ညှင်းခင်းနဲ့ လေယာဉ်ကွင်းဘက်ပေါ့။ တအားစည်တယ်။ လျှပ်စစ်ပစ္စည်း အရောင်းဆိုင်ကို အကြီးကြီးတွေ။ ဖုန်းတွေ၊ စကားပြောစက်တွေ၊ ဖုန်းဘေလ်တွေ ရောင်းတာ။ မနှစ်က ဖမ်းတဲ့နေရာမှာ။ အရက်တောင်မှ အရက်ကြမ်းမရဘူး။ ဂျော်နီဝါကားတွေ သုံးကြတာ။ ရဲတို့၊ သစ်တောတွေ မရှိဘူး။ တစ်ရက်ကို အစီး ၅၀ လောက် ထွက်မယ်။ မိုးလို၊ တုံဟွာဘက်ကနေ ထွက်လာကြပေါ့။ စီအူက အထိက ကတ္တရာ လမ်းရပြီလေ။ ပရိုဘောက်တို့၊ ရွှေငါးတို့၊ မတ်တူးကားတွေကို သွားနေကြတာ။ ဈေးရောင်း အများစုပေါ့။ သစ်ကတော့ ဆေးပြားနဲ့လည်း လဲလို့ရတယ်။ သစ်က နှစ်သောင်းတန်ရင် ဆေးပြားက သုံးသောင်းဖိုးလောက် တရုတ်က ရတာ။ အရင်က ကွက်ခိုင်ဘက် ဆေးထုတ်တဲ့ စက်ရုံထွက်တာနဲ့ တစ်ကြောတည်းလေ။ တချို့လည်း ငွေယူတာလည်း ရှိပါတယ်။ ဆေးပြားယူတော့ နှစ်ဆ မြတ်တာပေါ့။ ဆေးပြားကတော့ ပြည်တွင်းမှာ ဖမ်းတယ်ဆိုတာ မဖြစ်နိုင်တော့ပါဘူး။ ဆီပီပါလိုက် သယ်ခဲ့ကြတာ။ ဖမ်းတာက တစ်ထောင်ပုံ တစ်ပုံပဲ။ ဒီနှစ်သြင်္ကန်ကိုတော့ အကြီးအကျယ်ဖြစ်မှာ။ နောက်နှစ်လကျော်လောက် သစ်မှောင်ခိုက ဖြစ်ဦးမယ်။ တရုတ် ယန်းဖောင်ကားကြီးတွေက ဆင်းနေကြတုန်း။ အစီးကတော့ ထောင်ချီမယ်။ သြင်္ကန်ထွက်မယ် ထင်တာပဲ။ စစ်ကိုင်းဘက်၊ ကသာဘက်က သစ်တွေက စုလာတာ။ ဧရာဝတီမြစ်ရိုးကလည်း ပါတာပဲ”ဟု ပြောကြားသည်။

ဗန်းမော်မြို့မှ ယာဉ်မောင်း တစ်ဦးက “မနေ့က မိုးမောက်ကျောက်စခန်းမှာ မိတာက ၁၀ ဘီးကား ဖရဲသီးကို အပေါ်ယံလေး ဖုံးပြီး တင်သွားတာ။ ကျွန်းများတယ်လို့ သိရတယ်။ ငါးခေါက်ရှိပြီ သယ်တာက။ ဒီအကြိမ်မှာ အဝေမတည့်တော့ မိတာပေါ့။ မထိန်းနိုင်ဘူးလေ ကြာပြီ သယ်နေကြတာ။ အဖွဲ့စုံရှိတယ်။ တချို့အဖွဲ့တွေ မညှိမိလို့ပေါ့။ ဒါ ငါးခေါက်မြောက်ဆိုရင် စဉ်းစားလို့ ရပါတယ်”ဟု ပြောကြားသည်။

ကချင်ပြည်နယ် သစ်တောဌာနက လက်ရှိတွင် ဝိုင်းမော်မြို့နယ် ဆဒုံးဒေသတွင် တပ်မတော်က သစ်ဖမ်းဆီးမှုများ၊ ဧရာဝတီမြစ် အနောက်ကမ်း ဗန်းမော်မြို့နယ်နှင့် မိုးမောက်မြို့နယ်တို့တွင် လတ်တလော သစ်ဖမ်းဆီးမှုများ ရှိနေပြီး မန်စီမြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း အစပ်များတွင် သစ်မှောင်ခို လုပ်ငန်းများ ရှိနေသည်ကို ကြားသိနေရကြောင်း ပြောကြားသည်။

မတ် ၂၃ ရက်က မိုးမောက်မြို့နယ်အတွင်း တရုတ်နိုင်ငံဘက်သို့ ဖရဲသီးများ ဖုံးအုပ် သယ်ဆောင်လာသည့် ၁၀ ဘီးကားအား ဖမ်းဆီးကာ ရှာဖွေစစ်ဆေးနေစဉ်

ကချင်ပြည်နယ် သစ်တောဦးစီးဌာန တာဝန်ရှိသူ တစ်ဦးက “ကျွန်တော်တို့ အခု ဝိုင်းမော်၊ ဆဒုံးဘက်မှာ တပ်က ဖမ်းတဲ့ သစ်တွေကို လက်ခံနေတယ်။ စက်တွေတော့ တပ်က မအပ်နိုင်သေးဘူး။ မတ် ၂၃ ရက်က မိုးမောက်ဘက်မှာ ဖရဲတွေ ဖုံးပြီးတင်တဲ့ ကျွန်း ၁၅ တန်ပါတဲ့ သစ်ကားမိတယ်။ ၂၂ ရက်က ဗန်းမော်မြို့နယ် ဧရာဝတီအရှေ့ကမ်းက မြစေတီမှာ ကျွန်းတွေမိတယ်။ တစ်ဖက် အဖွဲ့အစည်းက လိုက်လာလို့ ဝန်ထမ်းတွေကိုပါ ရှောင်ခိုင်းရတယ်။ သစ်တွေကတော့ ရလိုက်ပါတယ်။ မန်စီမြို့နယ်က ရှမ်းပြည်နယ်နဲ့ အစပ်မှာ သစ်မှောင်ခိုတွေ ဖြစ်နေတယ်လို့ သတင်းအဖြစ်တော့ ကြားသိရပါတယ်။ သစ်တောဝန်ထမ်းတွေ သွားနိုင်တဲ့နေရာ မဟုတ်တော့ ဘယ်လိုဖြစ်နေမှန်း မသိဘူး။ တတ်နိုင်သလောက်တော့ စုံစမ်းခိုင်းထားတယ်။သြင်္ကန်မှာ အတော်များများ ထုတ်မယ်လို့ သတင်းရတယ်”ဟု ပြောကြားသည်။

တပ်မတော်နှင့် ကေအိုင်အိုင် လက်နက်ကိုင်အဖွဲ့တို့ ဗန်းမော်ခရိုင် မန်စီမြို့နယ်အတွင်း သစ်မှောင်ခိုကိစ္စ အကြောင်းပြု၍ ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် ပြင်းထန်သော ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ပြီး သစ်တန်ပေါင်း များစွာကိုလည်း ဖမ်းဆီးမိခဲ့သည်။ ယင်းသစ်များမှာလည်း ကသာခရိုင်နှင့် ကချင်ပြည်နယ် ရွှေကူမြို့နယ်နှင့် ရှမ်းပြည်မြောက်ပိုင်း မိုးမိတ်၊ မိုးမောက်ဘက်မှ ရောက်ရှိလာသော ကျွန်းနှင့် တမလန်းသစ်များ ဖြစ်ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့နယ်မှ ကျေးရွာအုပ်ချုပ်ရေးမှူး တစ်ဦးက “ဒီဘက်က ညကို ကားတွေနဲ့ ဖြတ်ကြတာ။ တရုတ်ဘက် ထွက်မယ်လို့ တွက်တယ်။ တမလန်းလို့ သိရတာ။ လေးပေတိုတွေ မြင်တာ။ လူစီးကားနဲ့ကို တိုက်သွားတာ။ တခြားရွာက လူတွေ မေးကြည့်တော့လည်း ရေဝေတောင်ကြောကနေ နည်းနည်းချင်း ထွက်နေတယ်။ ခုနောက်ပိုင်း ခေါက်ရေ စိပ်လာပြန်ပြီ”ဟု ပြောကြားသည်။

မြန်မာပြည်မှ သစ်များကို တရုတ်နိုင်ငံ နောင်တောင်းမြို့နှင့် ရွှေလီမြို့ ကျယ်လန့်ရပ်ကွက်တွင် စုပုံကာ ပရိဘောဂနှင့် ကုန်ကြမ်းများ ထုတ်လုပ်လျက်ရှိပြီး အဖိုးတန်သစ်များကို တရုတ်နိုင်ငံ ပြည်တွင်းမြို့ကြီးများအထိ ပို့ဆောင်နေရကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်က ၂၀၁၇ ခုနှစ် မတ် ၂၀ ရက် ဒုတိယအကြိမ် ဆဋ္ဌမအကြိမ်မြောက် ပထမနေ့ လွှတ်တော် အစည်းအဝေးတွင် အစိုးရသစ် ကာလအတွင်း ကျွန်း ၆၇၄ ဒသမ ၁၉၇၄ တန်၊ သစ်မာ ၅၆ ဒသမ ၇၉၅၁ တန်၊ အခြား ၉၁၂၁ ဒသမ ၂၇၅၂ တန် (စုစုပေါင်း ၉၈၅၂ ဒသမ ၂၆၇၇ တန်) ဖမ်းဆီးခဲ့ကြောင်း ပြည်နယ်လွှတ်တော်တွင် တင်ပြခဲ့ကြောင်း သိရသည်။

Most Read

Most Recent