ဦးဝင်းထိန်အနေဖြင့် မည်သည့်တာဝန်ယူမည်ကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆက်လက်ဆုံးဖြတ်မည်ဖြစ်ပြီး ယခင်အတိုင်း အတွင်းရေးမှူးအဖွဲ့ဝင် အဖြစ်သာရှိနေကြောင်း ပါတီ၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် ပြောကြား

ဦးဝင်းထိန်အနေဖြင့် မည်သည့်တာဝန်ယူမည်ကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆက်လက်ဆုံးဖြတ်မည်ဖြစ်ပြီး ယခင်အတိုင်း အတွင်းရေးမှူးအဖွဲ့ဝင် အဖြစ်သာရှိနေကြောင်း ပါတီ၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွှန့် ပြောကြား
Published 25 March 2018

NLD ပါတီ၏ တရားဝင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့် အား မတ် ၂၄ ရက်က တွေ့ရစဉ်

ဦးဝင်းထိန်အနေဖြင့် မည်သည့်တာဝန် ယူမည်ကို NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့က ဆက်လက်ဆုံးဖြတ်မည်ဖြစ်ကာ လတ်တလောတွင် တိတိကျကျ ဆုံးဖြတ်ထားခြင်း မရှိသေးသည့်အတွက် ယခင်အတိုင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ်သာရှိနေကြောင်း ပါတီ၏ တရားဝင် ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာဝင်းအတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ လစဉ်ပြုလုပ်နေကျဖြစ်သည့် ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးအပြီးတွင် ပါတီ၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူ ဒေါက်တာမျိုးညွန့်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ဦးဝင်းထိန်က ဘယ်လိုတာဝန်ယူမယ်ဆိုတာ ကျွန်တော်တို့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့က ဆက်လက်ပြီး ဆုံးဖြတ်မှာပါ။ အခုထိတော့ တိတိကျကျ ဆုံးဖြတ်ထားတာ မရှိသေးပါဘူး။ သတင်းထုတ်ပြန်စရာ မရှိသေးပါဘူး။ ဘယ်တာဝန်ထမ်းဆောင်မယ်ဆိုတာကို ဆုံးဖြတ်ရဦးမှာပါ။ ပြန်လည်ပြီး လာရောက်တယ် ကြိုဆိုတယ်။ ဒီလောက်ထိပဲ ပြောနိုင်ပါတယ်။ ကျွန်တော်တို့ မဆုံးဖြတ်ခင်ထိ နဂိုတာဝန်တွေပါပဲ။ ကျွန်တော်တို့ ဆုံးဖြတ်တဲ့အခါမှာ ဆုံးဖြတ်ထားတဲ့တာဝန်တွေကို ပြောင်းလဲထမ်းဆောင်မှာ ဖြစ်ပါတယ်။ ဆုံးဖြတ်ချက်ကိုတော့ ကြိုပြောလို့ မရပါဘူး။ အဖွဲ့က ဆုံးဖြတ်မှာ ဖြစ်ပါတယ်။ သူ့ရဲ့သဘောထားပေါ် မူတည်ပြီး အဖွဲ့က ဆုံးဖြတ်သွားမှာပါ”ဟု ဒေါက်တာမျိုးညွန့်က ပြောကြားသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အနေဖြင့် ဒုတိယအကြိမ်ညီလာခံကို လာမည့် ဇွန်၊ ဇူလိုင်တွင် ကျင်းပသွားရန် ခန့်မှန်းထားပြီး ညီလာခံမတိုင်ခင် ရပ်/ ကျေးမှ ဗဟိုအလုပ် အမှုဆောင်အထိ ပြန်လည်ဖွဲ့စည်းရန် အစီအစဉ်ရှိကြောင်း ဒေါက်တာမျိုးညွန့်က ဆက်လက်ပြောကြားသည်။

ဦးဝင်းထိန်အနေဖြင့် နုတ်ထွက်စာတင်၍ သြစတြေးလျ နိုင်ငံသို့ ဇန်နဝါရီ ၁၄ ရက်က ထွက်ခွာသွားခြင်းဖြစ်သော်လည်း နုတ်ထွက်စာကို ဒေါ်အောင်ဆန်းစုကြည်က လက်မခံသောကြောင့် မြန်မာနိုင်ငံသို့ ပြန်လာခြင်းဖြစ်ကြောင်း ဦးဝင်းထိန်က ပြောကြားသည်။

ဦးဝင်းထိန်သည် မြန်မာနိုင်ငံသို့ မတ် ၂၄ ရက် နံနက်ပိုင်းက ပြန်လည်ရောက်ရှိ လာခြင်းဖြစ်ပြီး စည်ပင်ဧည့်ရိပ်သာတွင်ပြုလုပ်သော ဗဟိုအလုပ်အမှုဆောင်အစည်း အဝေးသို့ တက်ရောက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ပြန်ကြားရေးလုပ်ငန်းများ၊ သတင်းအချက်အလက်ဖြန့်ဝေသည့် လုပ်ငန်းများကိုပိုပြီး စနစ်တကျလုပ်ဆောင်နိုင်ရန် ပါတီ၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူ နှစ်ဦးကို သတ်မှတ်လိုက်ပြီး ၎င်းတို့နှစ်ဦးမှာ ဒေါက်တာ ဇော်မြင့်မောင် (မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်) နှင့် ဒေါက်တာမျိုးညွန့်တို့ ဖြစ်သည်။

အဆိုပါ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးသို့ ဒုတိယသမ္မတအဖြစ် ရွေးချယ်ခံထားရသည့် ဦးဝင်းမြင့်နှင့် ဒေါက်တာ အောင်မိုးညို (မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ်) တို့နှစ်ဦးသာ မတက်ရောက်ကြောင်း သိရသည်။

Most Read

Most Recent