နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချ

နှစ်နှစ်ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူကို မသေမချင်း ကြိုးကွင်းစွပ်သတ်ရန် အမိန့်ချ
Published 23 March 2018

ဓာတ်ပုံ - ဌေးလှအောင်

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ မတ္တရာမြို့နယ်တွင် အသက်နှစ်နှစ် ငါးလကျော်အရွယ် မိန်းကလေးငယ်အား သတ်ဖြတ်အဓမ္မပြုကျင့်ခဲ့သူ ဖြိုးထက်အောင်ကို မတ် ၂၃ ရက် နံနက်ပိုင်းက ပြင်ဦးလွင်ခရိုင် တရားရုံးတွင် ရုံးထုတ်ခဲ့ကာ ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၇၆၊ ၃၀၂ တို့ဖြင့် တရားစွဲထားမှုနှင့် ပတ်သက်၍ ၃၀၂(၁)(ဂ) ပုဒ်မဖြင့် မသေမချင်း ကြိုးကွင်းစွပ်သတ်စေရန် အမိန့်ချမှတ်ခဲ့ခြင်းဖြစ်သည်။

အသက်နှစ်နှစ်နှင့် ငါးလကျော်အရွယ် မိန်းကလေးငယ်အား အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့သည့် အမှုနှင့်ပတ်သက်၍ ပြင်ဦးလွင်ခရိုင် မတ် ၁၆ ရက် က အမှုနှင့်ပတ်သက်၍ တရားလို အပါအဝင် တရားလိုပြသက်သေ ငါးဦးတို့ကို စတင်စစ်ဆေးခဲ့ပြီး အမှုကို ယခုရက်သတ္တပတ် မတ် ၁၉ ရက်မှ ၂၂ ရက်အထိ ရုံးချိန်းများကို ဆက်တိုက်ချိန်းဆို၍ အမှုကိုစစ်ဆေးခဲ့ကာ မတ် ၂၂ ရက်တွင် အမှုကို စွဲချက်တင်ကြောင်း အမိန့်ချမှတ်ခဲ့သည်။

အသက် နှစ်နှစ်နှင့်ငါးလကျော်အရွယ် မိန်းကလေးငယ်ကို အဓမ္မပြုကျင့်သတ်ဖြတ်ခဲ့သူ ဖြိုးထက်အောင်ကို ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၇ ရက်က မတ္တရာမြို့နယ် တရားရုံးတွင် ရုံးထုတ်ရမန်ယူခဲ့ပြီးနောက် မတ် ၁၂ ရက်တွင် ပြင်ဦးလွင်ခရိုင် တရားရုံးသို့ ပြောင်းရွှေ့ကာ ရာကြီးမှုအမှတ် ၃၉/၂၀၁၈၊ ရာဇသတ်ကြီးဥပဒေပုဒ်မ မုဒိမ်းမှု ၃၇၆၊ လူသတ်မှု ၃၀၂ တို့ဖြင့် စတင်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

ယင်းကဲ့သို့ တရားစွဲဆိုခဲ့ပြီးနောက် အမှုအား ရက်ပိုင်းအတွင်းပင် ပြင်ဦးလွင်ခရိုင် တရားရုံးက ပြန်လည် ချိန်းဆိုခဲ့ပြီး မတ် ၁၅ ရက် ရုံးချိန်းတွင် အမှုနှင့်ပတ်သက်၍ ရှေ့နေပါဝါတင်ပြခဲ့ကာ အမှုကို မတ် ၁၆ ရက်တွင် စတင်စစ်ဆေးမှု ပြုလုပ်ခဲ့သည်။

ဖြစ်စဉ်မှာ ဖေဖော်ဝါရီ ၁၃ ရက်က မတ္တရာမြို့နယ်၊ ဥဒိန်ကျေးရွာအုပ်စု၊ မြွေကူးတိုးဆိပ်ကျေးရွာနေ အသက်နှစ်နှစ်ကျော်အရွယ် မိန်းကလေးငယ်အား ဝန်စုကျေးရွာနေ အသက် ၂၅ နှစ်အရွယ် ဖြိုးထက်အောင်က ကလေးငယ်အားပွေ့ချီ၍ ကျေးရွာအနီးရှိ ငှက်ပျောတောထဲတွင် အဓမ္မပြုကျင့်၍ သတ်ဖြတ်မှုဖြစ်ပွားခဲ့ကြောင်း၊ ထိုသို့ကလေးငယ်ကို အဓမ္မပြုကျင့်ရာတွင် ကလေးငယ်၏ ပါးစပ်အတွင်းသို့ ငှက်ပျောသီးများအပြည့်ထည့်၍ ကလေးငယ် မအော်ဟစ်နိုင်ရန်အတွက် ပြုလုပ်ခဲ့ပြီး ကလေးငယ်ကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အခင်းဖြစ်စဉ် မှတ်တမ်းများအရ သိရသည်။

Most Read

Most Recent