မျိုးသုဉ်းတော့မည် အန္တရာယ်နှင့်ရင်ဆိုင်နေရသော ဟိမဝန္တာဝက်ဝံနှစ်ကောင်ကို ထမံသီဘေးမဲ့တောအတွင်း ပြန်လွှတ်မည်

မျိုးသုဉ်းတော့မည် အန္တရာယ်နှင့်ရင်ဆိုင်နေရသော ဟိမဝန္တာဝက်ဝံနှစ်ကောင်ကို ထမံသီဘေးမဲ့တောအတွင်း ပြန်လွှတ်မည်
Published 16 August 2017

 

ထမံသီတောအတွင်း ပြန်လွှတ်ပေးမည့် ဟိမဝန္တာဝက်ဝံအမျိုးအစား ဝက်ဝံနှစ်ကောင်ကို တွေ့ရစဉ်

မျိုးသုဉ်းတော့မည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ဟိမဝန္တာဝက်ဝံနှစ်ကောင်ကို ခန္တီးခရိုင် သစ်တောဦးစီးဌာနမှ ထမံသီ ဘေးမဲ့တောအတွင်း ပြန်လွှတ်ပေးရန်အတွက် သြဂုတ် ၁၅ ရက် နံနက် ၁၁ နာရီက ရေကြောင်းခရီးဖြင့် ထမံသီကျေးရွာသို့ ရောက်ရှိလာသည်ဟု သိရသည်။

“ဒီကနေ့ မနက် ခန္တီးခရိုင်သစ်တောက လာပို့တာပါ။ မနက် ၁၁ နာရီလောက်က ခန္တီး အစုန်နဲ့ပါလာတာ။ ကျွန်တော်တို့က ထမံသီဘေးမဲ့တောက ဝန်ထမ်းတွေနဲ့ သွားယူကြတာပါ။ ဝက်ဝံကြီး အမျိုးအစားပါ။ ဒီတောထဲမှာက မလေးဝက်ဝံနဲ့ ဝက်ဝံကြီး (ဟိမဝန္တာဝက်ဝံ) ဆိုပြီး နှစ်မျိုးရှိပါတယ်။ မလေးဝက်ဝံကြတော့ ရင်ဘတ်ပေါ်မှာ U ပုံစံလေးနဲ့။ ဝက်ဝံကြီး (ဟိမဝန္တာဝက်ဝံ) ကြတော့ V ပုံစံပါတယ်။ အခုရောက်လာတဲ့ ဝက်ဝံက အမွေး နည်းနည်းထူတယ်။ မလေးဝက်ဝံက အမွေး နည်းနည်းပါးတယ်။ ထမံသီဘေးမဲ့တောထဲမှာ အရင်တုန်းက မလေးဝက်ဝံတစ်ကောင်ကို လွှတ်ပေးဖူးတယ်။ အခု ဝက်ဝံတွေက မျိုးသုဉ်းဖို့ အလားအလာရှိတဲ့ မျိုးစိတ်မှာပါ ဝင်နေပါတယ်” ဟု ထမံသီကျေးရွာရှိ WCS အဖွဲ့မှ ကိုစန်းလွင်က ပြောကြားသည် ။

အဆိုပါ ဝက်ဝံနှစ်ကောင်သည် အမများဖြစ်ပြီး Asian Black Bear (သိပ္ပံအမည် = Ursus Thibetanus)  မြန်မာအခေါ် ဟိမဝန္တာ ဝက်ဝံဖြစ်ပြီး ကမ္ဘာပေါ်တွင် မျိုးသုဉ်းမည့် အန္တရာယ်နှင့် ရင်ဆိုင်နေရသော ဝက်ဝံမျိုးစိတ်ဖြစ်ကြောင်း သိရသည်။

“ခန္တီးခရိုင်သစ်တောဌာနကနေပြီး လာပို့တာပါ။ ဝက်ဝံနာမည်က  Asian Black Bear  (ဟိမဝန္တာဝက်ဝံ)၊ ကျွန်တော်တို့ ခန့်မှန်းတာက တစ်နှစ်သားလောက်ပဲရှိဦးမှာပါ။   အရွယ်အစားက လုံးပတ်က ၁ ပေ ၈ လက်မ၊ အရပ်က ၁ ပေ ၄ လက်မ၊ ဘော်ဒီအရှည် ၂ ပေ ၈ လက်မပါ။ မျိုးသုဉ်းမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဝက်ဝံတွေပါ။ တောထဲကို လွှတ်ပေးသွားမှာပါ” ဟု ထမံသီဘေးမဲ့တောမှ တောခေါင်းဦးမျိုးခိုင်က သြဂုတ် ၁၅ ရက် က ပြောကြားသည်။

Most Read

Most Recent