ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ပြေးလာပြီး မောင်တောမြို့နယ်အတွင်းသို့ တစ်လအတွင်း ရောက်ရှိခိုလှုံသူ ရခိုင်၊ ဒိုင်းနက်နှင့် မြိုလူမျိုး ၃၀၀ ကျော်ရှိနေပြီး လတ်တလောတွင် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိ

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ပြေးလာပြီး မောင်တောမြို့နယ်အတွင်းသို့ တစ်လအတွင်း ရောက်ရှိခိုလှုံသူ ရခိုင်၊ ဒိုင်းနက်နှင့် မြိုလူမျိုး ၃၀၀ ကျော်ရှိနေပြီး လတ်တလောတွင် စားနပ်ရိက္ခာများ လိုအပ်လျက်ရှိ
Published 22 March 2018

သစ်တုံးနားခွဆုံကျေးရွာသို့ ရောက်ရှိနေသူများအား အလှူအဖွဲ့တစ်ခုက လှူဒါန်းနေသည်ကို မတ် ၂၀ ရက်က တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ထွက်ပြေးလာပြီး မောင်တောမြို့နယ်အတွင်းသို့ တစ်လအတွင်း ရောက်ရှိခိုလှုံသူ ရခိုင်၊ ဒိုင်းနက်နှင့် မြိုလူမျိုး ၃၀၀ ကျော်ရှိနေပြီး လတ်တလော စားနပ်ရိက္ခာ လိုအပ်လျက်ရှိနေကြောင်း သိရသည်။

လက်ရှိတွင် မောင်တောမြို့နယ်မြောက်ပိုင်း အောင်သပြေကျေးရွာ စာသင်ကျောင်းတွင် ရောက်ရှိခိုလှုံနေသူ ရခိုင်အိမ်ထောင်စု ၂၄ စု (စုစုပေါင်း လူဦးရေ ၈၁ ဦး)၊ သစ်တုံးနားခွဆုံကျေးရွာသစ်တွင် မြိုလူမျိုး အိမ်ထောင်စု ၃၀ နှင့် ဒိုင်းနက်လူမျိုး အိမ်ထောင်စု လေးစု (စုစုပေါင်း လူဦးရေ ၁၈၂ ဦး) နှင့် သုပဏ္ဏကကျေးရွာတွင် မြိုလူမျိုးအိမ်ထောင်စု ၁၁ စု (လူဦးရေ ၆၃ ဦး) ရောက်ရှိနေခြင်းဖြစ်ပြီး စုစုပေါင်း အိမ်ထောင်စု ၆၉ စု (လူဦးရေ ၃၂၆ ဦး) ရောက်ရှိနေခြင်းဖြစ်ကြောင်း သိရသည်။

ဘင်္ဂါလီများ၏ ခြိမ်းခြောက်မှုကို ခံရသည့်အပြင် စားဝတ်နေရေး ခက်ခဲလာသည့်အတွက် ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် နေထိုင်ခဲ့ရာမှ မြန်မာနိုင်ငံ မောင်တောမြို့နယ်သို့ ဝင်ရောက် ခိုလှုံလာကြခြင်းဖြစ်ကြောင်း သိရသည်။

မောင်တောမြောက်ပိုင်း အောင်သပြေကျေးရွာသို့ ရောက်ရှိနေသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာဘန်ခရိုင် တန်းဆိပ်မြို့နယ် မော်တုတ်ကြီးကျေးရွာမှ ပြောင်းရွှေ့လာသူ တစ်ဦးက “အရင်တုန်းကတော့ လာဖို့ စီးပွားရေးလုပ်ခွင့် ရခဲ့တယ်။ ဒါပေမဲ့ ၂၀၁၆ ခုနှစ် နောက်ပိုင်းမှာ ဘာမှမရ ဖြစ်လာတယ်။ ကျွန်တော်တို့ဟာ နိုင်ငံသား ဖြစ်ပေမယ့် ဘင်္ဂလားဒေ့ရှ်အစိုးရက စောင့်ရှောက်တာ မရှိဘူး။ အခုဆိုရင် မြန်မာနိုင်ငံဘက်ကို ပြောင်းရွှေ့လာချင်ကြတဲ့ အိမ်ထောင်စုတွေ အများကြီးရှိတယ်။ သူတို့မှာ မြို့လမ်းက လာဖို့ဟာ ငွေကြေးအခက်အခဲ ရှိတယ်။ ကျွန်တော်တို့က တောလမ်းက လာတာ။ ဒါပေမဲ့ တောလမ်းက လာမယ်ဆိုရင်တောင် လမ်းမသိတော့ အခက်အခဲရှိတယ်။ အခု ကျွန်တော်တို့ အိမ်ထောင်စု ၂၄ စု ပြောင်းလာတာပါ။ အခုလတ်တလော လိုအပ်ချက်ကတော့ စားနပ်ရိက္ခာနဲ့ အဝတ်အထည် ဖြစ်ပါတယ်”ဟု ပြောကြားသည်။

၂၀၁၈ နှစ်ဆန်းပိုင်း ဖေဖော်ဝါရီ ၂၁ ရက်မှစ၍ မြန်မာနိုင်ငံ မောင်တောမြို့နယ်အတွင်းသို့ ပြောင်းရွှေ့ ရောက်ရှိလာကြခြင်းဖြစ်ပြီး အဆိုပါ ပြောင်းရွှေ့လာသူများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာဘန်ခရိုင် တန်းဆိပ်မြို့နယ် မော်တုတ်ကြီးကျေးရွာမှ ရခိုင်မိသားစု ၂၄ စု (လူဦးရေ ၈၁ ဦး) သည် မောင်တောမြို့နယ် မြောက်ပိုင်း အောင်သပြေကျေးရွာ စာသင်ကျောင်းတွင် ခိုလှုံ ရောက်ရှိနေကြပြီး သစ်တုံးနားခွဆုံကျေးရွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘန်ဒရာဘန်ခရိုင် တန်းဆိပ်မြို့နယ် လမားကျေးရွာမှ မြိုမိသားစု ၃၀ (လူဦးရေ ၁၅၅ ဦး) နှင့် ဒိုင်းနက် မိသားစုလေးစု (လူဦးရေ ၂၇ ဦး)၊ သုပဏ္ဏက ကျေးရွာတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ အလယ်ခေါ်တော်ခရိုင် ဘော်ဘီတီကျေးရွာမှ မြိုမိသားစု ၁၁ စု (လူဦးရေ ၆၃ ဦး) တို့ ရောက်ရှိ ခိုလှုံနေကြကြောင်း သိရသည်။

မောင်တောဒေသသို့ ဝင်ရောက် ခိုလှုံသူများအား နေရာချထားစဉ်

“အခုဆိုရင် အောင်သပြေ၊ သုပဏ္ဏကနဲ့ သစ်တုံးနားခွဆုံရွာတွေမှာ စုစုပေါင်း အိမ်ထောင်စု ၆၉ စု ရောက်နေပြီ။ လွန်ခဲ့တဲ့ တစ်ရက်နှစ်ရက်အတွင်းက သစ်တုံးနားခွဆုံရွာကို ဒိုင်းနက် မိသားစုလေးစု ထပ်ဝင် ရောက်ရှိလာတယ်။ အရင်က သစ်တုံးနားခွဆုံရွာမှာ မြိုမိသားစုတွေ ရှိတာပါ။ သူတို့တွေကို ယာယီတဲတွေ ပေးထားတာတွေ့ရတယ်။ နောက် သုပဏ္ဏကရွာမှာလည်း မြိုမိသားစုတွေ ရောက်နေတယ်။ အောင်သပြေရွာ စာသင်ကျောင်းမှာ ရောက်နေတဲ့ သူတွေကတော့ ရခိုင်လူမျိုးတွေ ဖြစ်တယ်။ ကျွန်တော်တို့ အရေးပေါ် ထောက်ပံ့ကူညီရေးကော်မတီ (မောင်တော) က မနေ့ကသွားပြီး အိမ်ထောင်စုတစ်စု ဆန်တစ်အိတ်နဲ့ ဆီ၊ ငရုတ်၊ ငါးခြောက်၊ ထိုင်းဖျာ၊ စောင်၊ ခြင်ထောင်၊ ပန်းကန်လုံး၊ ငါးသေတ္တာ၊ အမျိုးသမီးဝတ် ထဘီတွေ သွားထောက်ပံ့ပေးခဲ့ပါတယ်” ဟု မောင်တောမြို့ အရေးပေါ် ကူညီထောက်ပံ့ရေးကော်မတီမှ ဦးစိန်လှဖြူက ပြောကြားသည်။

ယင်းမတိုင်မီ ဖေဖော်ဝါရီ ၂၂ ရက်ကလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ဦးမောင်အေးစိန် (၇၂ နှစ်) ပါ ခြောက်ဦး (ကျား ၄၊ မ ၂) တို့ သည် မောင်တောမြို့နယ် နံ့သာတောင်ကျေးရွာသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။ ၎င်းတို့မှာ နေထိုင် စားသောက်ရေး ခက်ခဲခြင်း၊ အစ္စလာမ် ဘာသာဝင်အချို့က လူမျိုးရေး၊ စီးပွားရေး အနိုင်ကျင့် ခြိမ်းခြောက်ခြင်းတို့ကြောင့် မြန်မာနိုင်ငံသို့ ဝင်ရောက်လာခြင်းဖြစ်ပြီး လက်ရှိတွင် အဆိုပါပြောင်းရွှေ့ ဝင်ရောက်လာသူများအား ရဲတပ်ဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနတို့မှ ဝန်ထမ်းများ ပါဝင်သော ပူးပေါင်းအဖွဲ့ဖြင့် စစ်ဆေးလျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် မောင်တောနယ်စပ် အကြမ်းဖက်တိုက်ခိုက်မှုဖြစ်ပြီးနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် လူနည်းစု တိုင်းရင်းသားများအား ဘင်္ဂါလီများက ခြိမ်းခြောက် အနိုင်ကျင့်ခံ လာရသဖြင့် ရခိုင်လူမျိုးနှင့် မြိုမျိုးနွယ်စု ထောင်နှင့်ချီ မောင်တောမြို့နယ်သို့ ဝင်ရောက် ခိုလှုံလျက်ရှိကြောင်း သိရသည်။

၂၀၁၂ ခုနှစ် ပဋိပက္ခနောက်ပိုင်း ဝင်ရောက်လာသူများထဲမှ အသက် ၁၈ နှစ်ပြည့် ပြီးသူများအား လဝကက သုံးနှစ် ပြည်တွင်းဝင်ရောက်နေထိုင်ခွင့် လက်မှတ်နှင့် အိမ်ထောင်စုစာရင်းများ ထုတ်ပေးခဲ့ကြောင်း သိရသည်။

 

Most Read

Most Recent