ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် တာဝန်မှနုတ်ထွက်သွားပြီး သမ္မတနေရာတွင် အစားထိုးခန့်အပ်ခံရဖွယ်ရှိသူအဖြစ် သတင်းထွက်ပေါ်နေ

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် တာဝန်မှနုတ်ထွက်သွားပြီး သမ္မတနေရာတွင် အစားထိုးခန့်အပ်ခံရဖွယ်ရှိသူအဖြစ် သတင်းထွက်ပေါ်နေ
Published 22 March 2018

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် တာဝန်မှနုတ်ထွက်သွားပြီး လစ်လပ်သွားသည့် နိုင်ငံတော်သမ္မတရာထူးနေရာတွင် အစားထိုးခန့်အပ်ခံရဖွယ်ရှိသူအဖြစ် သတင်းထွက်ပေါ်လျက်ရှိကြောင်း သိရသည်။

ဦးဝင်းမြင့်အနေဖြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ်မှ နုတ်ထွက်ကြောင်း မတ် ၂၁ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ပြည်သူ့လွှတ်တော် သတ္တမပုံမှန်အစည်းအဝေး ၃၀ ရက်မြောက်နေ့တွင် ပြည်သူ့လွှတ်တော် ဒုတိယဥက္ကဋ္ဌ ဦးတီခွန်မြတ်က ကြေညာခဲ့သည်။

ထိုကဲ့သို့ ဦးဝင်းမြင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်မှ နုတ်ထွက်ကြောင်း နုတ်ထွက်စာကို မတ် ၂၁ တွင် တင်ခဲ့ခြင်းဖြစ်ပြီး နုတ်ထွက်စာတွင် မည်သည့်အကြောင်းကြောင့် နုတ်ထွက်သည်ကို ဖော်ပြထားခြင်းမရှိကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည်လည်း လက်ရှိသမ္မတတာဝန်မှ နုတ်ထွက်ကြောင်း မတ် ၂၁ ရက်တွင် နိုင်ငံတော်သမ္မတရုံးက ထုတ်ပြန်ကြေညာခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော် နုတ်ထွက်သွားခြင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်မှ ဦးဝင်းမြင့် နုတ်ထွက်သွားခြင်းသည် တိုက်ဆိုင်နေသောကြောင့် လစ်လပ်လျက်ရှိသည့် သမ္မတနေရာအတွက် ခန့်အပ်ရန်ဖြစ်ကြောင်း သတင်းများထွက်ပေါ်နေခြင်းဖြစ်သည်။

ထို့အတူ နိုင်ငံတော်သမ္မတ ဦးထင်ကျော် နုတ်ထွက်ခြင်းနှင့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့် နုတ်ထွက်ခြင်းသည် ချိတ်ဆက်မှုများရှိနိုင်ကြောင်း ပြည်သူ့လွှတ်တော်၊ လွှတ်တော်အခွင့်အရေး ကော်မတီအတွင်းရေးမှူး ဒေါက်တာလှမိုးက ပြောကြားသည်။

“လုပ်ထုံးလုပ်နည်းအရ နိုင်ငံတော်သမ္မတရာထူးကနေ နုတ်ထွက်ပြီးတဲ့အခါမှာ ရုံးဖွင့်ရက်ခုနစ်ရက်အတွင်း နိုင်ငံတော်သမ္မတကို ပြန်လည်ပြီးတော့ အစားထိုးရွေးချယ်ရမှာဖြစ်ပါတယ်။ ပထမဆုံးစလုပ်ရမယ့် အလုပ်ကတော့ လွှတ်တော်ဥက္ကဋ္ဌလည်း ရာထူးကနုတ်ထွက်ကြောင်း လွှတ်တော်မှာ ကြေညာသွားတဲ့အတွက် လွှတ်တော်ဥက္ကဋ္ဌရာထူးကို အရင်ရွေးချယ်ရမှာဖြစ်ပါတယ်။ နိုင်ငံတော်သမ္မတကြီး ဦးထင်ကျော်က ပြည်သူ့လွှတ်တော်ကနေ ရွေးချယ်တင်မြှောက်ထားတာ ဖြစ်တဲ့အတွက်ကြောင့် ပထမဆုံး ပြည်သူ့လွှတ်တော်ကနေ ဒုတိယသမ္မတလောင်းတစ်ဦးကို ရွေးချယ်ရမှာဖြစ်ပါတယ်။ ဒုတိယသမ္မတလောင်းတစ်ဦးကို ရွေးပြီးတော့မှ ပြည်ထောင်စုလွှတ်တော်မှာ ဒုတိယသမ္မတလောင်း သုံးဦးထဲကမှ နိုင်ငံတော်သမ္မတကြီးကို ရွေးချယ်ရမှာဖြစ်ပါတယ်” ဟု ဒေါက်တာလှမိုးက ပြောကြားသည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်အနေဖြင့် တာဝန်ထမ်းဆောင်ခဲ့သည့် သက်တမ်းအတွင်း အားရကျေနပ်လောက်အောင် လုပ်ပြနိုင်သော ဆောင်ရွက်ချက်များနည်းပါးပြီး ဦးဝင်းမြင့်အနေဖြင့် အစိုးရနှင့် လွှတ်တော်နှစ်ခုကြား Check and Balance ဖြစ်အောင် ထိန်းကျောင်းနိုင်ခဲ့သဖြင့် ဦးဝင်းမြင့် သမ္မတဖြစ်မည်ဆိုပါက ကြိုဆိုကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

“သမ္မတရဲ့တာဝန်တွေ၊ ဝတ္တရားတွေထဲမှာပါတဲ့ ကိစ္စရပ်တွေက အများကြီးပဲလေ။ အဓိက,ကတော့ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့ လုပ်ဆောင်ဖို့ပေါ့။ ပြီးတော့ သမ္မတကအစိုးရတစ်ခုလုံးကို ထိန်းကျောင်းရမှာလေ။ ဦးဝင်းမြင့်အနေနဲ့ သမ္မတဖြစ်ခဲ့ရင်တော့ အစိုးရကို နိုင်နိုင်နင်းနင်း ကိုင်တွယ်ဖို့လိုတယ်။ နိုင်ငံတော်ရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အဓိက,ကတော့ စီးပွားရေးပေါ့။ ဒါတွေနဲ့ပတ်သက်တဲ့ ကိစ္စရပ်တွေကို သူဘယ်လောက်အထိ လုပ်နိုင်မလဲဆိုတာ ကျွန်မတို့ စောင့်ကြည့်ရမှာပေါ့။ အရေးကြီးတာတော့ တိုင်းပြည်ရဲ့စီးပွားရေးကို ဦးမော့လာဖို့နဲ့ လက်ရှိရှိနေတဲ့ နိုင်ငံတော်ရဲ့အကျပ်အတည်းတွေ ဒါတွေအကုန်လုံးကလည်း သမ္မတတစ်ယောက်ရဲ့ လုပ်ရမယ့်လုပ်ငန်းတွေက အများကြီးရှိတယ်လေ။ ဒါတွေကိုတော့ စောင့်ကြည့်ရမယ့်အခြေအနေပေါ့” ဟု ဒေါ်ခင်စန်းလှိုင်က ပြောကြားသည်။

ထိုသို့ လစ်လပ်သွားသည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌနေရာအတွက် ပြန်လည်ရွေးကောက်တင်မြှောက်ခြင်းကို မတ် ၂၂ ရက် (ယနေ့) တွင် ပြည်သူ့လွှတ်တော်၌ ပြုလုပ်မည်ဖြစ်သည်။

ဦးဝင်းမြင့်ကို ၁၉၅၁ ခုနှစ် နိုဝင်ဘာ ၈ ရက်တွင် ဦးထွန်းကြည်၊ ဒေါ်စန်းတို့က ဧရာဝတီတိုင်းဒေသကြီး ဓနုဖြူမြို့နယ် ညောင်ပင်ချောင်ရွာတွင် မွေးဖွားခဲ့ပြီး ရန်ကုန်ဝိဇ္ဇာနှင့် သိပ္ပံတက္ကသိုလ်မှ ဘွဲ့ရခဲ့ပြီးနောက် ၁၉၈၅ ခုနှစ်မှစတင်ကာ တရားလွှတ်တော်ရှေ့နေအဖြစ် လုပ်ကိုင်ခဲ့သည်။ ထို့နောက် နိုင်ငံရေးလောကတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသို့ ဝင်ရောက်လှုပ်ရှားဆောင်ရွက်မှုများကြောင့် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည်။

ထိုသို့ ဖမ်းဆီးထိန်းသိမ်းခံရခြင်းမှ လွတ်မြောက်လာပြီးနောက် ၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု၍ ပုသိမ်မဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးကောက်ခံခဲ့ရသည်။

၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကိုယ်စားပြု တာမွေမဲဆန္ဒနယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံရပြီး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌအဖြစ် ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်တွင် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။

ဦးဝင်းမြင့်သည့် ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌတာဝန်အပြင် NLD ပါတီတွင် ပါတီဗဟိုအလုပ်အမှုဆောင်အဖွဲ့ အတွင်းရေးမှူးအဖွဲ့ဝင်အဖြစ်လည်း တာဝန်ထမ်းဆောင်လျက်ရှိသည်။

Most Read

Most Recent