ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်ဘီးခွန်များကို အင်ဂျင်ပါဝါဖြင့် တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး တစ်နှစ်လျှင် အနည်းဆုံး ကျပ် ၃၆၅၀၀ မှ အများဆုံး ကျပ် ၁၀၉၅၀၀ အထိ ကျသင့်မည်

ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်ဘီးခွန်များကို အင်ဂျင်ပါဝါဖြင့် တိုးမြှင့်ကောက်ခံမည်ဖြစ်ပြီး တစ်နှစ်လျှင် အနည်းဆုံး ကျပ် ၃၆၅၀၀ မှ အများဆုံး ကျပ် ၁၀၉၅၀၀ အထိ ကျသင့်မည်
Published 22 March 2018

ရန်ကုန်တိုင်းအတွင်း သွားလာလျက်ရှိသည့် မော်တော်ယာဉ်အချို့အား တွေ့ရစဉ် (ဓာတ်ပုံ-ကျော်ဇင်ဖြိုး)

ရန်ကုန်တိုင်းအတွင်း မော်တော်ယာဉ်ဘီးခွန်များအား တန်ချိန်ဖြင့်ကောက်ခံရာမှ အင်ဂျင်ပါဝါဖြင့် ကောက်ခံမည်ဖြစ်ပြီး တစ်နှစ်လျှင် အနည်းဆုံး ကျပ် ၃၆၅၀၀ မှ အများဆုံး ကျပ် ၁၀၉ç၅၀၀ အထိ ကျသင့်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီး ဦးမြင့်သောင်းက ပြောကြားသည်။

မတ် ၂၁ ရက်တွင်ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော် ဆဋ္ဌမပုံမှန်အစည်းအဝေး ၁၅ ရက်မြောက်တွင် ဝန်ကြီးဦးမြင့်သောင်းမှ ၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး၏ အခွန်အခဥပဒေကြမ်းအား လွှတ်တော်သို့ ရှင်းလင်းတင်ပြခြင်းနှင့် ဥပဒေကြမ်းတင်သွင်းရာတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။

“ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေနဲ့ ၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အခွန်အခဥပဒေမူကြမ်းရေးဆွဲရာမှာ အခွန်ကောက်နေတဲ့ဌာနများနဲ့ ညှိနှိုင်းပြီးတော့ ခေတ်နဲ့ညီတဲ့ နှုန်းထားများဖြစ်စေဖို့အတွက်ကို ပြင်ဆင်ခဲ့ရာမှာ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့နဲ့ ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနတို့ရဲ့ လေ့လာချက်အရ ယာဉ်တန်ချိန် ဝိတ်အလိုက် ဘီးခွန်ကောက်ခံတဲ့စနစ်ကနေပြီးတော့ အခြားနိုင်ငံများမှာလည်း ကျင့်သုံးနေတဲ့ အင်ဂျင်ပါဝါပေါ်မှာ အခြေခံတဲ့ကောက်ခံတဲ့စနစ်ကို ပြောင်းလဲကောက်ခံဖို့ စီစဉ်ဆောင်ရွက်ပါတယ်။ အဲဒီလိုကောက်ခံတဲ့အခါမှာ အခွန်အခများလည်း တိုးတက်ရရှိလာမယ်လို့ ခန့်မှန်းရရှိပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန၏ စာရင်းဇယားများအရ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်တွင် မှတ်ပုံတင်ထားသည့် ယာဉ်ပေါင်း ၁၉၄၄၀၇ စီးမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဇူလိုင်လကုန်အထိ ၅၂၉၄၃၇ စီးအထိ များပြားလာသော်လည်း ယာဉ်များ၏ကောက်ခံသည့် ဘီးခွန်သည် စုစုပေါင်းပျမ်းမျှ ကျပ်နှစ်ဘီလျံခန့်သာ ရရှိခဲ့ကြောင်း၊ ထို့ကြောင့် ၂၀၁၈ ခုနှစ် တိုင်းဒေသကြီး အခွန်အခဥပဒေပါ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ တင်ပြထားသောနှုန်းထားများဖြင့် ပြင်ဆင်ကောက်ခံပါက ဘီးခွန်မှရငွေသည် ယခင်နှစ်များထက် ပိုမိုရရှိလာနိုင်မည်ဖြစ်ကြောင်း၊ ရန်ကုန်တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့မှလည်း ဘီးခွန်နှုန်းထားများကို အတည်ပြုပြီးဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

“၂၀၁၈ ခုနှစ် ရန်ကုန်တိုင်းဒေသကြီး အခွန်အခဥပဒေမူကြမ်းမှာ ပြင်ဆင်ပြဋ္ဌာန်းမယ့် နှုန်းထားများကတော့ ၃၈ ချက်ဖြစ်ပါတယ်။ ၃၈ ချက်မှာ အဓိကကောက်နှုတ်ပြီးတော့ တင်ပြရမယ်ဆိုရင် ပထမအချက်အနေနဲ့ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တို့မှ ကောက်ခံလျက်ရှိတဲ့ မော်တော်ယာဉ်ဘီးခွန်နှုန်းထားများ ပြင်ဆင်ထားခြင်းပဲဖြစ်ပါတယ်။ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ တိုင်းဒေသကြီး စည်ပင်သာယာရေးအဖွဲ့တို့မှ မော်တော်ယာဉ်ဘီးခွန်များကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးရုံးများမှာ သီးခြားရုံးများဖွင့်ပြီးတော့ ကောက်ခံလျက်ရှိပါတယ်။ လက်ရှိကောက်ခံနေတဲ့ နှုန်းထားများက ၁၉၉၇ ခုနှစ်ကတည်းက စတင်ကောက်ခံခဲ့တဲ့ နှုန်းထားများဖြစ်ပါတယ်” ဟု ဝန်ကြီးဦးမြင့်သောင်းက ပြောကြားသည်။

ပြောင်းလဲကောက်ခံမည့် နှုန်းထားများသည် အင်ဂျင်ပါဝါ ၆၆၀ CC အောက် တစ်ရက်လျှင် ကျပ် ၁၀၀၊ တစ်နှစ်လျှင် ကျပ် ၃၆၅၀၀၊ ၆၆၀ CC မှ ၁၃၀၀ CC အထိ တစ်ရက် ကျပ် ကျပ် ၁၅၀၊ တစ်နှစ်လျှင် ကျပ် ၅၄၇၅၀၊ ၁၃၀၁ CC မှ ၂၀၀၀ CC အထိ တစ်ရက် ကျပ် ၂၀၀၊ တစ်နှစ်လျှင် ကျပ် ၇၃၀၀၀၊ ၂၀၀၁ CC မှ ၄၃၀၀ CC အထိ တစ်ရက် ကျပ် ၂၅၀ မှ တစ်နှစ်လျှင် ၉၁၂၅ ကျပ်နှင့် ၄၃၀၁ CC နှင့်အထိ တစ်ရက် ကျပ် ၃၀၀၊ တစ်နှစ်လျှင် ကျပ် ၁၀၉၅၀၀ အထိ ကျသင့်မည်ဖြစ်ကြောင်း သိရသည်။

၁၉၉၇ ခုနှစ်ကစပြီး ကောက်ခံခဲ့သည့် ယခင်ဘီးခွန်နှုန်းထားများသည် မော်တော်ဆိုင်ကယ် တစ်နှစ်လျှင် ၉၃၅ ကျပ်၊ ဆလွန်း၊ ဆီဒင်၊ ဂျစ်၊ စတေရှင်ဝက်ဂွန်၊ မိုက်ခရိုဘတ်စ်က ကျပ် ၂၃၀၀၊ လိုက်ဗန် ၁၅၀၀ CC အထိ ကျပ် ၁၃၈၀၊ လိုက်ဗန် ၁၅၀၀ CC အထက် ၁၄၉၅ ကျပ်၊ ပစ်ကပ် ၁၀၀၀ CC အထိ ကျပ် ၁၃၈၀၊ ပစ်ကပ် ၁၀၀၀ CC အထက် ၁၄၉၅ ကျပ်၊ လိုက်ထရက် ၂၀၀၀ မှ ၃၀၀၀ CC အထိ ၁၄၉၅ ကျပ်၊ ထရပ်နှင့် ထရပ်တာများအားလုံး ၃၀၀၀ CC မှ ၁၀၀၀၀ CC အထိ ကျပ် ၁၉၂၀ မှ ကျပ် ၄၃၂၀ အထိ၊ ထရေလာများသည် တန်ချိန် ၂၀ အထက် ကျပ် ၁၅၆၀၊ ဘတ်စ်ကား ၃၀၀၀ မှ ၄၀၀၀ CC အထိ ကျပ် ၁၈၀၀၊ ၄၀၀၀ CC အထက် ကျပ် ၂၀၄၀ ဖြင့် ကောက်ခံခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Most Read

Most Recent