ဝတ္တရားနှောင့်ယှက်မှုဖြင့် ထောင်ဒဏ်လေးလချမှတ်ခံရသည့် မဇာဇာထွန်းနှင့် တရားရုံးများ၊ တရားသူကြီးများကို လူမှုကွန်ရက်တွင် ပြောဆိုခြင်းကြောင့် ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသော အဆိုတော်တသသတို့နှင့်ပတ်သက်၍ မန္တလေးတိုင်း တရားရေးဘက်က ရှင်းလင်း

ဝတ္တရားနှောင့်ယှက်မှုဖြင့် ထောင်ဒဏ်လေးလချမှတ်ခံရသည့် မဇာဇာထွန်းနှင့် တရားရုံးများ၊ တရားသူကြီးများကို လူမှုကွန်ရက်တွင် ပြောဆိုခြင်းကြောင့် ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသော အဆိုတော်တသသတို့နှင့်ပတ်သက်၍ မန္တလေးတိုင်း တရားရေးဘက်က ရှင်းလင်း
Published 21 March 2018

မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင်ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲအား တွေ့ရစဉ်

ဝတ္တရားနှောင့်ယှက်မှုဖြင့် ထောင်ဒဏ်လေးလ ချမှတ်ခံရသည့် မဇာဇာထွန်းနှင့် တရားရုံးများ၊ တရားသူကြီးများကို လူမှုကွန်ရက်တွင် ပြောဆိုခြင်းကြောင့် ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ခံထားရသော အဆိုတော်တသသတို့နှင့် ပတ်သက်၍ မန္တလေးတိုင်းတရားရေးဘက်မှ ရှင်းလင်းပွဲကို မန္တလေးတိုင်းဒေသကြီး တရားလွှတ်တော်တွင် မတ် ၂၀ ရက်က ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

ပြည်ကြီးတံခွန်မြို့နယ်နှင့် စဉ့်ကူးမြို့နယ် တရားရုံးတို့တွင် ဖြစ်ပွားခဲ့သည်တို့နှင့်ပတ်သက်ပြီး ရှင်းလင်းပွဲကို မန္တလေးခရိုင် တရားသူကြီး၊ မန္တလေးတိုင်းဒေသကြီး တရားရေးဦးစီးမှူးနှင့် ပြင်ဦးလွင်ခရိုင် တရားသူကြီးတို့က ရှင်းလင်းခဲ့ကြခြင်းဖြစ်သည်။

အထက်ပါတရားရုံးများတွင် ဖြစ်ပွားခဲ့သည့် လူမှုကွန်ရက်စာမျက်နှာများတွင် ပျံ့နှံ့နေသည့် ဖြစ်ရပ်များနှင့်ပတ်သက်ပြီး ဖြစ်စဉ်အမှန်များကို ပြည်သူများသိရှိစေရန် ရှင်းလင်းရခြင်းဖြစ်ကြောင်း၊ ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင် ဖြစ်ပွားခဲ့သော မဇာဇာထွန်းကို ပုဒ်မ ၂၂၈ ဖြင့်စွဲဆိုခဲ့ပြီး နှစ်ရက်အတွင်း အမှုအပြီးစစ်ဆေးကာ အလုပ်နှင့် ထောင်ဒဏ်လေးလ ချခဲ့သည်နှင့်ပတ်သက်ပြီး မန္တလေးတိုင်းတရားလွှတ်တော်မှ တရားရေးဦးစီးမှူး ဒေါ်ခင်ခင်ချိုက ရှင်းလင်းခဲ့သည်။

ဖြစ်စဉ်နှင့်ပတ်သက်ပြီး တရားရုံး လုပ်ထုံးလုပ်နည်း၊ ဥပဒေနှင့်အညီသာ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ မဇာဇာထွန်းကို ရှေ့နေဖြင့် ခုခံချေပခွင့်မပေးခဲ့ခြင်းမှာလည်း မဟုတ်ကြောင်း စသည်တို့ကို ရှင်းလင်းခဲ့သည်။

ပြည်ကြီးတံခွန်မြို့နယ် NLD ပါတီဝင်ဖြစ်သူ မဇာဇာထွန်းအနေဖြင့် ၂၀၁၅ ခုနှစ်အတွင်းက ဖြစ်ပွားခဲ့သည့် မိသားစုချင်း အချင်းများခဲ့သည့်ကိစ္စနှင့်ပတ်သက်၍ တရားရုံးတွင် အမှုရင်ဆိုင်နေခဲ့ရာ အမှုပိတ်ပေးရန်အတွက် တရားသူကြီးထံ ပြောကြားခဲ့ရာမှတစ်ဆင့် ပုဒ်မ ၂၂၈ (နိုင်ငံ့ဝန်ထမ်းကို တာဝန်ဝတ္တရားနှောင့်ယှက်မှု) ဖြင့် တရားစွဲဆိုခံခဲ့ရပြီး နှစ်ရက်အတွင်း အမှုအပြီးအပြတ်စစ်ဆေးကာ အလုပ်နှင့်ထောင်ဒဏ်လေးလ ကျခံခဲ့ရသည့် ဖြစ်စဉ်နှင့်ပတ်သက်၍ ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

ထို့ပြင် Facebook စာမျက်နှာများတွင် ပျံ့နှံ့နေခဲ့သည့် အဆိုတော်တသသ၏ တရားရုံးများ၊ တရားသူကြီးများနှင့်ပတ်သက်ပြီး Live လွှင့်ကာ ပြောဆိုခဲ့မှုများနှင့်ပတ်သက်၍ စဉ့်ကူးမြို့နယ်တရားသူကြီးက တရားလိုပြုကာ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း၊ ယင်းအမှုနှင့်ပတ်သက်၍ တရားရုံးလုပ်ထုံးလုပ်နည်း၊ ဥပဒေအတိုင်းသာ ဆောင်ရွက်ခဲ့ကြောင်း ရှင်းလင်းခဲ့ခြင်းဖြစ်သည်။

အဆိုပါသတင်းစာရှင်းလင်းပွဲ၏ အဓိကအကြောင်းရင်းနှစ်ခုမှ သက်ဆိုင်သူများဖြစ်သည့် ဦးဇော်ဝင်းနှင့် အဆိုတော်တသသတို့သည် ယင်းရှင်းလင်းပွဲသို့ တက်ရောက်ရန် လာခဲ့ကြသော်လည်း ဝင်ရောက်ခွင့်မရခဲ့ကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ် တရားရုံးတွင်ဖြစ်ပွားခဲ့သည့် မဇာဇာထွန်းအမှုအား တရားမျှတစွာ ရင်ဆိုင်ခွင့်မရရှိဟုဆိုကာ ဦးဇော်ဝင်းက တရားခွင်ရှေ့ရှိ ဆိုင်းဘုတ်ကို ဖိနပ်ဖြင့်ပစ်ပေါက်ခဲ့သဖြင့် ပြည်ကြီးတံခွန်မြို့မရဲစခန်းတွင် (ပ) ၁၆၀/၂၀၁၈ ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၅၃/၂၂၈/၅၀၆ ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

စဉ့်ကူးမြိ့နယ် တရားရုံးရှေ့တွင် တရားစီရင်ရေးနှင့် ပတ်သက်ပြီး Live လွှင့်ပြောကြားခဲ့သည့် အဆိုတော်တသသကလည်း ၎င်းအား ၆၆ (ဃ) ဖြင့်စွဲဆိုထားသည်ကို ရင်ဆိုင်သွားမည်ဖြစ်သလို ၂၀၁၄ ခုနှစ်က ဖြစ်ပွားခဲ့သည့် သူမ၏ဖြစ်ရပ်များကို သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း မီဒီယာများကို ပြောကြားသည်။

Most Read

Most Recent