အစိုးရကို ဝေဖန်ပိုင်ခွင့်ရှိကြောင်းနှင့် ဝေဖန်မခံချင်ပါက နိုင်ငံရေး မလုပ်ရန်သာရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား

အစိုးရကို ဝေဖန်ပိုင်ခွင့်ရှိကြောင်းနှင့် ဝေဖန်မခံချင်ပါက နိုင်ငံရေး မလုပ်ရန်သာရှိကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြား
Published 20 March 2018

သြစတြေးလျနိုင်ငံသို့ ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို မတ် ၁၉ ရက် နံနက်ပိုင်းက သြစတြေးလျနိုင်ငံ လွှတ်တော်အဆောက်အအုံ၌ သြစတြေးလျနိုင်ငံ ဝန်ကြီးချုပ်က ဂုဏ်ပြုတပ်ဖွဲ့ဖြင့် ကြိုဆိုနေသည်ကို တွေ့ရစဉ် (MOFA Myanmar)

အစိုးရကို ဝေဖန်ပိုင်ခွင့်ရှိကြောင်းနှင့် ဝေဖန်မခံချင်ပါက နိုင်ငံရေးမလုပ်ရန်သာရှိကြောင်း သြစတြေးလျနိုင်ငံသို့ ချစ်ကြည်ရေးခရီး ရောက်ရှိနေသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မတ် ၁၉ ရက်တွင် သြစတြေးလျနိုင်ငံရှိ မြန်မာများအား တွေ့ဆုံသည့် အခမ်းအနား၌ အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

ထိုသို့တွေ့ဆုံရာတွင် အစိုးရတစ်ရပ်အနေဖြင့် ဖြေရှင်းကိုင်တွယ်ရန် ခက်ခဲသည့် ပြဿနာ အခြေအနေမှန်များကို ပြည်သူများ တရားဝင်သိရှိရေး၊ ပူးပေါင်းပါဝင်နိုင်ရေးကို ဘေးပယောဂ အနှောင့်အယှက်များ မကြီးပွားစေဘဲ အကောင်အထည် ဖော်စေချင်ကြောင်း၊ ရွေးကောက်ပွဲနိုင်စအချိန်တွင် အစိုးရအပေါ်၊ တိုင်းပြည်အပေါ် ပြည်သူများ ပူးပေါင်းပါဝင်ရေးစိတ်များ တက်ကြွနေခဲ့သော်လည်း ယခု အချိန်ကြာလာသည့်အခါတွင် သွေးအေးပြီး လူမှုကွန်ရက်တွင် ဝေဖန်မှုများ ကြီးပွားနေကြောင်း၊ ပြဿနာ အခြေအနေမှန်များကို ပြည်သူများအား တရားဝင်အသိပေးပြီး ပညာပေးပူးပေါင်းပါဝင်ရေး စီစဉ်နေမှု ရှိ၊ မရှိ သိလိုကြောင်း သြစတြေးလျနိုင်ငံရောက် မြန်မာတစ်ဦးက စာဖြင့်မေးမြန်းခဲ့သည်။

“ဝေဖန်ပိုင်ခွင့်ရှိတယ်။ အစိုးရဖြစ်လာရင် ဝေဖန်မှာပဲ။ ဒါဟာ ဘေးပယောဂတော့ ဘေးပယောဂပေါ့။ ဒါပေမဲ့ လူမှုကွန်ရက်တွေမှာ တက်နေတဲ့ဟာတွေက အရင်က တက်ကြွနေပေမယ့် အခုချိန်မှာ သွေးအေးပြီး လူမှုကွန်ရက်တွေက ဝေဖန်မှုတွေ ကြီးလာပါတယ်ဆိုတာ အဲဒါတော့ လုံးဝမှန်တယ်လို့ ပြောလို့မရပါဘူး။ ဝေဖန်မှုတွေလည်းရှိတယ်။ ထောက်ခံမှုတွေလည်း အင်မတန်မှ ကောင်းပါတယ်။ ကျွန်မတို့ အရေးကြီးပြီဆိုရင် သွေးစည်းမယ်ဆိုတဲ့ စိတ်ဓာတ်က ကျွန်မတို့ ပြည်သူ၊ ပြည်သားတွေထဲမှာ ရှိပြီးသားပါ။ ဝေဖန်မှုကတော့ ဝေဖန်မှာပဲ။ အစိုးရ တစ်ခုဆိုတာ အဝေဖန်မခံရဘဲနဲ့တော့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အခု ဒီလိုအင်မတန်မှ ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံ၊ ချမ်းသာနေတဲ့ နိုင်ငံမှာတောင်မှ အစိုးရကို မဝေဖန်တာရှိလို့လား။ ဒါကတော့ ရှင်းနေတာပဲ။ ဝေဖန်မခံချင်လို့ရှိရင်တော့ နိုင်ငံရေးမလုပ်ဖို့ပဲရှိတယ်။ ကျွန်မတို့အနေနဲ့လည်း ကျွန်မတို့ ဘာလုပ်နေတယ် ဆိုတာကို ပြည်သူကို အစဉ်တစိုက် အသိပေးခဲ့ပါတယ်” ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားသည်။

အစိုးရကို ဝေဖန်ပိုင်ခွင့်ရှိရမည်ဖြစ်ပြီး ဝေဖန်သည် ဆိုသည်မှာ တစ်နည်းအားဖြင့် အစိုးရကို တည့်မတ်ပေးကြခြင်း ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

“အစိုးရကို ဝေဖန်တာတော့ ဝေဖန်ပိုင်ခွင့်ရှိရမယ်။ ဒီဝေဖန်တာလည်း အစိုးရကို တစ်နည်းအားဖြင့် တည့်မတ်ပေးကြတာ ဖြစ်တယ်။ စေတနာနဲ့ ဝေဖန်တာလား။ သက်သက်ပြဿနာရှာတာလား ဆိုတာလည်း ဒါကလည်း သိနိုင်ပါတယ်။ ဒီလိုဝေဖန်မှုတွေကို ကြည့်လိုက်လို့ရှိရင် သိနိုင်ပါတယ်။ အားလုံး ကျေနပ်အောင်လို့တော့ ဘယ်အစိုးရမှ မလုပ်ပေးနိုင်ပါဘူး။ ကျွန်မတို့နိုင်ငံမှာ တိုးတက်မှုတွေ ရှိခဲ့ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

အဆိုပါတွေ့ဆုံပွဲတွင် နိုင်ငံ၏ တည်ငြိမ်ရေးသည် အရေးကြီးဆုံးဖြစ်ကြောင်း၊ အစုအဖွဲ့များ အားလုံးကြားတွင် သဟဇာတဖြစ်ရေး၊ ချစ်ချစ်ခင်ခင် နေနိုင်ရေးသည် အရေးကြီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဆိုသည်။

ထို့ပြင် ရခိုင်အရေးနှင့် ပတ်သက်၍ ဒေါ်အောင်ဆန်းစုကြည်က “ကျွန်မတို့ ရခိုင်မှာဆိုလို့ရှိရင် တချို့တွေသိတာက ရခိုင်နဲ့ မူဆလင်ပဲသိတာ။ ဒါပေမဲ့ လူမျိုးစုငယ်လေးတွေလည်း ရှိသေးတယ်။ ဒီလူမျိုးစုငယ်လေးတွေရဲ့ ကိစ္စက ဘယ်သူကမှ သိပ်ပြီးတော့ စိတ်မဝင်စားဘူး။ ဒါပေမဲ့ ကျွန်မတို့က စိတ်ဝင်စားရမယ်။ စိတ်မဝင်စားလို့ မရဘူး။ ကျွန်မတို့အတွက် အရေးကြီးတာပဲ။ ထောင်ဂဏန်းအထိပဲရှိလို့ ဒီလိုသိန်းနဲ့သန်းနဲ့ချီပြီးရှိတဲ့ လူမျိုးစုလောက် အရေးမကြီးဘူးလို့ ဒီလိုစိတ်ဓာတ်ထားလို့ မဖြစ်ဘူး။ ကျွန်မတို့အတွက် နိုင်ငံသားအားလုံးကို လေးလေးစားစား တန်ဖိုးထားရမယ်။ ကျွန်မတို့ နိုင်ငံအတွင်းမှာ ခိုလှုံနေနေတဲ့ လူအားလုံးကို လုံခြုံမှုပေးနိုင်ဖို့ ကျွန်မတို့ ကြိုးစားရမယ်။ ဒါဟာ နေ့ချင်းညချင်း လုပ်လို့ရတဲ့ ကိစ္စမဟုတ်ပါဘူး။ ကျွန်မတို့ အစိုးရဟာ ဒီနေ့ကနေ စတွက်လို့ရှိရင် နှစ်နှစ်တောင် မပြည့်သေးပါဘူး။ ဒီနှစ်နှစ် မပြည့်သေးတဲ့ အချိန်မှာ ရာစုနှစ်နဲ့ချီပြီးတော့ ရှိခဲ့တဲ့ ပြဿနာကို နေ့ချင်းညချင်း ဖြေရှင်းမယ်ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ဘူး ဆိုတာတော့ အားလုံးသဘောပေါက်လိမ့်မယ်လို့ ထင်ပါတယ်။ တစ်ဆင့်ချင်း တစ်ဆင့်ချင်း သွားရမယ်။ ကျွန်မတို့ရဲ့ အဓိကတာဝန်က နိုင်ငံရေး ခေါင်းဆောင်ကြီးတစ်ယောက် ပြောခဲ့သလိုပေါ့နော် နိုင်ငံရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုဖို့။ ဒါဟာ ကျွန်မတို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ဘယ်သူ့အပေါ်မှာမှ အာဃာတ မထားဘဲနဲ့ အားလုံးအပေါ်မှာ မေတ္တာစေတနာ ထားပြီးတော့ နိုင်ငံရဲ့ ဒဏ်ရာဒဏ်ချက်တွေကို ကုဖို့ဆိုတာ ဒါဟာ ကျွန်မတို့အတွက် အင်မတန်မှ အရေးကြီးပါတယ်။ ခက်တယ်။ ကျွန်မတို့ ဝေဖန်ခံရတယ်။ တိုက်ခိုက်ခံရတယ်။ ကျွန်မတို့ လုပ်ချင်တဲ့ပုံစံကို မယုံကြည်ဘူး။ မလေးစားဘူး။ မဖြစ်နိုင်ဘူး။ ဒီလိုပြောတာတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့အချင်းချင်း ညီညီညွတ်ညွတ်နဲ့ အားလုံးဝိုင်းပြီးတော့ ကြိုးစားလို့ရှိရင် မဖြစ်မြောက်စရာ ဘာမှမရှိပါဘူး။ အခု ပြည်ထောင်စု ဝိုင်းဝန်းပြီးတော့ လုပ်တယ်ဆိုတာဟာ ရခိုင်ပြည်နယ်ဟာ သီးသန့်နေရာမျိုး တစ်ခုမဟုတ်ဘူး။ ကျွန်မတို့ ပြည်ထောင်စုရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်။ ဒါကြောင့်မိုလို့ ရခိုင်ပြည်နယ်အရေးဟာ ပြည်ထောင်စုတစ်ခုလုံးရဲ့ အရေးပဲ” ဟု ထည့်သွင်း ပြောကြားခဲ့သည်။

ရခိုင်အရေးနှင့် ပတ်သက်၍လည်း မိမိတို့နိုင်ငံသည် ဖိအားအမျိုးမျိုး၊ ဝေဖန်မှုအမျိုးမျိုးကို ခံနေရကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ ပြည့်ဝသည့် ဒီမိုကရေစီစနစ်ဖြစ်ရန် လက်ရှိဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြောင်းလဲရန်လိုကြောင်းလည်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်းပြောကြားသည်။

Most Read

Most Recent