မန္တလေးမြို့တွင် ကလေးသူငယ်အား မဖွယ်မရာပြုကျင့်ခဲ့သူကို အပြင်ထုတ်ပေးရန် ရဲစခန်းရှေ့တွင် တောင်းဆိုရာ လူစုလူဝေးဖြစ်ပေါ်ခဲ့သဖြင့် သေနတ်ပစ်ဖောက် ထိန်းသိမ်းခဲ့ရသည့်ဖြစ်စဉ်မှ ၁၁ ဦးကို ဖမ်းဆီးအရေးယူ

မန္တလေးမြို့တွင် ကလေးသူငယ်အား မဖွယ်မရာပြုကျင့်ခဲ့သူကို အပြင်ထုတ်ပေးရန် ရဲစခန်းရှေ့တွင် တောင်းဆိုရာ လူစုလူဝေးဖြစ်ပေါ်ခဲ့သဖြင့် သေနတ်ပစ်ဖောက် ထိန်းသိမ်းခဲ့ရသည့်ဖြစ်စဉ်မှ ၁၁ ဦးကို ဖမ်းဆီးအရေးယူ
Published 20 March 2018

မတ် ၁၈ ရက်ညက လူစုလူဝေးဖြစ်ပေါ်မှုကို သက်ဆိုင်ရာက ထိန်းသိမ်းဆောင်ရွက်နေစဉ် (ဓာတ်ပုံ-ဌေးလှအောင်)

မန္တလေးမြို့တွင် ကလေးသူငယ်အား မဖွယ်မရာ ပြုကျင့်ခဲ့သည့် တရားခံအား အပြင်ထုတ်ပေးရန် ရဲစခန်းရှေ့တွင် တောင်းဆိုရာ လူစုလူဝေး ဖြစ်ပေါ်ခဲ့သဖြင့် သေနတ်ပစ်ဖောက် ထိန်းသိမ်းခဲ့ရသည့် ဖြစ်စဉ် မတ် ၁၈ ရက်ညက ဖြစ်ပွားခဲ့ရာ ထိုဖြစ်စဉ်မှ ၁၁ ဦးကို ဖမ်းဆီးအရေးယူ အမှုဖွင့်ထားကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သတင်းရရှိသည်။

မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ် လမ်း ၈၀၊ ၉ လမ်းနှင့် ၁၀ လမ်းကြားရှိ အမှတ် (၄) ရဲစခန်း အပိုင်နယ်မြေအတွင်း ဖြစ်ပွားခဲ့သည့် ကလေးသူငယ်တစ်ဦးအား မဖွယ်မရာ ပြုကျင့်ခဲ့သူကို ရဲစခန်းအပြင်သို့ ထုတ်ပေးရန် တောင်းဆိုခဲ့ရာမှတစ်ဆင့် ရဲစခန်းရှေ့တွင် လူစုလူဝေး ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

အဆိုပါဖြစ်စဉ်သည် ညနေ ၆ နာရီခန့်မှစ၍ ရဲစခန်းရှေ့တွင် လူများပြားလာခဲ့ပြီး ရဲစခန်းအတွင်းရှိ ကားမှန်များကို ခဲဖြင့် ပေါက်ခြင်းကြောင့် မှန်များကွဲခဲ့ပြီး ည ၈ နာရီခန့်အကြာတွင် လူအုပ်မှာ ၃၀၀ ခန့်ထိ ရှိလာသောကြောင့် သေနတ်ပစ်ဖောက် သတိပေးခဲ့ရကြောင်း သိရသည်။

ယင်းဖြစ်စဉ်တည်ရှိရာ အောင်မြေသာစံမြို့နယ် အမရဌာနီ အနောက်ရပ်ကွက်ရာ အိမ်မှူး ဦးပေါလုအားမေးမြန်းခဲ့ရာ “လူအုပ်က အဆမတန် များလာပြီး ရဲစခန်းအတွင်းထဲအထိ ခဲတွေမှန်ပြီး ကားမှန်တွေ ကွဲခဲ့တာကြောင့် ရဲတပ်ဖွဲ့က သေနတ်ခုနစ်ချက်လောက်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရပါတယ်။ကျွန်တော်တို့သိရသလောက် လူအုပ်ထဲမှာ အများစုက ဒီရပ်ကွက်က မဟုတ်ကြပါဘူး” ဟု ပြောကြားခဲ့သည်။

ထိုကဲ့သို့ သေနတ်ပစ်ဖောက်ပြီး ထိန်းသိမ်းခဲ့သဖြင့် လူအုပ်မှာ လျော့နည်းခဲ့သော်လည်း ကျန်ရှိနေသေးသည့် လူငါးဆယ်ဝန်းကျင်ခန့်မှ ရဲစခန်းအနီးတွင် စုဝေးကာ အော်ဟစ် ဆူပူဆဲဆိုမှုများ ပြုလုပ်ခဲ့ခြင်း၊ လမ်းပိတ်ထားသည့် ခုံများနှင့် ဝါးလုံးများကို ရိုက်ချိုးခဲ့ခြင်းတို့ ပြုလုပ်ခဲ့သဖြင့် သုံးကြိမ်ခန့် အင် အားသုံးရှေ့တိုးကာ ဖမ်းဆီးခဲ့ရကြောင်း သိရသည်။

ည ၁၁ နာရီကျော်ထိ  အော်ဟစ်ဆဲဆို ဆူပူနေခဲ့သဖြင့် ယင်းတို့ကို ဖမ်းဆီးခဲ့ရာ ရဲတပ်ဖွဲ့နှင့် လူအုပ်ကြားထဲသို့ခဲများ၊ ကုန်းသီးများ၊ ပုလင်းများ၊ ကျောက်ခဲများ ပစ်ပေါက်ခဲ့ကြောင်း တွေ့ရှိခဲ့ရပြီး ယင်းဖြစ်စဉ်မှ ၁၁ ဦးကို ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့မှူးရုံးမှ သိရသည်။

“အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ၁၁ ဦး အရေးယူထားပါတယ်။ အသက်မပြည်တဲ့ ကလေးကို ဓမ္မတာတိုင်း မဟုတ်ဘဲ ပြုမူခဲ့တဲ့ ဖြစ်စဉ် လာတိုင်တန်းခဲ့တာကြောင့်  ဥပဒေနဲ့အညီ အမှုဖွင့် ဖမ်းဆီးအရေးယူထားတယ်။ ဒါကို အားမလို အားမရဖြစ်ပြီး ဥပဒေနဲ့ မညီဘဲ ရဲစခန်းကိုတောင်းဆိုတယ်။ ခဲနဲ့ထုတယ်။ ဒါကြောင့် ဥပေဒစိုးမိုးရေးကို ရှေးရှူပြီး အရေးယူထားပါတယ်။ ရဲစခန်းရှေ့မှာ လူအုပ်ကြီးနဲ့ လာတယ်။ အဲဒီမှာ စခန်းထဲမှာသိမ်းဆည်းထားတဲ့ သက်သေခံကားတွေကို ခဲနဲ့ထုခဲ့တဲ့အတွက် တရားရုံးကိစ္စမပြတ်သေးဘဲ ပျက်စီးသွားတယ်။ ဒါကြောင့် ပြည်သူပိုင်ပစ္စည်း ဖျက်ဆီးမှု ၆ (၁) နဲ့ လေးဦးကို အမှုဖွင့်တယ်။ ရဲစခန်းရှေ့မှာ လူစုခွဲပြီးတော့ လမ်းတွေပိတ်ဆို့ တားဆီးထားတာကို ဖျက်ဆီးသလို တာဝန်ယူဆောင်ရွက်နေတဲ့ ရဲတွေကို ဆဲဆိုခဲနဲ့ပစ်ပေါက်ခဲ့တာကြောင့် ခုနစ်ဦးကို ပုဒ်မလေးခုနဲ့ ဖမ်းဆီးအမှုဖွင့်ထားပါတယ်” ဟု မန္တလေးခရိုင် ရဲတပ်ဖွဲ့မှူးဒုရဲမှူးကြီး မျိုးအောင်က အရေးယူမှုနှင့်ပတ်သက်ပြီး ပြောကြားသည်။

ရဲစခန်းအတွင်းရှိ သက်သေခံ ကားမှန်များ ပျက်စီးဆုံးရှုံးခဲ့ခြင်းအတွက် ချစ်ကိုပါ လေးဦးကို ပြည်သူပိုင်ပုဒ်မ ၆ (၁) ဖြင့်လည်းကောင်း၊ ခန့်မင်းပိုင်ပါခုနစ်ဦးကို ရာဇသတ်ကြီးပုဒ်မ ၂၉၄/၃၅၃/၃၃၆/၁၁၄ တို့ဖြင့် အမှတ် (၄) ရဲ စခန်းတွင် အမှုဖွင့်ထားကြောင်း သိရသည်။

မတ် ၁၅ ရက်က အောင်မြေသာစံမြို့နယ် အမရဌာနီအရှေ့ရပ်ကွက်တွင် နေထိုင်သည့် ခုနစ်နှစ်ကျော်အရွယ် မိန်းကလေးကို အိမ်နီးချင်းဖြစ်သူ အသက် ၄၈ နှစ် အရွယ် အမျိုးသားတစ်ဦးက ဓမ္မတာနှင့် ဆန့်ကျင်သည့် မဖွယ်မရာ ပြုမူမှုဖြစ်ပွားခဲ့ရာ မတ် ၁၈ ရက်တွင် ရဲစခန်းသို့ အုပ်ထိန်းသူများက လာရောက် အမှုဖွင့်တိုင်တန်းခဲ့ကြောင်း၊ အဆိုပါ သတင်းပျံ့နှံ့သွားပြီး ကျူးလွန်သူကို အပြင်ထုတ်ပေး ရန်တောင်းဆိုရာမှ လူစုလူဝေးဖြစ်ပေါ်ခဲ့ပြီး သေနတ်ပစ်ဖောက် ထိန်းသိမ်းခဲ့ရပြီး ဆူပူ ရမ်းကား ဖျက်ဆီးသူ ၁၁ ဦးကိုလည်း ဖမ်းဆီး အရေးယူခဲ့ခြင်း ဖြစ်သည်။

Most Read

Most Recent