ဆောက်လုပ်ရေး လုပ်ငန်းတွေ ကောင်းချင်သလား ... မြို့သစ်စီမံကိန်းတွေ ရွှေ့ဆိုင်းလိုက်ပါ

ဆောက်လုပ်ရေး လုပ်ငန်းတွေ ကောင်းချင်သလား ... မြို့သစ်စီမံကိန်းတွေ ရွှေ့ဆိုင်းလိုက်ပါ
Published 19 March 2018

ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်အတွင်းရှိ တန်ဖိုးနည်းအိမ်ရာများကို တွေ့ရစဉ် (ဓာတ်ပုံ-ရှိုင်းလင်းအောင်)

(၁)

၂၀၁၈ ခုနှစ် ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေကြမ်းမှာပါတဲ့ အခွန်ကင်းလွတ်ခွင့် ပေးထားတဲ့ ပုဒ်မ ၂၅ ကို ကျင့်သုံးဖို့ မသင့်လျော်တဲ့အတွက် ပြည်ထောင်စုလွှတ်တော် ဥပဒေကြမ်း ပူးပေါင်းကော်မတီဝင် အများစုက လက်ခံထားသလို လွှတ်တော်ကိုယ်စားလှယ် အများစုကလည်း ကန့်ကွက်တဲ့အတွက် ဒီဥပဒေမှာပါတဲ့ အခွန်လျှော့ချမယ့် (Tax Holiday) အခွင့်အလမ်း နည်းသွားပြီလို့ ဆိုရမှာဖြစ်ပါတယ်။

ဒါကြောင့် အခွန်ဖြေလျှော့တဲ့ အစီအစဉ်နဲ့ ပတ်သက်ပြီး လွှတ်တော် ကိုယ်စားလှယ်တွေရဲ့ ဆွေးနွေး ဆုံးဖြတ်မှုတွေအပေါ် ဝေဖန်သံတွေလည်း ထွက်လာတာ တွေ့ရပါတယ်။ ဒီလို ဝေဖန်တာကိုကြည့်ရင် ဆောက်လုပ်ရေးကဏ္ဍနဲ့ ဆက်စပ်တဲ့ လုပ်ငန်းရှင်အချို့နဲ့ မြို့သစ်စီမံကိန်းနဲ့ ဆက်စပ် ပတ်သက်သူ လုပ်ငန်းရှင်အချို့ ပါဝင်နေတာကို တွေ့ရပါတယ်။ ဒီနေရာမှာ စဉ်းစားစရာကတော့ လက်ရှိ တိုင်းပြည်ရဲ့ စီးပွားရေးအခြေအနေမှာ ဆောက်လုပ်ရေးကဏ္ဍ တစ်ခုတည်းအတွက်ပဲ ဘာကြောင့် ဇောင်းပေးနေကြတာလဲ။ တိုင်းပြည်ရဲ့ အခွန်ပေါ်လစီမှာ ငွေကြေးခဝါချမှု (Money Laundaring) နဲ့ ဆောက်လုပ်ရေးကဏ္ဍ တိုးတက်မှု အခြေအနေတွေ ဘယ်လိုဆက်စပ်သလဲ။ သေချာသုံးသပ်ဖို့တော့ လိုပါတယ်။

အရင်ဆုံး အစိုးရတစ်ရပ်အနေနဲ့ အခွန်ကောက်ပြီဆိုရင် ကောက်တဲ့အခွန်ဟာ နိုင်ငံအခြေအနေနဲ့ ညီညွတ်မျှတတဲ့ အရအသုံးငွေကြေးစနစ် ပေါ်ပေါက်စေပြီး ငွေကြေးလည်ပတ်မှုကို မှန်ကန်စေတဲ့ ငွေကြေးဖောင်းပွမှု မဖြစ်အောင် ထိန်းညှိရတာ ဖြစ်တယ်။ ပြည်တွင်းစားသုံးမှု၊ ရင်းနှီးမြှုပ်နှံမှုနဲ့ စုဆောင်းမှုတွေကို အခွန်အကောက်စနစ်က ထိန်းညှိပေးဖို့၊ ကုန်ဈေးနှုန်း တည်ငြိမ်ဖို့အတွက် အထောက်အကူဖြစ်ဖို့၊ ဓနအင်အား မျှတစေဖို့၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် အထောက်အကူဖြစ်စေဖို့၊ နိုင်ငံရဲ့စီးပွားရေး ရည်မှန်းချက်တွေ အကောင်အထည်ဖော်ရေးကို အထောက်အကူဖြစ်စေဖို့နဲ့ ပြည်တွင်းစက်မှုလုပ်ငန်းတွေကို အကာအကွယ်ပေးဖို့ဆိုတဲ့ အချက်တွေအပေါ် ချိန်ထိုးပြီး အခွန်ပေါ်လစီ တစ်ရပ်ကို ချမှတ်စဉ်းစားရတာ ဖြစ်ပါတယ်။ အစိုးရရဲ့ အခွန်ပေါ်လစီ လွဲချော်သွားရင် အဲဒီရဲ့ အကျိုးသက်ရောက်မှုဟာ တိုင်းပြည်အတွက် များစွာ ထိခိုက်နစ်နာစေတယ်ဆိုတာ အားလုံးသိပြီး ဖြစ်ပါတယ်။

ဒါကြောင့်ပဲ ၂၀၁၈ ပြည်ထောင်စုရဲ့ အခွန်အကောက် ဥပဒေကြမ်းမှာပါရှိတဲ့ ပုဒ်မ ၂၅ ပြဋ္ဌာန်းချက် “ပြည်တွင်းနေ နိုင်ငံသားနှင့် ပြည်ပနေနိုင်ငံသား၏ ပြည်ပမှ ဝင်ငွေရလမ်း တစ်ခုခု သို့မဟုတ် စီးပွားရေးလုပ်ငန်း တစ်ခုခုကို ဆောင်ရွက်ခဲ့သော်လည်း အကြောင်းအမျိုးမျိုးကြောင့် အခွန်ပေးဆောင်ရန် လစ်ဟင်းခဲ့သော သို့မဟုတ် လျော့နည်းပေးဆောင်ခဲ့သော ဝင်ငွေများ၊ နှစ်တစ်နှစ်အတွင်း ပြည်တွင်း၌ မြေ၊ အဆောက်အအုံနှင့် ယင်းအဆောက်အအုံ၏ အဓိက အစိတ်အပိုင်းများ အပါအဝင်ဖြစ်သော မရွှေ့မပြောင်းနိုင်သည့် ပစ္စည်း သို့မဟုတ် ရွှေနှင့် အခြားအဖိုးတန်ပစ္စည်းများ အပါအဝင် ယာဉ်ကဲ့သို့သော ရွှေ့ပြောင်းနိုင်သောပစ္စည်းများ ထိတွေ့ကိုင်တွယ်၍ မရသော ပစ္စည်းများကို ဝယ်ယူခြင်း၊ တည်ဆောက်ခြင်း၊ ရယူခြင်း၊ ရင်းနှီးမြှုပ်နှံခြင်း၊ အစုရှယ်ယာ ထည့်ဝင်ခြင်း စသည်တို့အတွက် အသုံးပြုသည့် ငွေကြေးများ၊ လက်ဝယ်ရှိ ငွေကြေးတို့နှင့် ပတ်သက်၍ အောက်ပါ အခွန်နှုန်းထားများအတိုင်း အခွန်ကျသင့်စေရမည်၊ ဝင်ငွေခွန် ဥပဒေအရ ဒဏ်ငွေတပ်ရိုက်ခြင်း မပြုရ၊ သို့ရာတွင် တရားမဝင် ရရှိသည့် ပစ္စည်းများ ပိုင်ဆိုင်ခြင်း၊ ရောင်းဝယ်ခြင်းတို့နှင့် လည်းကောင်း ငွေကြေးခဝါချမှု တိုက်ဖျက်ရေး ဥပဒေအရ အရေးယူသည့် ကိစ္စရပ်များနှင့် လည်းကောင်း သက်ဆိုင်ခြင်း မရှိစေရ” ဆိုတဲ့အချက်ဟာ တိုင်းပြည်စီးပွားရေးအတွက် ကြောက်စရာကောင်းလို့ ပြင်းပြင်းထန်ထန် ကန့်ကွက်ကြတာ ဖြစ်ပါတယ်။ အဲဒီတော့ အခွန်ပေါ်လစီမှာ ဆောက်လုပ်ရေးလုပ်ငန်းတွေ တိုးတက်လာဖို့နဲ့ တစ်ဖက်တစ်လမ်းက တိုင်းပြည်ရဲ့ စီးပွားရေး ပြန်လည်ဦးမော့လာဖို့ အခုလို ဘယ်က ထွက်လာကြမှန်းမသိတဲ့ ငွေမည်းတွေ သုံးရာခိုင်နှုန်း ဆောင်ပြီး ငွေဖြူဖြစ်အောင် လုပ်မယ်။ တိုင်းပြည်မှာ ငွေကြေးဖောင်းပွမှု အဆိုးရွားဆုံး ဖြစ်လာမယ်။ ပြည်တွင်း SME လုပ်ငန်းတွေ ပြိုလဲသွားနိုင်ပြီး အိမ်ခြံမြေဈေးတွေ ကမောက်ကမ ဖြစ်မယ်။ ဘဏ်တွေ ပြိုလဲသွားနိုင်တဲ့အထိ အကျိုးဆက်ဆိုးကျိုးတွေက ကြီးမားနက်ရှိုင်းပါတယ်။

(၂)

ဒီနေရာမှာ နိုင်ငံရဲ့ ဆောက်လုပ်ရေးကဏ္ဍကို ကြည့်ရင် မြို့သစ်တွေကို အဓိကလုပ်ဖို့ ရည်ရွယ်နေတာ တွေ့ရတယ်။ ရှိပြီးသား နေရာတွေမှာ လမ်း၊ တံတား၊ မီး အခြေခံ အဆောက်အအုံပိုင်း ကောင်းမွန်အောင် တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဖို့ထက် မြို့တွေကို ထပ်ချဲ့ဖို့ ပြင်ဆင်နေကြတယ်။ ရန်ကုန်၊ မန္တလေးမြို့ကြီးတွေမှာ မီဂါစီးတီးတွေ ဖြစ်အောင် ဖန်တီးနေတယ်။ မီဂါစီးတီးတွေကို အကောင်အထည်ဖော်ဖို့ အရေးကြီးဆုံးအချက်က မြန်မာနိုင်ငံရဲ့ လက်ရှိ အနေအထားဟာ အခြား နိုင်ငံတကာက မီဂါစီးတီးတွေမှာလို ငွေကြေးပမာဏ စီးဝင် လည်ပတ်နိုင်နေပြီလား၊ ရင်းနှီးမြှုပ်နှံမယ့် Investor တွေ ရှိနေပြီလား၊ လက်ရှိ GDP အခြေအနေနဲ့ရော အဆင်ပြေနိုင်မလား စဉ်းစားဖို့ လိုပါတယ်။

နိုင်ငံတွင်းမှာ တရားဥပဒေစိုးမိုးမှုက မေးခွန်းထုတ်စရာ ဖြစ်နေတယ်။ တည်ငြိမ်မှုမရှိဘူး၊ စစ်ပွဲတွေ ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးလည်း တွေ့ရတယ်။ ဒီလိုအနေအထားမှာ နိုင်ငံတကာက ရင်းနှီးမြှုပ်နှံမှုတွေက ဘယ်လို စီးဝင်နိုင်မလဲ။ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာမယ်လို့ တွက်ချက်မှုတွေ ရှိနေတယ်။ ဒါပေမဲ့ တရုတ်ဟာ စီးပွားရေးမှာ OBOR ကို အခြေခံပြီး မဟာဗျူဟာနဲ့ သွားတယ်။ ဒီစီမံကိန်းတစ်လျှောက်မှာရှိတဲ့ ပထဝီ အနေအထားအရ အရေးပါတဲ့ နေရာအချို့မှာ စီးပွားရေးဇုန်တွေ လုပ်ဖို့လောက်ပဲ စဉ်းစားပါလိမ့်မယ်။ အဓိက ကတော့ သူတို့ ရဲ့ ပိုးလမ်းမ စီမံကိန်းအတွက် လိုအပ်တဲ့ လမ်းပန်းဆက်သွယ်ရေးကိုတော့ အဓိကလုပ်ဖို့ ရှိပါလိမ့်မယ်။ လမ်းပန်းဆက်သွယ်ရေးအတွက် အဓိက လုပ်ဆောင်မယ်ဆိုရင် သူတို့အတွက် ကျောက်ဖြူ-ကူမင်းရထားလမ်း စီမံကိန်းဟာ ပြန်လည်စတင်ဖို့အတွက် အစိုးရနဲ့ ပြန်လည် ညှိနှိုင်းနိုင်ခြင်း မရှိသေးသလို ကျောက်ဖြူ အထူးစီးပွားရေးဇုန်ကလည်း လက်ရှိအခြေအနေမှာ ခရိုနီတိုင်ကွန်းတစ်စုရဲ့ မဖြစ်နိုင်တဲ့ တောင်းဆိုမှုတွေနဲ့ ရှေ့မဆက်နိုင်သေးပါဘူး။ နောက်တစ်ခုက မန္တလေးကို ဗဟိုပြုပြီးတော့ ကျောက်ဖြူနဲ့ ရန်ကုန်ကို ချိတ်ဆက်သွားမယ့် စြင်္ကံဟာလည်း လက်ရှိအခြေအနေမှာ အခြေခံအဆောက်အအုံအတွက်ပဲ လုပ်ဆောင်ပေးဖို့ တောင်းဆိုနေတာကို သတိပြုဖို့ လိုအပ်မှာဖြစ်ပြီးတော့ ရန်ကုန်မြို့သစ်ဆီ ချိတ်ဆက်မယ့် OBOR စီမံကိန်းဟာ ရန်ကုန်မြို့သစ်မှာ မြေတွေ အများကြီးဝယ်ပြီးတော့ အိမ်တွေ၊ တိုက်ခန်းတွေ တည်ဆောက်ဖို့ဆိုတာ လတ်တလောမှာ ဖြစ်နိုင်ဖို့မရှိတာ သတိပြုဖို့ လိုအပ်ပါတယ်။

(၃)

မြို့သစ်စီမံကိန်း တစ်ခုဆိုတာ ဖွံ့ဖြိုးတိုးတက်မှု အခြေခံအဆောက်အအုံတွေ အများအပြား လိုအပ်တဲ့အထဲမှာ ရေ၊ လျှပ်စစ်မီး၊ လမ်းတံတားတွေ အဓိကလိုအပ်ပြီး လှိုင်သာယာလို နေရာမျိုးဟာ ဖွံ့ဖြိုးတိုးတက်ဖို့ အနှစ် ၃၀ လောက် အချိန်ယူခဲ့တာတောင် တံတား လေးစင်း၊ ငါးစင်း ဖြစ်လာတာတောင် လှိုင်သာယာမှာ နေနေရတဲ့ ပြည်သူတွေဟာ ရန်ကုန်မြို့ထဲကို မနက်ဆိုလာပြီး အလုပ်လုပ်၊ ညနေကျရင် မြို့ပြင်ကို အလုံးအရင်းနဲ့ ပြန်ထွက်နေတဲ့ ဖြစ်စဉ်တွေ လက်ရှိအချိန်အထိ ဖြစ်နေဆဲဖြစ်ပါတယ်။ လက်ရှိ စတင်မယ့် ရန်ကုန်မြို့သစ် စီမံကိန်းဟာ အစိုးရ လက်ကျန်သက်တမ်း သုံးနှစ်လောက်နဲ့ နတ်ရေကန်ထဲ ထိုးချလိုက်သလို နေ့ချင်းညချင်း အောင်မြင်လာမှာ မဟုတ်သလို ရေ၊ မီး၊ လမ်းတံတားကိုလည်း အစိုးရက ချက်ချင်း လုပ်ဆောင်ပေးနိုင်တာ မဟုတ်တာကြောင့် နေထိုင်မယ့် ပြည်သူတွေကလည်း တစ်ခဲနက် လာနေနိုင်တာ မဟုတ်ပါဘူး။

ဒီလို တစ်ခဲနက် လာနေနိုင်ဖို့မရှိတဲ့ မြို့သစ်စီမံကိန်း တစ်ခုကို ရေရှည်အတွက်ပဲ အကောင်အထည်ဖော်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် မြို့သစ်စီမံကိန်းဆိုတဲ့ နေရာမှာ တစ်ပြေးညီ ဖွံ့ဖြိုးတိုးတက်ဖို့ ရည်မှန်းချက်တွေလည်း ချထားနိုင်ဖို့ လိုအပ်ပါတယ်။ ဥပမာအားဖြင့် ရန်ကုန်ကို အလုပ်အကိုင်အတွက် စုပြုံတိုးနေရတဲ့ ပြည်သူတွေကို ကြည့်မယ်ဆိုရင် အညာက ပြည်သူတွေနဲ့ မြစ်ဝကျွန်းပေါ်ဒေသက ပြည်သူတွေပါ။ ရန်ကုန်မြို့မှာ မြို့သစ်တွေ တည်မယ့်အစား၊ လမ်းပန်းဆက်သွယ်ရေး ကောင်းပြီး ရေလမ်းရော ကုန်းလမ်းရော ရှိနိုင်တဲ့ ပင်လယ်ဘက် ထွက်ပေါက်ပါရှိတဲ့ ပုသိမ်မြို့မှာ စက်မှုဇုန်တွေ၊ စက်မှုလုပ်ငန်းတွေ ဧရာဝတီတိုင်းဖက်မှာ မြို့သစ်တွေ တည်သင့်တာပါ။ မြေလည်းပေါတယ်။ လုပ်အားလည်းပေါတယ်၊ အဲဒီနေရာတွေမှာ မတည်ဘဲနဲ့ ငွေမည်းတွေ ဝင်လာနိုင်ခြေကြောင့် ဝေဖန်ခံနေရတဲ့ ရန်ကုန်မြို့သစ် စီမံကိန်းကိုပဲ အစိုးရနှစ်ဆက်တိတိ တည်ဖို့ အားသွန်ခွန်စိုက် လုပ်နေတာကို ပြန်ကြည့်မယ်ဆိုရင် ဒီ ရန်ကုန်မြို့သစ် စီမံကိန်းဟာ မြေဈေးကစားလိုသူတွေနဲ့ မြေလက်ဦးမှု ရယူထားသူတွေရဲ့ စနက်တွေ အများကြီးပါနေတာကို သိနိုင်မှာ ဖြစ်ပါတယ်။ ရန်ကုန်မြို့ တစ်ဖက်ကမ်းမှာ မြို့သစ်တွေ တည်မယ့်အချက်က ရန်ကုန်မြို့မှာရှိနေတဲ့ ဆောက်လုပ်ရေး လုပ်ငန်းတွေကို အကုန်လုံး ပြိုကျသွားစေနိုင်ပါတယ်။ လက်ရှိ ငွေကြေးခဝါချမှု ပုဒ်မနောက်ကွယ်မှာလည်း မြို့သစ်စီမံကိန်း ဦးဆောင် လုပ်ကိုင်နေတဲ့သူတွေက အဓိကနေရာက ပါဝင်နေတယ်လို့ ရှုမြင်ခံနေရပါတယ်။ ဥပမာအားဖြင့် ဟံသာဝတီလေယာဉ်ကွင်းစီမံကိန်း ပျက်သွားပြီးတော့ ကွမ်းခြံကုန်း လေယာဉ်ကွင်းဆိုတာကလည်း၊ အဓိပ္ပာယ်လုံး၀ မရှိနိုင်သလို ဟံသာဝတီလေဆိပ် စီမံကိန်းဟာ နိုင်ငံ့အနာဂတ်အတွက် အရေးပါတဲ့ စီမံကိန်းဖြစ်တာကြောင့် မဖြစ်မနေ ပြည်လည် တည်ဆောက်နိုင်ဖို့ ညှိနှိုင်းမှု ပြန်လုပ်ကြမယ့် အခြေအနေပါ။ ဒီလို ရန်ကုန်မြို့နဲ့ ချိတ်ဆက်နိုင်မယ့် ရန်ကုန်မြို့နဲ့ ဟံသာဝတီလေယာဉ်ကွင်းစီမံကိန်း ကြားထဲမှာ မြေနေရာလွတ်တွေ အများကြီးရှိနေပါတယ်။ အဲဒီလို နေရာကြားထဲမှာ အများကြီး ဖွံ့ဖြိုးအောင် လုပ်ပေးလို့ ရနေတာကို မလုပ်ဆောင်ဘဲ မြေနေရာလက်ဦးမှု ရယူထားသူတွေအတွက် ဆက်ပြီး အကောင်အထည်ဖော်ပေးမယ့် ရန်ကုန်မြို့သစ် စီမံကိန်းဟာ မြန်မာနိုင်ငံအတွက် စိတ်ပျက်စရာတစ်ခု ဖြစ်လာပြီး သာမန်ပြည်သူတွေ အထိနာစေတဲ့ ငွေဖောင်းပွမှုတွေပဲ ဖြစ်လာပါလိမ့်မယ်။

လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အိမ်ရာတိုက်ခန်းများကို တွေ့ရစဉ် ( ဓာတ်ပုံ - ကြည်နိုင်)

(၄)

ပြည်သူတွေ ဝယ်ယူနိုင်စွမ်းရှိတဲ့ အိမ်ရာ စီမံကိန်းဟာ ကျပ် သိန်း ၂၀၀ အောက် တိုက်ခန်းတွေပါ။ ဒီလိုအခြေအနေမျိုးမှာ အစိုးရဟာ တန်ဖိုးနည်းအိမ်ရာစီမံကိန်း အများအပြားကို အမြန်ဆုံး အကောင်အထည်ဖော်ပေးဖို့ပဲ အဓိက လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။
တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို အကောင်အထည်ဖော်မယ်ဆိုရင်လည်း လက်ရှိ မှားယွင်းနေတဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေဟာ အခြားဖွံ့ဖြိုးမှု စီမံကိန်းတွေ၊ လမ်းတွေ၊ ဘတ်စ်ကားမှတ်တိုင်တွေနဲ့ ချိတ်ဆက်ပေးနိုင်မှု မရှိဘဲ ကွင်းခေါင်ခေါင်မှာ ထီးထီးကြီး တစ်ခုတည်း ရှိနေတာမျိုး မလုပ်သင့်တော့ပါဘူး။ အနည်းဆုံးတော့ တန်ဖိုးနည်းအိမ်ရာ အချင်းချင်း လက်လှမ်းမီတဲ့ အနေအထားဖြစ်ဖို့ လိုအပ်သလို တစ်နေ့ထက်တစ်နေ့ စိုးရိမ်စရာ ဖြစ်လာနေတဲ့ တရားဥပဒေစိုးမိုးရေး ကင်းမဲ့မှုပြဿနာကြောင့် ပြည်သူတွေ ဘေးကင်းလုံခြုံစေမယ့် စီမံကိန်းတွေလည်း ပါဝင်ဖို့ လိုအပ်ပါတယ်။ ဒီလို ပြည်သူတွေ လက်လှမ်းမီနိုင်တဲ့ တန်ဖိုးနည်းအိမ်ရာ စီမံကိန်းတွေကို လွယ်လင့်တကူ လုပ်ဆောင်မပေးဘဲ မြို့သစ်စီမံကိန်း ဆိုတာကြီးကို တဖွဖွအော်နေတာ အဓိပ္ပာယ် လုံးဝမရှိပါဘူး။

တစ်သက်လုံး အဖက်လုပ်မခံခဲ့ရတဲ့ ဆောက်လုပ်ရေးလုပ်သားတွေကို အခုငွေမည်းခဝါချ အခွန်ကင်းလွတ်ခွင့်ရရေးမှာ အသုံးချလာတာမျိုးကလည်း မဖြစ်သင့်ပါဘူး။ ဆောက်လုပ်ရေးကဏ္ဍဟာ တိုင်းပြည်ရဲ့ ဂျီဒီပီမှာ ပါဝင်မှု ၁၀ ရာခိုင်နှုန်းအောက်ပဲရှိပြီး လုပ်သားပါဝင်မှုဟာ ငါးရာခိုင်နှုန်းလောက်ပဲ ရှိပါတယ်။ ဘယ်လိုနိုင်ငံတွေပဲ လေ့လာလေ့လာ ဆောက်လုပ်ရေးလုပ်ငန်းတွေ ကောင်းလွန်းလို့ နိုင်ငံတိုးတက်သွားတယ်ဆိုတာ မရှိဘဲ ဆောက်လုပ်ရေးတွေ ပြိုကျတာကြောင့် အစိုးရက ဝင်ပြီးတော့ ထောက်ကူပေးရလို့ တိုင်းပြည် ကြွေးနွံနစ်သွားတဲ့ ဖြစ်စဉ်တွေပဲ ရှိနေတာပါ။ ငွေမည်းခဝါချချင်တဲ့ အချိန်ကျမှ တစ်သက်လုံးက အဖက်မလုပ်ခဲ့တဲ့ လုပ်သားတွေကို အသုံးချနေတာဟာ မျှတမှုမရှိပါဘူး။

လက်ရှိ ငွေမည်းခဝါချလိုသူတွေက တောင်းဆိုနေတာဟာ ဆောက်လုပ်ရေးလုပ်ငန်း ဖွံ့ဖြိုးမှုအတွက်လည်းမဟုတ်ဘဲ မြေကွက်ကြီးကြီးတွေ ပိုက်ဘောမိနေတဲ့၊ ဘဏ်မှာ ပေါင်ထားရတဲ့လူတွေက သူတို့ ပိုက်ဘောကို လွတ်ရင်ပြီးရော ကန်ထုတ်ချင်နေတဲ့ သူတွေပါ။ အရင်ခေတ်အဆက်ဆက်၊ အခွင့်အရေးတွေ ရထားတဲ့သူတွေက သူတို့မြေကွက်တွေ လူလတ်တန်းစားတွေလက်ထဲ အမြန်ထုတ်နိုင်ဖို့အတွက် လုပ်တဲ့ပြဿနာထုပ်ကြီးပါ။

သူတို့ပြေလည်ဖို့အတွက်ပဲ တောင်းဆိုပြီး ကျန်တဲ့တိုင်းပြည်နဲ့ ပြည်သူကို လုံးဝထည့် မတွက်ဘဲ တောင်းဆိုနေတဲ့ ငွေမည်းခဝါချ ဖြစ်စဉ်တစ်ခုလို့ပဲ သုံးသပ်ရပါမယ်။ ဆောက်လုပ်ရေး လုပ်ငန်းကျဆင်းမှုနဲ့ မဆိုင်ပါဘူး၊ ဆောက်လုပ်ရေးလုပ်ငန်းက ကွန်ဒိုတွေ မရောင်းရတာ ဝယ်အားမရှိလို့၊ ဝယ်အားမရှိတာက အခွန်ကြောင့် မဟုတ်ပါဘူး။ ကိုယ့်ဘာသာ ခိုင်မာချင်မှ အခွန်ဆောင်ကြတဲ့ အခြေအနေပါ။ လက်ရှိမှာ စနစ်တကျ အခွန်ကောက်နေတာဆိုလို့ မြေကွက်ပဲရှိပါတယ်။  ငွေမည်းခဝါချ ပုဒ်မဖြစ်လာလို့လည်း ကွန်ဒိုတွေ အရောင်းအဝယ်ဖြစ်လာမယ်၊ တိုက်ခန်းတွေ အရောင်းအဝယ်ဖြစ်လာမယ်လို့ ပြောလို့မရပါဘူး။ ဘာကြောင့်လဲဆိုတော့ ပြည်သူအများစုဟာ ကျပ်သိန်း ၂၀၀ အထက် တိုက်ခန်းတွေကို ဝယ်ယူနိုင်စွမ်း လုံးဝမရှိလို့ပါ။ ဒီငွေမည်း ခဝါချပုဒ်မဟာ အဓိကကတော့ ငွေမည်းပိုင်ရှင်တွေ ငွေဖော်ဖို့ လုပ်တာပါပဲ။

ငွေမည်းခဝါချပုဒ်မသာ အောင်မြင်သွားမယ်ဆိုရင် ငွေကြေးဖောင်းပွသွားမယ်။ ပြည်သူတွေ ခံလိုက်ရမယ်။ လူလတ်တန်းစားတချို့ ဦးသိန်းစိန်လက်ထက်ကလိုပဲ ပိုက်ဘောတွေ ထပ်မိမယ်။ ဘဏ်တွေ ထိခိုက်ပြိုကျသွားမယ်။ ဒီလိုဆိုးကျိုးတွေ ဖြစ်လာနိုင်တဲ့ အခြေအနေမျိုးမှာ ငွေမည်းခဝါချပုဒ်မလေး တစ်ခုနဲ့ မဖြစ်နိုင်သေးဘူး၊ စနစ်တကျ ဥပဒေနဲ့ လုပ်ရမယ်လို့ လွှတ်တော်အမတ်တွေ ဆွေးနွေးဆုံးဖြတ်တာ မှန်ကန်ကောင်းမွန်တဲ့ လုပ်ရပ်ဖြစ်ပါတယ်။

စနစ်တကျဥပဒေနဲ့ Tax Holiday လုပ်မယ်ဆိုရင်၊ ဝင်လာမယ့် ငွေမည်းတွေကို ထိန်းကျောင်းနိုင်မယ့် အခြေအနေမျိုးနဲ့ ခဝါချခွင့် ပေးမယ်ဆိုရင် တိုင်းပြည်အတွက် ကောင်းကျိုးများစွာရမှာ ဖြစ်ပါတယ်။

ဒီလို ဥပဒေတစ်ခုနဲ့ စနစ်တကျလုပ်ပေးမှာကို ဘာလို့ တိုင်ကွန်းကြီးတွေ၊ ဆောက်လုပ်ရေး လုပ်ငန်းရှင်ကြီးတွေက မနှစ်မြို့ဘဲ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ တင်းကျပ်မှုမပါတဲ့ ပုဒ်မလေးတွေနဲ့ပဲ ခဝါချခြင်နေကြတာလဲ။

ဒီအဖြေရဲ့ နောက်ကွယ်မှာ မြို့သစ် စီမံကိန်းမှာ မြေဈေးကစားပြီး တည်ဆောက်ရေး လုပ်ငန်းတွေလုပ်မယ့်သူတွေ သေချာပေါက်ရှိနေတာကို မြင်တွေ့နေရပါတယ်။

လက်ရှိ အိမ်ခြံမြေဈေးကွက် ကျဆင်းနေတယ်ဆိုပေမယ့် ရန်ကုန်အိမ်ခြံမြေဈေးဟာ သင့်တင့်မျှတတဲ့ဈေးနှုန်း မဖြစ်သေးပါ ဘူး။ အိမ်ခြံမြေဈေးဟာ ပုံမှန်ထက် နှစ်ဆနီးပါးဈေးကြီး နေပါသေးတယ်။ ဒါပေမဲ့ အိမ်ခြံမြေဟာ ပြိုကျလို့ တိုင်းပြည်စီးပွားရေး ပြိုကျနေတာ တစ်ခုတည်းမဟုတ်ပါဘူး။

မတည်ငြိမ်တဲ့ မြန်မာ့နိုင်ငံအခြေအနေနဲ့ ခေတ်အဆက်ဆက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုကိုပဲ မှီခိုခဲ့ပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကျဆင်းတာနဲ့ တိုင်းပြည်စီးပွားရေးကျဆင်းတဲ့ အခြေအနေကနေ ရုန်းထွက်နိုင်ဖို့ပဲ လိုအပ်နေတာပါ။ မြန်မာနိုင်ငံ အခြေအနေကြောင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု အခုလောလောဆယ်က တစ်နှစ်၊ နှစ်နှစ်အတွင်းကတော့ ကျဆင်းနိုင်ပါတယ်။ စစ်ပွဲတွေ၊ ပဋိပက္ခတွေ ရှိနိုင်ပါတယ်။ နိုင်ငံတကာမှာလည်း တိုင်းပြည်ပုံရိပ် ထိခိုက်ကျဆင်းနေတဲ့ အချိန်မှာ ခရိုနီ၊ တိုင်ကွန်းတွေအတွက် မြို့သစ်တစ်မြို့ တည်ဖို့ဆိုတာ လုံးဝအဓိပ္ပာယ် မရှိပါဘူး။

မြို့သစ်တည်ဖို့အတွက်၊ သူတို့ဘဏ်မှာ ပေါင်ထားတဲ့ မြေကွက်တွေ ဈေးကောင်းရလာဖို့အတွက်၊ ဘဏ်တွေက ပိုက်ဘောမိနေတဲ့ မြေကွက်ကြီးတွေ ဘဏ်မှာအဆင်ပြေသွားဖို့အတွက် နှစ်ပေါင်းများစွာ အခွန်ရှောင်ခဲ့တဲ့ ခရိုနီကြီးတွေအတွက် အခွန်ချပေးရမယ်ဆိုတာ လုံးဝအဓိပ္ပာယ်မရှိတဲ့အပြင် မြန်မာပြည်ရဲ့ အခွန်စနစ် လုံးလုံးပျက်စီးသွားပါလိမ့်မယ်။

လှိုင်သာယာမြို့နယ်ရှိ ကျန်စစ်မင်း တန်ဖိုးနည်းအိမ်ရာစီမံကိန်းမှ အိမ်ရာတိုက်ခန်းများကို တွေ့ရစဉ် ( ဓာတ်ပုံ - ကြည်နိုင်)

(၅)

လွှတ်တော်ကိုယ်စားလှယ်တွေ လက်ခံခဲ့တဲ့ ငွေမည်းခဝါချပုဒ်မကို ဥပဒေတစ်ခုအဖြစ် သီးသန့်ရေးဆွဲမယ်ဆိုတာ မှန်ကန်တဲ့ လမ်းကြောင်းဖြစ်သလို အစိုးရနဲ့ တိုင်းပြည်ကို ထိခိုက်နစ်နာနိုင်တာတွေ သီးသန့်ပြန်ပြီး ဆွေးနွေးတာမျိုးနဲ့ တိုင်းပြည်ကဏ္ဍစုံ မထိခိုက်အောင် လုပ်ရမှာပါ။ Tax Amnesty ပေးမယ်ဆို ဘာကြောင့်ပေးမယ်။ ဘယ်လိုနှုန်းထားတွေပေးမယ်။ ဘာကြောင့်ပေးသင့်တယ်ဆိုတာ အပြန်အလှန်ဆွေးနွေးပြီးတော့ ငွေကြေးခဝါချမှုကို မူးယစ်ဆေးဝါးတွေရဲ့ငွေတွေ၊ အကြမ်းဖက်သမားတွေရဲ့ ငွေတွေ စီးဝင်မလာအောင် ထိန်းသိမ်းပြီးတော့ ဥပဒေတစ်ခုနဲ့ လုပ်ပေးရမှာ ဖြစ်ပါတယ်။ ဒီလို လွှတ်တော်က မှန်ကန်တဲ့လမ်းကြောင်းနဲ့ လုပ်မယ့်ဥပဒေကို လက်မခံချင်ကြဘဲ ၂၀၁၈ ခုနှစ် ပြည်ထောင်စု၏ အခွန်အကောက်ဥပဒေမှာ ငွေမည်း ခဝါချပုဒ်မလေးပါမလာရင်ကို အခုချက်ခြင်း တိုင်းပြည်တစ်ခုလုံး စုတ်ပြတ်သတ်သွားမတတ် အော်နေတာ ဘာကြောင့်ပါလဲ။  ငွေမည်းခဝါချချင်တဲ့ လက်တစ်ဆုပ်စာ လူတစ်စု၊ မြို့သစ်တည်ဆောက်မယ့် လက်တစ်ဆုပ်စာ လူတစ်စုနဲ့ အကျင့်ပျက် ထိပ်တန်းအရာရှိကြီးတချို့ရဲ့ ကိုယ်ကျိုးရှာ လုပ်ကွက်တွေထဲကို ဝင်မသွားဖို့ အစိုးရရော၊ လွှတ်တော်တစ်ရပ်လုံးက တိုင်းပြည်အတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်ချနိုင်ဖို့ အရေးကြီးပါတယ်။

တိုင်းပြည်စီးပွားရေး ကျဆင်းနေတဲ့ အချိန်ဆိုပေမယ့် လက်ရှိအချိန်မှာ အစိုးရဟာ တိုင်းပြည်အနာဂတ် စီးပွားရေးတိုးတက်ဖို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ လျှောက်လှမ်းနေချိန် ဖြစ်ပါတယ်။ SME တွေ ဖွံ့ဖြိုးဖို့ ချေးငွေအတိုးနှုန်းတွေ လျှော့ချပေးနေတယ်။  လျှပ်စစ်ဓာတ်အားကာလတိုမှာ နှစ်ဆတိုးဖို့ အာမခံချက်ပေးထားတယ်။ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့၊ တစ်ပြေးညီဖွံ့ဖြိုးတိုးတက်ဖို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတယ်။ ဒီလိုအခြေအနေမျိုးမှာ လက်တစ်ဆုပ်စာလူတစ်စုရဲ့ မြှူဆွယ်ဖြားယောင်းမှုမှာ ကျရှုံးသွားရင်၊ မြေဈေးကစားမှုတွေ ဖောင်းပွမှုတွေ အရှိန်ကုန်လို့ ရပ်တန့်သွားချိန်မှာ လက်ရှိစီးပွားရေးကျဆင်းမှုထက် များပြားတဲ့ ဆိုးကျိုးတွေ ဖြစ်လာပါလိမ့်မယ်။

တိုင်းပြည်ဘဏ္ဍာငွေမကုန်အောင် လက်ရှိမှာ PPP စနစ်နဲ့ စီမံကိန်းတွေ လုပ်ဆောင်မယ်လို့ ကြံရွယ်နေသံတွေလည်း ကြားနေရပါတယ်။ PPP စနစ်ဟာ မြန်မာနိုင်ငံမှာ ကြွေးကြော်နေတာ နှစ်ပေါင်းမနည်းတော့ပါဘူး။ ဒါပေမဲ့ ဘာကြောင့်မအောင်မြင်သလဲဆိုရင် အစိုးရက ပွင့်လင်းမြင်သာမှုမရှိဘဲ စီမံကိန်းတွေကို ပေးချင်တဲ့ကုမ္ပဏီတွေ လက်သိပ်ထိုးပြီး ပေးနေတဲ့အချက်တွေနဲ့ PPP ကြောင့် ကုမ္ပဏီတွေက အခွန်အခတွေ တိုးကောက်လာရင် ဝန်ပိမယ့်ပြည်သူတွေ ကန့်ကွက်ကြလို့ မြန်မာ့နည်းမြန်မာ့ဟန် လက်သိပ်ထိုး PPP ဟာ မအောင်မြင်တာပါ။ အစိုးရအနေနဲ့ PPP ကို အောင်မြင်အောင်သွားချင်တယ်ဆိုရင် PPP နဲ့ လုပ်ဆောင်မယ့် စီမံကိန်းတွေရဲ့ ကောင်းကျိုး၊ ဆိုးကျိုးကို ပြည်သူတွေ နားလည်လက်ခံအောင် အရင်ဆုံးချပြဖို့ လိုအပ်ပါတယ်။ ငါတို့ အစိုးရဖြစ်နေပြီ။ အရင်လိုပဲ လက်သိပ်ထိုး PPP ဆက်လုပ်နေမယ်ဆို အစိုးရ PPP ဟာ အောင်မြင်မှာမဟုတ်သလို ဒီမိုကရေစီအစိုးရရဲ့ ဂုဏ်သိက္ခာကိုလည်း လက်သိပ်ထိုး PPP က ရိုက်ချိုးသလို ဖြစ်စေပါလိမ့်မယ်။

အနှစ်ချုပ်ပြောရမယ်ဆိုရင် လက်မတင်လေးမှာ လွှတ်တော်က ငွေမည်းခဝါချပုဒ်မကို ဖြုတ်ချဖို့ ခိုင်မာတဲ့ ဥပဒေပြုမယ်ဆိုတဲ့ ဆုံးဖြတ်ချက်လမ်းကြောင်းဟာ တိုင်းပြည်နဲ့ အစိုးရအတွက် လွှတ်တော်ရဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ပါ။

အစိုးရအနေနဲ့ဆိုရင်လည်း SME တွေ ဖွံ့ဖြိုးဖို့ ချေးငွေအတိုးနှုန်းတွေ လျှော့ချပေးနေတာ၊ လျှပ်စစ်ဓာတ်အားကာလတိုမှာ နှစ်ဆတိုးဖို့ အာမခံချက်ပေးထားတာ၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်ဖို့၊ တစ်ပြေးညီဖွံ့ ဖြိုးတိုးတက်ဖို့ မှန်ကန်တဲ့ လမ်းကြောင်းပေါ်မှာ ရှိနေတာတွေကို ပိုပြီးတော့ သွက်လက်အောင် ကြိုးနီယန္တရားတွေကို လျှော့ဖို့လိုအပ်နေပြီး လက်ရှိမှာ Doing Business အဆင့် တက်လာအောင် လုပ်ဆောင်နေတဲ့ လမ်းကြောင်းဟာ ကြိုးနီစနစ်ကို ဖျက်ဖို့အတွက်လည်း အများကြီး အထောက်အကူ ဖြစ်လာစေမှာပါ။

ခရိုနီတိုင်ကွန်းတွေနဲ့ တရုတ်မြေဈေး ကစားသူတွေအတွက် မြို့သစ်စီမံကိန်း မဖြစ်မနေ လုပ်ဆောင်တော့မယ်ဆိုရင်လည်း မသိနားမလည်တဲ့ ပြည်သူတွေကို အကြံပေးချင်တာက မြို့သစ်ထဲမှာ Infrastructure တွေအတွက် ငွေတွေ အများကြီးထည့်ဖို့ လုံးဝမလုပ်သင့်ပါဘူးလို့ အကြံပေးချင်ပါတယ်။

ငွေမည်းတွေနဲ့ ဈေးကစားမှု ကြီးစိုးနေနိုင်တဲ့ စီမံကိန်းကြောင့် မြေဈေးတွေ အကုန်ကမောက်ကမ ဖြစ်လာနိုင်ပါလိမ့်မယ်။ လက်ရှိ တုံ့ဆိုင်းမှုလိုမျိုး ထပ်ဖြစ်သွားရင် ပြည်သူတွေ ပိုက်ဘောမိပြီး ဘယ်တော့မှ ငွေပြန်မရမယ့် အခြေအနေတွေ ဖြစ်လာစေပါလိမ့်မယ်။ အထူးသဖြင့် ဒီလိုစီးပွားရေးတုံ့ဆိုင်းနေတဲ့ ကာလမှာ လက်ရှိရှိနေတဲ့ မြို့ဟောင်းက နေရာကောင်းတွေမှာပဲ ရင်းနှီးမြှုပ်နှံသင့်ပါတယ်။

ဆောက်လုပ်ရေးလုပ်ငန်းတွေ မကောင်းမွန်တာက အခွန်နဲ့သက်ဆိုင်မှုမရှိပါဘူး။ ဒီလို မသက်ဆိုင်တဲ့အချက်ကို တစ်နပ်စား ဉာဏ်နဲ့ ငွေမည်းခဝါချဖို့ ကြိုးစားတာကို လွှတ်တော်က လက်မတင်လေးရပ်တန့်နိုင်ခဲ့တာ၊ အစိုးရက တင်ပြလာတဲ့ Tax Amnesty ကို ဖြစ်လာနိုင်တဲ့ ဆိုးကျိုးတွေသုံးသပ်ပြီး ဥပဒေပြုဖို့ လုပ်ဆောင်မယ်ဆိုတာဟာ NLD အစိုးရမို့ NLD လွှတ်တော်က အတည်ပြုမှာ ပါဆိုတဲ့ ဝေဖန်မှုတွေကို တိတ်ဆိတ်စေတဲ့အပြင် အစိုးရလုပ်တိုင်း ငုံ့မခံတဲ့ Check & Balance လုပ်နိုင်တဲ့ လွှတ်တော်ကို ပြည်သူ တွေရလာပြီဆိုတာတွေ့ရလို့ ဝမ်းသာစရာဖြစ်ပြီး NLD လွှတ်တော်ကို မှတ်ကျောက်တင်ရမှာ ဖြစ်ပါတယ်။

ဒီလို ပြည်သူတွေအတွက် ဝမ်းသာစရာ ဆုံးဖြတ်ချက်က ခိုင်မာဖို့တော့ လိုအပ်မှာ အမှန်ပဲဖြစ်ပါတယ်။ မူးယစ်ဆေးဝါးကငွေတွေ၊ အစ္စလာမ္မစ် အစွန်းရောက်အကြမ်းဖက်တွေရဲ့ ငွေတွေ စီးဝင်မလာအောင် ကာကွယ်ရမယ့် တာဝန်ဟာ ဥပဒေနဲ့ စနစ်တကျလုပ်ဆောင်မှပဲ ကာကွယ်နိုင်ပါလိမ့်မယ်။ ဒီလိုငွေမည်းခဝါချပုဒ်မကို ဥပဒေအဖြစ် အသွင်ပြောင်းတော့မယ်ဆိုရင်လည်း SME တွေအတွက် အထူးအခွန်လျှော့ချတာ၊ မှန်မှန်ကန်ကန် လုပ်ဆောင်နေတဲ့ လုပ်ငန်းစုတွေ ပြည်သူတွေအတွက် အခွန်ဆောင်ခဲ့တဲ့ကာလတွေကို ပြန်လည်ချီးမြှောက်တဲ့အနေနဲ့ ဝင်ငွေခွန် သက်သာခွင့်ပေးတဲ့ အချက်မျိုးတွေကိုလည်း ထည့်သွင်းရေးဆွဲပေးသင့်ကြောင်း အကြံပြုလိုပါတယ်။

Most Read

Most Recent