ကိုရီးယား AIC နှင့် စင်ကာပူ R & R Pte တို့ ပူးပေါင်းထားသည့် MAC ကုမ္ပဏီက ဆီအုန်းစိုက်ပျိုးရန် မြေဧက ၁၃၃၆၀၀ ကျော် ရယူထားသော်လည်း ခြောက်နှစ်အတွင်း ၃၃၁၅ ဧကခန့်သာ စိုက်ပျိုးနိုင်ခဲ့ခြင်းနှင့် သစ်တန်ချိန် ၁၉၀၀၀၀ ခန့် ထုတ်ယူမှု တွေ့ရှိရပြီး ပြည်ပသို့ တရားမဝင် တင်ပို့ခြင်းရှိပါက နိုင်ငံမှ အခွန်ဘဏ္ဍာ ဒေါ်လာသန်းနှင့်ချီ ဆုံးရှုံးနိုင်ကြောင်း အစီရင်ခံစာ ထုတ်ပြန်

ကိုရီးယား AIC နှင့် စင်ကာပူ R & R Pte တို့ ပူးပေါင်းထားသည့် MAC ကုမ္ပဏီက ဆီအုန်းစိုက်ပျိုးရန် မြေဧက ၁၃၃၆၀၀ ကျော် ရယူထားသော်လည်း ခြောက်နှစ်အတွင်း ၃၃၁၅ ဧကခန့်သာ စိုက်ပျိုးနိုင်ခဲ့ခြင်းနှင့် သစ်တန်ချိန် ၁၉၀၀၀၀ ခန့် ထုတ်ယူမှု တွေ့ရှိရပြီး ပြည်ပသို့ တရားမဝင် တင်ပို့ခြင်းရှိပါက နိုင်ငံမှ အခွန်ဘဏ္ဍာ ဒေါ်လာသန်းနှင့်ချီ ဆုံးရှုံးနိုင်ကြောင်း အစီရင်ခံစာ ထုတ်ပြန်
Published 18 March 2018

တနင်္သာရီတိုင်းဒေသကြီး MAC ဧရိယာအတွင်းရှိ ဆီအုန်းစိုက်ခင်းများအား လမ်းဘေးတစ်လျှောက်၌သာ စိုက်ပျိုးထားသည်ကို တွေ့ရစဉ် (မူရင်း -စိမ်းလန်းအမိမြေ (၂၀၁၈))

ကိုရီးယားနိုင်ငံ အခြေစိုက် အော်တိုစက်မှုလုပ်ငန်းစု (AIC-Auto Industrial Corporation) နှင့် စင်ကာပူနိုင်ငံအခြေစိုက် Resource & Resource Pte, Ltd တို့ ပူးပေါင်း တည်ထောင်ထားသည့် Myanmar Auto Corporation ကုမ္ပဏီက ဆီအုန်းစိုက်ပျိုးရန် တနင်္သာရီတိုင်းဒေသကြီးတွင် မြေ ၁၃၃၆၀၀ ဧကအထိ ရယူခဲ့သော်လည်း အမှန်တကယ် စိုက်ပျိုးမှုမှာ ခြောက်နှစ်တာ ကာလအတွင်း ဆီအုန်း ၃၃၁၅ ဧကသာ စိုက်ပျိုးနိုင်ခဲ့သည့် အခြေအနေနှင့် အဆိုပါကာလတွင် သစ်တောများ ခုတ်ထွင်ကာ သစ်တန်ချိန် ၁၉၀၀၀၀ ကျော်အထိ ထုတ်ယူခဲ့သည့် အခြေအနေကို တွေ့ရှိခဲ့ရကြောင်း၊ ထိုသို့ ထုတ်ယူခဲ့သည့် သစ်များကို ပြည်ပသို့ တရားမဝင် တင်ပို့ခြင်းရှိပါက နိုင်ငံအနေဖြင့် အခွန်ဘဏ္ဍာ ဒေါ်လာသန်းနှင့်ချီ ဆုံးရှုံးနိုင်မည်ဖြစ်ကြောင်း အခြေအနေအပေါ် လေ့လာထားသည့် “ဆီအုန်းနောက်ကွယ်၊ ဆွယ်ယောင်ပြစိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုများ၏ အကျိုးဆက်” အစီရင်ခံစာကို မတ် ၁၇ ရက် က ရန်ကုန်မြို့ရှိ Park Royal တွင် ထုတ်ပြန် ရှင်းလင်းခဲ့သည်။

အဆိုပါ အစီရင်ခံစာကို စိမ်းလန်းအမိမြေအသင်း၊ တောင်ပိုင်းလူငယ်အသင်း၊ မြန်မာနိုင်ငံ ရှေ့နေများကွန်ရက်၊ အနာဂတ်အလင်းကော်မတီ (မနိုးရုံး)၊ အစိမ်းရောက်ကွန်ရက် (မြိတ်ကျွန်းစု) နှင့် ပနဲတာကပေါ စသည့် အဖွဲ့ခြောက်ခုက ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းမှစ၍ ၂၀၁၈ ခုနှစ် မတ်လအထိ တစ်နှစ်ကျော် ရေးသားပြုစုခဲ့ပြီး ထုတ်ပြန်ခြင်း ဖြစ်သည်။

တနင်္သာရီတိုင်းတွင် ဆီအုန်းစိုက်ဧက ၁ ဒသမ ၈ သိန်းခန့် ခွင့်ပြုပေးထားသော်လည်း အမှန်တကယ်တွင် လမ်းဘေး ဝဲယာသာ ယောင်ပြစိုက်ပျိုးနေမှုကို တွေ့ရှိရပြီး ပြီးခဲ့သည့်နှစ်တွင် အစိမ်းရောင်ကန္တာရ အစီရင်ခံစာ ထုတ်ပြန်ခဲ့သော်လည်း ဒေသခံများ၏ နစ်နာမှုများအပေါ် ဖြေရှင်းဆောင်ရွက်မှု မတွေ့ရှိရသဖြင့် “ဆီအုန်းနောက်ကွယ်၊ ဆွယ်ယောင်ပြစိုက်ပျိုးရေး ရင်းနှီးမြှုပ်နှံမှုများ၏ အကျိုးဆက်” အစီရင်ခံစာကို ဆက်လက်ပြုစု ထုတ်ဝေရခြင်း ဖြစ်ကြောင်း တနင်္သာရီတိုင်းဒေသကြီးမှ ဒေသခံ အဖွဲ့အစည်းဖြစ်သော တောင်ပိုင်းလူငယ်အဖွဲ့အစည်းမှ ဦးစံငွေက ရှင်းလင်းပြောကြားသည်။

“ဆီအုန်း စိုက်ပျိုးဖို့ မြေဧက ၁ ဒသမ ၈ သန်းလောက် ခွင့်ပြုပေးခဲ့ရာမှာ ဒေသခံတွေ ရဲ့မြေတွေ တော်တော်များများ ပါသွားတာ တွေ့ရတယ်။ သို့သော်လည်း ၁ ဒသမ ၈ သန်းလောက်မှာ သုံးသိန်းလောက်ပဲ စိုက်နိုင်တာ တွေ့ရတော့ ဆုံးရှုံးမှုတွေ ရှိတယ်။ သုံးသိန်းကျော် စိုက်နိုင်ခဲ့တယ် ဆိုရင်တောင်မှ ဒီဆီအုန်းစိုက်တာတွေက ယောင်ပြအနေနဲ့ပဲ တွေ့ရတယ်။ ယောင်ပြဆိုတာက လမ်းဘေး ဝဲယာ ပေ ၁၀၀ ဝန်းကျင်ပဲ စိုက်ထားတာတွေ့ ရတယ်။ ဒီစီမံကိန်းတွေကို ပြန်ကြည့်တဲ့အခါ မှာ မြေသိမ်းတဲ့အထဲမှာ MAC က အကြီးဆုံး ဖြစ်နေပြီးတော့ သူတို့ ဝင်လာတဲ့အခါမှာ ဒေသခံတွေကို ရှင်းလင်း အသိပေးတာလည်း မရှိဘဲ ဒီမြေသည် ရင်းနှီးမြှုပ်နှံဖို့ ခွင့်ပြုချက်ရထားပြီးတဲ့မြေ ဆိုတာမျိုးနဲ့ ဝင်လာတာ တွေ့ရတယ်”ဟု ဦးစံငွေက ဆိုသည်။

MAC ကုမ္ပဏီမှာ တနင်္သာရီတိုင်းဒေသကြီးအတွင်း ဆီအုန်းအများဆုံး စိုက်ပျိုးရန် မြေဧကအများဆုံး ရရှိခဲ့သည့် ကုမ္ပဏီဖြစ်ပြီး ဒေသခံများ၏ ဥယျာဉ်ခြံမြေများ၊ တောင်ယာ စသည့် မြေဧက ၂၀၀၀ ကျော် အပါအဝင် ဧက ၁၃၃၆၀၀ တွင် လုပ်ကိုင်ခွင့် ရရှိခဲ့သော်လည်း ခြောက်နှစ်တာ ကြာမြင့်ချိန်အထိ ရယူထားသည့် မြေများ၏ သုံးရာခိုင်နှုန်း (၃၃၁၅ ဧက) ခန့်တွင်သာ အကောင်အထည် ဖော်နိုင်ခဲ့သည်ကို တွေ့ရှိရပြီး တစ်ဖက်တွင်မူ ကုမ္ပဏီ ဝင်ရောက်ပြီးနောက်ပိုင်း သစ်တောဧက ၁၆၀၀၀ ခန့် ပြုန်းတီးသွားခဲ့သည်ဟု ဆိုသည်။ ဒေသခံများ၏ အဆိုအရ သစ်တန်ပေါင်း ၁၃၀၀၀ ထက်မနည်း ထုတ်ယူခဲ့သည်ဆိုသော်လည်း နိုင်ငံတကာ သုတေသနစာတမ်းများအရ အလားတူ အပူပိုင်း မုတ်သုန်သစ်တောများတွင် ရောင်းတန်းဝင် ကညင်သစ်မျိုးများ ပေါက်ရောက်မှုမှာ သစ်တောဧရိယာ၏ ရာခိုင်နှုန်း ၃၀ အထက် ရှိနိုင်ပြီး ထုတ်လုပ်ရရှိသော သစ်တန်ချိန်မှာလည်း တစ်ဧကတွင် ပျမ်းမျှ ၁၂ တန်ခန့် ရှိနေသောကြောင့် MAC စီမံကိန်း ဧရိယာအတွင်း ဆုံးရှုံးသွားသော သစ်တော မြေဧကအပေါ် မူတည်၍ ခုတ်ယူ ထုတ်လုပ်နိုင်သော သစ်တန်ပမာဏ တန်ချိန် ၁၉၀၀၀၀ အထိ ရှိနိုင်သဖြင့် MAC ၏ သစ်ထုတ်လုပ်မှုမှာ ဒေသခံများ ခန့်မှန်းပြောဆိုသည်ထက် များစွာ သာလွန်နေသည်ဟု စိမ်းလန်းအမိမြေ မှ ဦးလွင်မောင်မောင်ဆွေက ရှင်းလင်းပြောကြားသည်။

“တောကောင်းက ဧက ၁၆၀၀၀ လောက် လျော့သွားတာကို မြင်ရတယ်။ တစ်ဖက်မှာ ဆီအုန်းက ဧက ၁၆၀၀၀ စိုက်ထားမယ်ဆို ပြဿနာမရှိဘူး။ ဆီအုန်းစိုက်ဖို့ သစ်ခုတ်တယ် ပြောလို့ရတယ်။ ဒါပေမဲ့ တစ်ဖက်မှာ ဆီအုန်းစိုက်တဲ့ မြေက ဧက ၃၀၀၀ ကျော်ပဲ တက်သွားတာ ရှိတယ်။ ကြားထဲမှာ ဟနေတဲ့ ဧက ၁၃၀၀၀ က ဆီအုန်းစိုက်ဖို့ မဟုတ်ဘဲနဲ့ သစ်ထုတ်ခဲ့တာလို့ တစ်ဖက်က ပြန်သုံးသပ်လို့ ရတယ်”ဟု ဦးလွင်မောင်မောင်ဆွေက ပြောကြားသည်။

ထုတ်ယူခဲ့သော သစ်များမှာ မြေအသုံးချမှု ပုံစံပြောင်းသစ်များဖြစ်ပြီး အဆိုပါသစ်များ၏ တရားဝင်မှုမှာ အငြင်းပွားဖွယ် ဖြစ်သော်လည်း ကုမ္ပဏီဝန်ထမ်းများနှင့် ဒေသခံတို့၏ မျက်မြင်သက်သေများအရ ဒေသတွင်း ကုမ္ပဏီတစ်ခုနှင့် ချိတ်ဆက်ပြီး ခုတ်ယူသစ်များအား ပြည်ပသို့ တင်ပို့ခဲ့သည်ဟု သုံးသပ်နိုင်သည့်အပြင် MAC အနေဖြင့် Alibaba ကဲ့သို့ အင်တာနက် စာမျက်နှာများတွင် ဆီအုန်းစီမံကိန်းမှ တရားမဝင်သစ်များအား တရားဝင်သကဲ့သို့ တင်ပို့ရောင်းချလိုကြောင်း ဖော်ပြမှုမျိုး တွေ့ရှိရသဖြင့် MAC အနေဖြင့် ဆီအုန်းစိုက်ပျိုးမှုမှ အကျိုးအမြတ် ရရှိရေး ကြိုးပမ်းခဲ့သည်ဟု ဆိုနိုင်မည်ဖြစ်ကြောင်း၊ အကယ်၍ အထူးခွင့်ပြုချက်ဖြင့် ပြည်ပပို့ခွင့် ပြုခဲ့လျှင်ပင် သစ်တောဦးစီးဌာနက ထုတ်ပြန်ထားသည့် လုပ်ထုံးလုပ်နည်း၊ စည်းကမ်းများကို မည်မျှအထိ တိတိကျကျ လိုက်နာ ဆောင်ရွက်ခဲ့သည် ဆိုသည့် အခြေအနေမှာ စိုးရိမ်စရာကောင်းသည့် အနေအထားအဖြစ် သုံးသပ်တွေ့ရှိကြောင်းနှင့် သစ်တန် သိန်းနှင့်ချီ ထုတ်ယူခဲ့ပြီး ပြည်ပသို့ တရားမဝင် တင်ပို့ခြင်းများ ရှိခဲ့ပါက နိုင်ငံတော်အနေဖြင့် အခွန်ဘဏ္ဍာ ဒေါ်လာသန်းနှင့်ချီ ဆုံးရှုံးနိုင်မည် ဖြစ်ကြောင်း အစီရင်ခံစာ မိတ်ဆက်ပွဲ သတင်းပြန်ကြားချက်တွင် ဖော်ပြထားသည်။

ထိုမျှမက MAC အနေဖြင့် စီမံကိန်း အကောင်အထည်ဖော်ရန် မြေယာသိမ်းယူခြင်း၊ စီမံကိန်း အကောင်အထည်ဖော်ခြင်း ကိစ္စများတွင် နိုင်ငံတကာ ဥပဒေစံနှုန်းများသာမက မြန်မာ့ တည်ဆဲဥပဒေများကိုပါ အချက်များစွာ ချိုးဖောက်ခဲ့သည်ကို တွေ့ရှိခဲ့ရသည်။ ဒေသခံများအဆိုအရ ခြောက်နှစ်အတွင်း ဧက ၆၅၀၀ ကျော်နှင့် ဂြိုဟ်တုမြေပုံများအရ ဧက ၃၀၀၀ (သုံးရာခိုင်နှုန်းခန့်) ခန့်သာ စိုက်ပျိုးနိုင်ခဲ့သောကြောင့် တည်ဆဲ မြေလွတ်မြေလပ်မြေရိုင်း ဥပဒေပါ ပြဋ္ဌာန်းချက်ဖြစ်သည့် နှစ်အလိုက် လျာထားစိုက်ပျိုးရမည့် စိုက်ဧက ကို ပြည့်မီအောင် လိုက်ပါစိုက်ပျိုးနိုင်ခြင်း မရှိခြင်းမှာ သိသာကြောင်းနှင့် တစ်နှစ်ပျမ်းမျှ ဧက ၅၀၀ ခန့်သာ စိုက်ပျိုးနိုင်ခြင်းကြောင့် ရယူထားသည့် ဧက ၁၃၃၆၀၀ အတွက် နှစ် ပေါင်း ၂၆၇ နှစ်ကြာအောင် စိုက်ပျိုးရမည့်အခြေအနေ ဖြစ်ပေါ်နေကြောင်း စိမ်းလန်းအမိမြေအသင်း ဥက္ကဋ္ဌ ဦးဝင်းမျိုးသူက သုံးသပ် ပြောကြားသည်။

“သစ်ထုတ်ချင်လို့ အကြောင်းပြပြီးတော့ ထုတ်နေတဲ့ ကိစ္စတွေက တိုင်းပြည်ရဲ့ စီးပွားတိုးတက်ရေးကို အထောက်အကူမပြုဘဲနဲ့ ပိုပြီးတော့ သဘာဝပတ်ဝန်းကျင် ပျက်စီးတာကို မြင်တဲ့အတွက် ကျွန်တော်တို့ အရပ်ဘက် အဖွဲ့အစည်းက လက်ခံနိုင်ခြင်း မရှိပါဘူး”ဟု ဦးဝင်းမျိုးသူက ဆိုသည်။

အဆိုပါ အစီရင်ခံစာနှင့် ပတ်သက်ပြီး MAC ကုမ္ပဏီသို့ ဆက်သွယ် မေးမြန်းခြင်း၊ အကြောင်းကြားခြင်းများနှင့် လက်ရှိ ကျင်းပသည့် အစီရင်ခံစာ မိတ်ဆက်ပွဲသို့ ဖိတ်ကြားခြင်းများ ရှိခဲ့ရာ ကုမ္ပဏီဘက်မှ အင်္ဂလိပ်လို ရှင်းလင်းမှုပြု မပြု မေးမြန်းသဖြင့် အစီရင်ခံစာ အနှစ်ချုပ် အင်္ဂလိပ်ဘာသာဖြင့် ပေးပို့ထားသော်လည်း ကုမ္ပဏီဘက်မှ တုံ့ပြန်မှုမရှိသေးကြောင်း ဦးဝင်းမျိုးသူက ပြောကြားပြီး MAC ကုမ္ပဏီအပေါ် သစ်ထုတ်ခွင့်နှင့် ပတ်သက်ပြီး တရားဝင်နှစ်ကြိမ် ခွင့်ပြုခဲ့ကာ ပထမအကြိမ် တန်ချိန် ၆၆၇၀ ခန့်နှင့် ဒုတိယအကြိမ်တွင် တန်ချိန် ၁၁၀၀၀ ကျော်အပေါ် ရာခိုင်နှုန်း ၅၀ စီ ခံစားခွင့်ဖြင့် ထုတ်ယူစေခဲ့ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီးဌာနမှ သိရသည်။

“ MAC ကို မြန်မာ့သစ်လုပ်ငန်းနဲ့ တရား၀ င်စာချုပ်ချုပ်ပြီး သစ်ထုတ်ခွင့် ပြုခဲ့ပါတယ်။ ၂၀၁၂-၂၀၁၃ သစ်ထုတ်ခွင့် ပြုခဲ့ပါတယ်။ သို့သော် အဲဒီနှစ်မှာ သစ်မထွက်ခဲ့ပါဘူး။ အဲဒီတော့ ၂၀၁၃-၂၀၁၄ မှာ သက်တမ်းတိုး ထုတ်ခွင့်ပြုတဲ့အတွက် သစ်မာ ၆၆၇၇ တန် ထွက်ခဲ့ပါတယ်။ အဲဒီ ၆၆၇၇ တန်ကို ၁၀၀ ရာခိုင်နှုန်း အကျိုးခံစားခွင့် ပေးခဲ့ပါတယ်။ ၂၀၁၄-၂၀၁၅ မှာ တန် ၅၀၀၀ အပြောင်ရှင်းခွင့် ထပ်ပေးခဲ့ပြီး အဲဒီအပေါ်မှာ ၁၀၁၅၄ တန် ထွက်ခဲ့ပါတယ်။ အဲဒီမှာ သူတို့ကို ရာခိုင်နှုန်း ၅၀ အကျိုးခံစားခွင့် ပေးခဲ့ပါတယ်”ဟု မြန်မာ့သစ်လုပ်ငန်းမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

ထိုသို့ တရားဝင် ထုတ်ယူခွင့် ရရှိခဲ့သည့် သစ်ပမာဏမှာ တန်ချိန် ၁၇၀၀၀ ခန့်သာ ရှိနေသော်လည်း အစီရင်ခံစာ လေ့လာတွေ့ရှိရသည့် သစ်ထုတ်ယူမှုပမာဏမှာ တန် ၁၉၀၀၀၀ ခန့် ဖြစ်နေသဖြင့် များစွာ ကွာဟနေသည်ဟု ဦးဝင်းမျိုးသူက ပြောကြားသည်။ ဖြိုးဝေ

Most Read

Most Recent