ကျောက်မဲမြို့နယ်အနီး တိုက်ပွဲများအတွင်း ပိတ်မိနေသော စစ်ဘေးရှောင် ၂၂၀ ကျော်ကို ကယ်ထုတ်နိုင်သော်လည်း ရွာအချို့ ပိတ်မိနေဆဲဖြစ်

ကျောက်မဲမြို့နယ်အနီး တိုက်ပွဲများအတွင်း ပိတ်မိနေသော စစ်ဘေးရှောင် ၂၂၀ ကျော်ကို ကယ်ထုတ်နိုင်သော်လည်း ရွာအချို့ ပိတ်မိနေဆဲဖြစ်
Published 17 March 2018

ကျောက်မဲမြို့နယ်အောင်မြေသာယာ ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်များအား မတ် ၁၆ ရက်က တွေ့ရစဉ်(ဓာတ်ပုံ-သားဇော်)

တိုက်ပွဲအတွင်း ပိတ်မိနေသောပြည်သူများကို ကယ်ထုတ်နိုင်ရန်အတွက် လူမှုကူညီရေး အသင်းများနှင့်အရပ်ဘက်အဖွဲ့အစည်း စုစုပေါင်းငါးဖွဲ့ ပူးပေါင်းပြီး မတ် ၁၅ ရက်က သွားရောက်ကယ်တင်ရာ တိုက်ပွဲများပြင်းထန်နေသဖြင့် ကယ်တင်မရဘဲ ပြန်လာခဲ့ရပြီး မတ် ၁၆ ရက် ညနေပိုင်းမှသာ မိုင်းငေါ့မြို့ နယ်ခွဲဘုန်းတော်ကြီးကျောင်းမှ လူ ၂၂၀ ကျော်ကို ကယ်ထုတ်လာနိုင်ကြောင်း၊ ကျောက်မဲမြို့နယ် အောင်မြေသာယာဘုန်းတော်ကြီးကျောင်းသို့ စစ်ဘေးရှောင်များကို ခိုလှုံထားရှိကြောင်း သိရသည်။

ထိုသို့ ကယ်တင်နိုင်ရန်အတွက် ကျောက်မဲ ဇီဝိတလူမှုကူညီရေးအသင်း၊ ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်)၊ နယ်စည်းမခြားပရဟိတ (သီပေါ) ၊ One More (သီပေါ) နှင့် မွတ်စလင်အသင်းတို့ ပူးပေါင်းပြီး ပရဟိတအသင်းများမှ ယာဉ်ကိုးစီး၊ အရပ်ဘက်လူ့အဖွဲ့အစည်းများမှ နှစ်စီး၊ ဦးဆောင်ဦးရွက်ပြုသောအဖွဲ့နှစ်စီး အပါအဝင် ယာဉ်တန်းဖြင့် နှစ်ရက်တာ သွားရောက်ကယ်တင်ရခြင်းဖြစ်ကြောင်း သိရသည်။

“တိုက်ပွဲတွေဖြစ်နေသေးတယ်။ ပိတ်မိ နေတာ ခြောက်ရက်လောက်ရှိပြီလို့ ပြောတယ်။ သူတို့ စွတ်ထွက်လာလို့ကယ်နိုင်တာ ၂၂၀ ကျော်တော့ ရောက်နေပြီ။ ရွာတွေမှာ တိုက်ပွဲတွေလှည့်ပတ်ဖြစ်နေတာ။ မလာနိုင်တဲ့ ရွာတွေအများကြီး ကျန်သေးတယ်။ စား သောက်စရာတွေ ကျန်းမာရေးတွေလိုအပ်မယ်ထင်တယ်။ မနေ့က တစ်ခါသွားကြိုတာ တိုက်ပွဲတွေ ပြင်းထန်တော့လှည့်ပြန်လာတာ” ဟု ကမ်းလင့်လက်များ လူမှုကူညီရေးအသင်း (နောင်ပိန်)မှ တာဝန်ခံစိုင်းနေအောင်က ဆိုသည်။ တိုက်ပွဲကြားရှိ ကျေးရွာသုံးခုမှ ဒေသခံ လေးရာနီးပါး ပိတ်မိနေပြီး စားဝတ်နေရေးနှင့် လုံခြုံရေးအခြေအနေ စိုးရိမ်ရသည့်အတွက် ဒေသခံပရဟိတအဖွဲ့များက ယခုလိုကူညီဆောင်ရွက်ပေးခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် တော့ဖယ်ကျေးရွာတွင် တိုက်ပွဲများ ပြင်းထန်ပြီး နေအိမ် ၁၂ လုံး မီးလောင် ခံထားရကြောင်း ထိခိုက်ဒဏ်ရာရသည့် ဒေသခံများလည်း ရှိနေကြောင်း သိရသည်။

“တိုက်ပွဲဖြစ်ပွားတဲ့ရွာတွေက ဒေသခံတွေက အားကိုးတကြီးနဲ့ လာကယ်ထုတ်ဖို့ ဆက်သွယ်လာပေမယ့် ကျွန်တော်တို့ သူတို့ ရွာအထိ မရောက်နိုင်ခဲ့ဘူး။ အောင်ချမ်းသာရွာကနေ ရှေ့ဆက်တိုးဖို့ အခက်အခဲရှိနေတာနဲ့ ရွာသားတွေကို ထွက်လာနိုင်အောင် ကြိုးစားပေမယ့်လည်း အသက်အန္တရာယ်တွေ ရှိနေတာကြောင့် လက်လျှော့ခဲ့ရပါတယ်။ စားနပ်ရိက္ခာ သောက်သုံးရေ ကျန်းမာရေး အခက်အခဲများစွာ ရင်ဆိုင်နေရတဲ့ ဒေသခံတွေအတွက် မေတ္တာရှေ့ထားပြီး တောင်းဆိုပါရစေ။ သူတို့တတွေ သူတို့ရွာကနေ ဘေး အန္တရာယ်ကင်းကင်းနဲ့ ထွက်လာနိုင်ဖို့ ခဏတာ လမ်းဖွင့်ကူညီပေးပြီး ဒေသတွင်းငြိမ်းချမ်းရေးကို ဦးတည်စေချင်ပါတယ်လို့ ကျွန်တော်တို့အနေနဲ့ တောင်းဆိုချင်ပါတယ်ဟု တိုက်ပွဲဖြစ်ပွားသည့်ဒေသများရှိ ဒေသခံများအား ကယ်ထုတ်ရန် သွားရောက်ခဲ့သည့် ကျောက်မဲမြို့ မှ ကိုသားဇော်က မတ် ၁၅ ရက် က ပြောကြားသည်။

ဆက်လက်၍ ကိုသားဇော်က “လတ်တလောမိုင်းငေ့ါမြို့အနီးက မန်ခေါက်ရွာကို ရောက်လာတဲ့ စစ်ဘေးရှောင်တွေကို ကျောက်မဲမြို့မှာ လာနေဖို့ သွားကြိုဖို့လုပ်ဖို့ ဆက်သွယ်ပေမယ့်လည်း သူတို့က မန်ခေါက်ရွာကနေ ထွက်မလာချင်ကြသေးဘူး။ သူတို့ရဲ့ ရွာသားတွေတောထဲမှာ ကျန်ခဲ့တာတွေလည်း ရှိတယ်။ နောက်တစ်ချက်က အဲဒီနားက ရွာက လူတွေထွက်လာရတော့မယ်။ တချို့တွေဆို စားသောက်ရေး အခက်အခဲဖြစ်နေတယ်။ ရွာတွေမှာ တချို့ရေတွေတောင်ပြတ်နေကြတယ်” ဟု ပြောကြားသည်။

လားရှိုး၊ နမ္မတူလမ်းပေါ်ရှိ နားဆိုင်းကျေးရွာ၊ ၁၈ မိုင်ရွာတို့တွင်လည်း တိုက်ပွဲများဖြစ်ပွားမှုကြောင့် နမ္မတူမြို့နယ်နှင့် မန်စံကျေးရွာတို့တွင် စစ်ဘေးရှောင်များ ခိုလှုံနေရကြောင်း သိရသည်။

Most Read

Most Recent