မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေမှာ အလွန်ဆိုးရွားနေသည်ဟု ၈၃ ရာခိုင်နှုန်းကျော် ဆန္ဒပြုပြီး အစိုးရက စီးပွားရေးတိုးတက်မှုထက် အခွန်ကောက်ခံရန်သာ အာရုံစိုက်နေကြောင်း Myanmar Insider စစ်တမ်းတွင် ဖော်ပြ

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေး အခြေအနေမှာ အလွန်ဆိုးရွားနေသည်ဟု ၈၃ ရာခိုင်နှုန်းကျော် ဆန္ဒပြုပြီး အစိုးရက စီးပွားရေးတိုးတက်မှုထက် အခွန်ကောက်ခံရန်သာ အာရုံစိုက်နေကြောင်း Myanmar Insider စစ်တမ်းတွင် ဖော်ပြ
Published 17 March 2018

Myanmar Insider က ထုတ်ပြန်ခဲ့သည့် ၂၀၁၇ ဒီဇင်ဘာ စစ်တမ်းနှင့် ၂၀၁၈ မတ်လ စစ်တမ်း နှိုင်းယှဉ်မှုကို တွေ့ရစဉ်

မြန်မာနိုင်ငံ၏ လက်ရှိစီးပွားရေးအခြေအနေမှာ ပြီးခဲ့သည့် သုံးလကထက် အလွန်ဆိုးရွားနေသည်ဟု ၈၃ ရာခိုင်နှုန်းကျော်က ဆန္ဒပြုထားပြီး လက်ရှိအစိုးရက စီးပွားရေးတိုးတက်မှုထက် အခွန်ကောက်ခံရန်သာ အာရုံစိုက်နေကြောင်း Myanmar Insider Business ဂျာနယ်က ထုတ်ပြန်သည့် သုံးလတစ်ကြိမ် စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်း စစ်တမ်း (၂၀၁၈ ခုနှစ် ဇန်နဝါရီ-မတ်) တွင် ဖော်ပြထားသည်။

၂၀၁၇ ခုနှစ် အောက်တိုဘာ-ဒီဇင်ဘာတွင် ထုတ်ပြန်ခဲ့သည့် စစ်တမ်း၌ နောက်လာမည့် သုံးလအတွင်း စီးပွားရေးအခြေအနေအပေါ် စစ်တမ်းကောက်ယူရာ ပိုမိုဆိုးရွားလာမည်ထင်မြင်မှု လေးရာခိုင်နှုန်း၊ အနည်း ငယ် ဆိုးရွားမည်ထင်မြင်မှု ၄၆ ရာခိုင်နှုန်း၊ အနည်းငယ် ကောင်းလာမည်ဟု ထင်မြင်မှု ၃၈ ရာခိုင်နှုန်းနှင့် ပို၍ကောင်းလာမည်ဟု ထင်မြင်မှု လေးရာခိုင်နှုန်းက ဆန္ဒပြုခဲ့သည်ဟု စစ်တမ်းတွင်ဖော်ပြခဲ့ပြီး လက်ရှိတွင် အမှန်တကယ် လုပ်ငန်းလုပ်ဆောင်သူများ၏ ၂၀၁၈ ခုနှစ် ဇန်နဝါရီ-မတ်စစ်တမ်းတွင် ဖြေဆိုမှုအရ မြန်မာ့စီးပွားရေးအခြေအနေမှာ ပြီးခဲ့သည့် သုံးလကထက် ပိုမိုဆိုးရွားခဲ့ကြောင်း ဖြေဆိုခဲ့ကြသည်။

မြန်မာနိုင်ငံရှိ စီးပွားရေးလုပ်ငန်းရှင် ၅၀ အထက်ကို အခြေခံကာ စစ်တမ်းကောက်ယူထားသည့် အဆိုပါညွှန်းကိန်းတွင် ယခုသုံးလအတွင်း သုံးလတစ်ကြိမ် စီးပွားရေးညွှန်းကိန်း၌ အနုတ် ၁၄ ပြခဲ့ပြီး လက်ရှိ ဇန်နဝါရီ-မတ် စစ်တမ်းတွင် အနုတ် ၂၅ ပြခဲ့ကာ စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်း သိသိသာသာ ကျဆင်းမှုဖြစ်ပေါ်ခဲ့သည်။

နောက်လာမည့်သုံးလအတွက် ကြိုတင်ဖြေဆိုရာတွင် လက်ရှိကာလထက် ပို၍ ဆိုးရွားမည်ဟု ဖြေဆိုမှု ၆ ဒသမ ၆၇ ရာခိုင် နှုန်း၊ အနည်းငယ် ဆိုးရွားမည်ဖြေဆိုမှု ရာခိုင်နှုန်း ၄၀ နှင့် အနည်းငယ်ကောင်းလာမည်ဟု ဖြေဆိုမှု ၅၃ ဒသမ ၃၃ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး ယခင်သုံးလကထက် မျှော်မှန်းချက် မြင့်တက်ခဲ့သည်။ ထိုသို့ မျှော်မှန်းချက် မြင့်တက်ခဲ့သော်လည်း မိမိတို့၏ စီးပွားရေးလုပ်ငန်းများနှင့်ပတ်သက်၍ ယုံကြည်မှုမှာ ယခင် သုံးလကထက် ကျဆင်းနေသည်ဟု စစ်တမ်းက ဆိုသည်။

လက်ရှိစီးပွားရေးအခြေအနေအပေါ်  အကျိုးသက်ရောက်စေနိုင်မည့် အချက်များအဖြစ် အခွန်အပါအဝင် စီးပွားရေးလုပ်ငန်းများ၏ ကုန်ကျစရိတ်များကို ၆၃ ရာခိုင်နှုန်းအထိ ဆန္ဒပြုခဲ့ပြီး အစိုးရက စီးပွားရေးတိုး တက်ရန်ထက် အခွန်ကောက်ခံရန်သာ အာရုံစိုက်နေကြောင်း ဖော်ပြထားပြီး မြန်မာ့ငွေ ကြေးအားနည်းလာမှုအပေါ် ၆ ဒသမ ၆၇ ရာခိုင်နှုန်းနှင့် ကမ္ဘာ့စီးပွားရေးမသေချာမှုများက ၁၃ ဒသမ ၃၃ ရာခိုင်နှုန်းအထိ အကျိုးသက်ရောက်နိုင်မည်ဟု ဖြေဆိုခဲ့ကြသည်။

ဦးသိန်းစိန်အစိုးရလက်ထက် စီးပွားရေးစီမံခန့်ခွဲမှု ကောင်းမွန်ခြင်း ၄၆ ရာခိုင်နှုန်း၊ ပုံမှန်အခြေအနေ ၂၇ ရာခိုင်နှုန်းနှင့် စီမံခန့်ခွဲခြင်း ကောင်းမွန်ခြင်းမရှိမှု ၁၉ ရာ ခိုင်နှုန်းသာရှိသော်လည်း NLD အစိုးရလက်ထက် စီးပွားရေးစီမံခန့်ခွဲခြင်း မကောင်းမွန်မှုမှာ ၅၉ ရာခိုင်နှုန်းသာ ရှိခဲ့သော်လည်း လက်ရှိစစ်တမ်းတွင် ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်လာပြီး လက်ရှိအစိုးရ၏ စီးပွားရေးစွမ်းဆောင်ရည်အပေါ် အကောင်းမြင်မှု ထပ်မံ ကျဆင်းခဲ့ကြောင်း Myanmar Insider Business ဂျာနယ်က ထုတ်ပြန်ခဲ့သည့် သုံးလတစ်ကြိမ် စီးပွားရေးဆိုင်ရာ ယုံကြည်မှုညွှန်းကိန်း စစ်တမ်းနှစ်စောင် ရလဒ်တွင် နှိုင်းယှဉ်ဖော်ပြထားသည်။

“ပြီးခဲ့တဲ့ အစိုးရနဲ့ လက်ရှိအစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲမှု နှိုင်းယှဉ်ရာမှာ လက်ရှိအစိုးရရဲ့ စီးပွားရေးစီမံခန့်ခွဲခြင်း မကောင်းမွန်မှုက ပထမအကြိမ် စစ်တမ်းမှာ ၅၉ ရာခိုင်နှုန်းပဲ ရှိခဲ့ရာကနေ လက်ရှိစစ်တမ်းမှာ ၆၇ ရာခိုင်နှုန်းအထိ မြင့်တက်သွားပြီး ပြည်သူတွေအနေနဲ့ NLD အစိုးရဟာ စီးပွားရေးဆိုင်ရာ ရလဒ်တွေကို ဆွဲဆောင်နိုင်မှု မရှိတာကြောင့် မကောင်းဘူးလို့ ဖြေဆိုသူများလာတာ တွေ့ရတယ်” ဟု  Myanmar Insider Business ဂျာနယ်၏ စစ်တမ်းတွင် ပြောကြားထားသည်။

ဦးသိန်းစိန်အစိုးရလက်ထက် ၂၀၁၄ ခုနှစ် ဖေဖော်ဝါရီတွင် ကောက်ခံခဲ့သည့် အချက်အလက်များအရ မြန်မာနိုင်ငံ၏ အခြေအနေ အရပ်ရပ်မှာ အကောင်းဘက်တွင် ရှိနေသည်ဟု ဖြေဆိုသူမှာ ၈၈ ရာခိုင်နှုန်းအထိ ရှိနေပြီး လက်ရှိအစိုးရလက်ထက်တွင် မြန်မာနိုင်ငံ၏ အခြေအနေအရပ်ရပ်မှာ အ ကောင်းဘက်တွင် ရှိနေသည်ဟု ယူဆသူမှာ ၇၅ ရာခိုင်နှုန်းသာ ရှိနေသည်ဟု ဖြေဆိုခဲ့သဖြင့် မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေအပေါ် အကောင်းမြင်မှု ကျဆင်းသွားကြောင်း အမေရိကန်အခြေစိုက် International Rupublican Institute (IRI) က ထုတ်ပြန်သည့် မြန်မာနိုင်ငံဆိုင်ရာ လူထုစစ်တမ်းတွင် ယခင်အစိုးရလက်ထက် ကောက်ခံခဲ့သည့် စစ်တမ်းနှင့် နှိုင်းယှဉ်ဖော်ပြမှုအရ သိရသည်။

Most Read

Most Recent