ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေး ဆောင်ရွက်ရာတွင် စစ်စည်းကမ်း လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အတွက် တိုင်းမှူးတစ်ဦးနှင့် ရဲမှူးချုပ်တစ်ဦးအား အရေးယူထား

ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေး ဆောင်ရွက်ရာတွင် စစ်စည်းကမ်း လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အတွက် တိုင်းမှူးတစ်ဦးနှင့် ရဲမှူးချုပ်တစ်ဦးအား အရေးယူထား
Published 15 March 2018

ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ် လက်ခံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်စဉ်

ရခိုင်ပြည်နယ် မြောက်ပိုင်း စစ်ဆင်ရေး ဆောင်ရွက်ရာတွင် စစ်စည်းကမ်း လုပ်ထုံးလုပ်နည်းနှင့် မညီသည့်အတွက် တိုင်းမှူးတစ်ဦးနှင့် ရဲမှူးချုပ်တစ်ဦးအား အရေးယူထားကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

မတ် ၁၄ ရက်က နေပြည်တော်ရှိ ပြန်ကြားရေးဝန်ကြီးဌာနတွင် ပြုလုပ်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အခြေအနေများနှင့် ရခိုင်ပြည်နယ်မှ နေရပ်စွန့်ခွာသူများ ပြန်လည်စိစစ် လက်ခံရေးဆိုင်ရာ သတင်းစာရှင်းလင်းပွဲတွင် ဦးဇော်ဌေးက သတင်းသမားတစ်ဦး၏ မေးမြန်းမှုကို အထက်ပါကဲ့သို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျန်တဲ့ ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ဆောင်ရွက်နေတဲ့ စစ်ဆင်ရေး ဆောင်ရွက်ချက်တွေနဲ့ ပတ်သက်လို့ ကျန်တဲ့ပြစ်မှုတွေနဲ့ စစ်စည်းကမ်း လုပ်ထုံးလုပ်နည်းတွေနဲ့ မညီလို့ အရေးယူထားတာက တပ်မတော်က တိုင်းမှူးတစ်ဦး ရှိတယ်။ ရဲတပ်ဖွဲ့က ရဲမှူးချုပ်တစ်ယောက် ရှိတယ်”ဟု ဦးဇော်ဌေးက ပြောကြားသည်။

သို့သော် အရေးယူထားသည့် တပ်မတော်မှ တိုင်းမှူးတစ်ဦးနှင့် ရဲမှူးချုပ်တို့၏ နာမည်မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့ခြင်း မရှိသော်လည်း ၎င်းတို့သည် ၂၀၁၇ ခုနှစ် အောက်တိုဘာနှင့် သြဂုတ်တွင် တာဝန်ထမ်းဆောင်ခဲ့သူများဖြစ်ပြီး လက်ရှိတွင် တာဝန်ထမ်းဆောင်ခြင်း မရှိတော့ကြောင်း ဦးဇော်ဌေးက ဆိုသည်။

၎င်းက “ ARSA တိုက်တဲ့ အောက်တိုဘာ၊ သြဂုတ် မှာရှိခဲ့တဲ့ တိုင်းမှူး အခုမရှိတော့ဘူး။ ရဲမှူးချုပ်ကလည်း အဲဒီတုန်းကရှိတဲ့ ရဲမှူးချုပ် အခုမရှိတော့ဘူး”ဟု ဦးဇော်ဌေးက ဆက်လက်ပြောကြားသည်။

ရခိုင်ပြည်နယ် အကြမ်းဖက် တိုက်ခတ်မှုဖြစ်စဉ်တွင် ပါဝင်သူ ၁၅၂ ဦး၊ ဆက်စပ်ဖြစ်စဉ်များအတွက် ပါဝင်သူ ၂၃၂ ဦး စုစုပေါင်း ၃၈၄ ဦး ဖမ်းဆီး စစ်ဆေးရာ ဖြစ်စဉ်တွင် ပါဝင်မှုမရှိသဖြင့် ၂၉ ဦး ပြန်လွှတ်ပေးခဲ့ပြီး အကြမ်းဖက်ဖြစ်စဉ်တွင် ပါဝင်သူများကို အကြမ်းဖက် ဥပဒေဖြင့် အရေးယူမှု ၂၄၈ မှုနှင့် လက်နက်ဥပဒေဖြင့် အရေးယူမှု ငါးမှုဖြင့် အရေးယူထားကြောင်း သိရသည်။

ရခိုင်ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေက “တချို့တွေက နှစ်မှု၊ သုံးမှု ထပ်နေတာ ဖြစ်တဲ့အတွက် အားလုံး စုစုပေါင်း ၂၅၃ မှု လောလောဆယ် ရှိပါတယ်။ ဆက်စပ်ဖြစ်စဉ်တွေကတော့ မီးရှို့မှု၊ မီးပေါ့ဆမှု၊ ဆဲဆိုမှု၊ ခြိမ်းခြောက်မှု၊ ခိုးဆိုးကျော်နင်းမှု၊ ယာဉ်တိမ်းမှောက်မှု၊ နာကျင်မှု၊ ခိုးမှု၊ မတရားအသင်း၊ လူသတ်မှု၊ မုဒိမ်းမှု၊ လဝကမှု၊ လက်နက်မှု၊ ပို့ကုန်သွင်းကုန်အမှု ဒီအမှုတွေနဲ့ အရေးယူထားတာ ဖြစ်ပါတယ်”ဟု ပြောကြားသည်။

ရခိုင်ပြည်နယ် မောင်တောခရိုင်တွင် မူလလူဦးရေ ၁,၀၄၅,၄၂၉ ဦး ရှိသည့်အနက် ရခိုင်အကြမ်းဖက်စဉ်ကြောင့် နေရပ်စွန့်ခွာသူ ၅၃၅,၇၆၄ ဦးရှိပြီး လက်ရှိအချိန်အထိ နေထိုင်လျက်ရှိသူ ၄၆၉,၆၆၅ ဦးရှိကြောင်း ရခိုင်ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတင်မောင်ဆွေ၏ ပြောကြားချက်အရ သိရသည်။

Most Read

Most Recent