‘ဝ’ အဖွဲ့နှင့် မိုင်းလားအဖွဲ့က NCA စာချုပ်အား လက်ခံကြောင်း သတင်းထွက်ပေါ်မှုအပေါ် ‘ဝ’ အဖွဲ့ လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ အတည်မပြု

‘ဝ’ အဖွဲ့နှင့် မိုင်းလားအဖွဲ့က NCA စာချုပ်အား လက်ခံကြောင်း သတင်းထွက်ပေါ်မှုအပေါ် ‘ဝ’ အဖွဲ့ လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ အတည်မပြု
Published 15 March 2018

“ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP) နှင့် မိုင်းလားအဖွဲ့ (NDAA) က တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် (NCA) အား လက်ခံကြောင်း သတင်းထွက်ပေါ်မှုအပေါ် အတည်မပြုနိုင်ကြောင်း “ဝ” အဖွဲ့ လားရှိုးဆက်ဆံရေး ဒုတိယတာဝန်ခံ ဦးညီရန်းက The Daily Eleven သတင်းစာကို မတ် ၁၄ ရက်တွင် ပြောကြားသည်။

အဆိုပါနှစ်ဖွဲ့နှင့် အစိုးရ၏ ငြိမ်းချမ်းရေးကောင်မရှင်တို့ အလွတ်သဘော တွေ့ဆုံမှုရလဒ်အရ ယင်းနှစ်ဖွဲ့သည် NCA စာချုပ်အား လက်ခံလိုက်ကြောင်းနှင့် လက်မှတ်ရေးထိုးရန် ဆက်လက်ဆွေးနွေးရမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးအောင်စိုး၏ ပြောကြားချက်အား ကိုးကား၍ DVB သတင်းဌာနက မတ် ၁၄ ရက်တွင် သတင်းဖော်ပြခဲ့သည်။

“အဲဒီသတင်းတွေ တွေ့နေရပါတယ်။ ကျွန်တော့်အနေနဲ့ အဲဒီသတင်းကို အတည်မပြုနိုင်သေးဘူးနော်။ ဌာနချုပ်က ဘာမှပြောသံမကြားရသေးဘူး” ဟု ဦးညီရန်းက ပြောကြားသည်။

သို့ရာတွင် News Watch သတင်းဌာန၏ Facebook တွင် မတ် ၁၄ ရက်၌ပင် သတင်းဖော်ပြထားရာ၌ NCA လက်မှတ်ရေးထိုးနိုင်ရေး “ဝ” အဖွဲ့နှင့် မိုင်းလားအဖွဲ့တို့နှင့် ဆွေးနွေးဆဲအဆင့်တွင်သာရှိကြောင်း ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၏ ပြောကြားချက်အား ကိုးကားရေးသားထားသည်။

ယင်းသတင်းဖော်ပြမှုများအား အတည်ပြုနိုင်ရန် ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်း၊ အတွင်းရေးမှူးဦးခင်ဇော်ဦး၊ အဖွဲ့ဝင် ဦးအောင်စိုးထံ ဆက်သွယ်ခဲ့သော်လည်း ဆက်သွယ်မှုမရရှိဘဲ နိုင်ငံတော်အတိုင်ပင်ခံရုံးဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးထံ မတ် ၁၄ ရက်ညနေပိုင်းက ဆက်သွယ်ရာတွင် ဦးအောင်စိုးကိုသာ မေးမြန်းရန် ပြန်လည်ဖြေကြားသည်။

လတ်တလောတွင် ငြိမ်းချမ်းရေးကော်မရှင်နှင့် “ဝ” အဖွဲ့ကြား တွေ့ဆုံဆွေးနွေးမှုစိပ်လာပြီး ဆွေးနွေးမှုအခြေအနေကောင်းမွန်ကာ အပြုသဘောဆောင်ကြောင်းနှင့် NCA လက်မှတ်ထိုးရန်အထိ ဆွေးနွေးနေကြကြောင်း ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီအတွင်း မီဒီယာများအား ပြောကြားထားသည်။

UWSP/UWSA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည်မှာ နှစ် ၂၀ ကျော်ကြာပြီဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး ထပ်မံပြုလုပ်ထားသော်လည်း NCA ရေးထိုးခြင်းမရှိသေးဘဲ NCA စာချုပ်အား လက်မခံကြောင်း ကြေညာထားသည့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ဖွဲ့စည်းထားသော FPNCC ကော်မတီဝင်အဖွဲ့ဝင်ဖြစ်ပြီး တရုတ်နိုင်ငံအစိုးရနှင့်လည်း ဆက်ဆံရေးကောင်းမွန်သည့်အဖွဲ့ဖြစ်သည်။

မိုင်းလားအဖွဲ့သည် NCA စာချုပ်အား ယခင်ကတည်းက ပါဝင်လက်မှတ်ရေးထိုးလိုသော်လည်း ၎င်းတို့အဖွဲ့နှင့် နယ်နိမိတ်ထိစပ်ကာ မဟာမိတ်ဆက်ဆံရေးရှိသည့် “ဝ” အဖွဲ့နှင့် ကင်းကွာနိုင်ခြင်းမရှိသောကြောင့် NCA စာချုပ်တွင် ပါဝင်လက်မှတ်မထိုးနိုင်သေးခြင်းဖြစ်ကြောင်း တိုင်းရင်းသားအရေး လေ့လာသုံးသပ်သူတစ်ဦးက ဆိုသည်။

ငြိမ်းချမ်းရေးကော်မရှင်မှ ကိုယ်စားလှယ်အချို့သည် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလအတွင်း တရုတ်နိုင်ငံ၊ ယူနန်ပြည်နယ်၊ ကူမင်းမြို့တွင် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ဖြစ်သည့် ကချင်လက်နက်ကိုင်အဖွဲ့ (KIO/KIA)၊ “ဝ” သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) တို့မှ တာဝန်ရှိသူများအား သီးခြားစီတွေ့ဆုံခဲ့သည်။

ယင်းသို့တွေ့ဆုံမှုအပြီး NCA ကို လက်မခံသော မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအနေဖြင့် NCA အား လက်ခံစဉ်းစားမည်ဖြစ်သော်လည်း အစိုးရဘက်မှ ၎င်းတို့ဖွဲ့စည်းထားသော ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) ကို လက်ခံဆွေးနွေးရမည်ဟု သတင်းထွက်ပေါ်ခဲ့ပြီး သီးခြားအတည်ပြုထားခြင်းမရှိပေ။

နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးရဲအောင် ဦးဆောင်သော အစိုးရကိုယ်စားလှယ်အဖွဲ့သည် “ဝ” ဒေသနှင့် မိုင်းလားဒေသသို့ ၂၀၁၇ ခုနှစ် နိုဝင်ဘာတွင်းကသွားရောက်ကာ အဆိုပါနှစ်ဖွဲ့တာဝန်ရှိသူများနှင့် တရားဝင်တွေ့ဆုံထားသည်။

Most Read

Most Recent