ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း နှစ် (၃၀) ပြည့် အခမ်းအနား ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာ အချိန်မီ ရောက်မလာ၍ ယခင်နှစ်က သဝဏ်လွှာအား ဖတ်ကြား

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း နှစ် (၃၀) ပြည့် အခမ်းအနား ပြုလုပ်ရာ ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာ အချိန်မီ ရောက်မလာ၍ ယခင်နှစ်က သဝဏ်လွှာအား ဖတ်ကြား
Published 14 March 2018

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း နှစ်(၃၀) ပြည့် နှစ်ပတ်အခမ်းအနားကို ရန်ကုန်နည်းပညာ တက္ကသိုလ်၌ ပြုလုပ်နေသည်ကို တွေ့ရစဉ်

ရန်ကုန်စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း နှစ် (၃၀) ပြည့်အခမ်းအနားကို ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် ပြုလုပ်ခဲ့ပြီး နှစ်စဉ်ပေးပို့နေကျ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ သဝဏ်လွှာ အချိန်မီ ရောက်မလာခြင်းကြောင့် ယခင်နှစ်က သဝဏ်လွှာအား ဖတ်ကြားခဲ့ရသည်။

ကိုဖုန်းမော်နှင့် ကိုစိုးနိုင်ကျဆုံးခြင်း နှစ် (၃၀) ပြည့် အောက်မေ့ဖွယ် အခမ်းအနားကို အင်းစိန်မြို့နယ်ရှိ ရန်ကုန်နည်းပညာ တက္ကသိုလ်တွင် မတ် ၁၃ ရက် နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့၏ မိသားစုဝင်များ၊ ရန်ကုန်နည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂမှ ကျောင်းသားကျောင်းသူများ၊ နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ၊ ရန်ကုန်စက်မှုတက္ကသိုလ် ကျောင်းသားဟောင်းမျာ၊ ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ဆရာဆရာမများ တက်ရောက်ခဲ့ကြောင်း သိရသည်။

“အခုလို အခမ်းအနားလုပ်တာ အရမ်းလည်း ဝမ်းသာတယ်။ အရမ်းလည်း ကျေးဇူးတင်တယ်။ ဖြစ်မြောက်အောင် လုပ်ပေးတဲ့ အဖွဲ့အစည်းတွေရော၊ ကျောင်းသားတွေရော၊ ကျောင်းသားဟောင်းတွေရော၊ အားလုံးကို ကျေးဇူးတင်တယ်။ မတရားတာတွေကို တရားအောင် အမှန်တရားတွေကို ဖော်ထုတ်ပေးတဲ့ပွဲ ဖြစ်တဲ့အတွက် အမြဲတမ်း လုပ်ပေးစေချင်တယ်။ တစ်ချိန်ကျရင် အပြည့်အ၀ ဒီမိုကရေစီရမှာပါ။ အခုက ဒီမိုကရေစီဆိုတဲ့ အသံပဲ ကြားရသေးတယ်။ အပြည့်အ၀ မရသေးဘူး။ အမြဲတမ်း အရှုံးဆိုတာ မရှိဘူး။ အခုဆို အမေစုလည်း ဘာမှပြည့်ပြည့်၀၀ မလုပ်နိုင်သေးဘူး။ ကျောင်းသားတွေကသာ နိုင်ငံတော်ကြီးကို ထူထောင်နိုင်တယ်လို့ ယူဆတယ်။ နိုင်ငံရေးကို အစပျိုးနိုင်တာ ကျောင်းသားတွေပဲလို့ သိစေချင်တယ်။ ဖုန်းမော်က တရားအားမထုတ်ရသေးခင် ကျဆုံးသွားရတယ်။ တစ်နေ့တော့ အစ်မတို့ အမျှဝေတာကို သူရမှာပါ” ဟု ကိုဖုန်းမော်၏ အစ်မအကြီးဆုံးဖြစ်သူ ဒေါ်မာမာဝင်းက ပြောကြားသည်။

ကိုဖုန်းမော်နှင့် ကိုစိုးနိုင် ကျဆုံးခြင်း အခမ်းအနားကို နံနက် ၉ နာရီတွင် စတင်ခဲ့ပြီး အခမ်းအနား တတ်ရောက်လာသူများက လွမ်းသူ့ပန်းခွေချ အလေးပြုခဲ့ပြီး ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့အား ရည်စူး၍ သံဃာအပါး ၃၀ အား သင်္ကန်းဆပ်ကပ် လှူဒါန်းကာ ရေစက်သွန်းချ အမျှပေးဝေခဲ့ကြောင်း သိရသည်။

ထို့နောက် ဒီမိုကရေစီအရေးတော်ပုံ လှုပ်ရှားမှုများတွင် ကျဆုံးသွားခဲ့ကြသည့် ရဟန်းရှင်လူ ကျောင်းသားပြည်သူလူထု အပေါင်းအား အောက်မေ့သတိရခြင်း အထိမ်းအမှတ် တစ်မိနစ်ငြိမ်သက်ကာ ဆုတောင်းခဲ့ကြသည်။

“နှစ် (၃၀) ပြည့်တာကို ပြန်သုံးသပ်ကြည့်တဲ့အခါ ကျောင်းသားကျောင်းသူတွေ ရဟန်းရှင်လူပြည်သူတွေ ကြုံတွေ့ခဲ့တာတွေကို ပြန်ကြည့်တဲ့အခါ ဘယ်နားကို ရောက်နေပြီလဲ ဘယ်လိုအခြေနေမျိုးကို ရောက်နေပြီ လဲဆိုတာတွေကို သုံးသပ်ရမှာပါ။ သူတို့ လိုလားခဲ့တဲ့ လမ်းကြောင်းပေါ် ရောက်နေပြီလားဆိုတာ ပြန်သုံးသပ်ဖို့ လိုပါတယ်။ ရည်ရွယ်ချက်နှစ်ချက်နဲ့ ကျင်းပရတာပါ။ ပထမအချက်က သမိုင်းကြောင်းကို သိရှိစေဖို့ပါ။ သမိုင်းမှာဖြစ်ခဲ့တဲ့ အကြောင်းအရာတွေ သမိုင်းတစ်ပတ် ပြန်လည်လာခဲ့ရင် ကျောင်းသားကျောင်းသူတွေကို သမိုင်းနဲ့ဆိုင်တဲ့ အကြောင်းအရာတွေကို ပြန်ပြောရမယ်။ အဲဒီအပေါ်မှာ စဉ်းစားသုံးသပ်ရမှာက ကျောင်းသား ကျောင်းသူတွေပဲ။ ဒုတိယ တစ်ချက်ကတော့ အေးချမ်းတဲ့တိုင်းပြည် တည်ဆောက်ဖို့ လူငယ်တွေက ဘယ်လောက် ထက်သန်သလဲဆိုတာ ဖော်ပြချင်တာပါ။ အဲဒါကြောင့် ဒီအခမ်းအနားကို ကျင်းပရခြင်း ဖြစ်ပါတယ်” ဟု အခမ်းအနား ကျင်းပရေး ကော်မတီဥက္ကဋ္ဌ ကိုအောင်ကျော်ဆင့်က ပြောကြားသည်။

ထို့နောက် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပေးပို့သော သဝဏ်လွှာ အချိန်မီ ရောက်မလာခြင်းကြောင့် ယခင်နှစ်က ပေးပို့သော သဝဏ်လွှာအား အခမ်းအနား ကျင်းပရေးကော်မတီမှ မဆွေဇင်ဝင်းက ဖတ်ကြားခဲ့ပြီး ရန်ကုန်နည်းပညာ တက္ကသိုလ်မှ ပါမောက္ခချုပ်ဆရာကြီး ဒေါက်တာမြသိန်းက အမှတ်တရစကား ပြောကြားခဲ့ကြောင်း သိရသည်။

“ဒီနှစ်အတွက် သဝဏ်လွှာက ရောက်မလာဘူး။ ပို့တာက ပို့လိုက်တယ်။ အချိန်မီ ရောက်မလာတာ။ အဲ့ဒါကြောင့် မနှစ်က သဝဏ်လွှာကို ဖတ်လိုက်ရတာပါ။ အခမ်းအနားကို ကျွန်တော်တို့ဘက်က နိုင်ငံတော်အဆင့် အကုန်ဖိတ်ထားပါတယ်။ အစိုးရပိုင်းကတော့ ဧရာဝတီတိုင်းဝန်ကြီး တက်ရောက်ပါတယ်။ အစိုးရပိုင်းကတော့ သူတစ်ယောက်ပဲပါတယ်။ ပညာရေးဝန်ကြီးဌာနက ကိုယ်စားလှယ်တော့ လာပါတယ်။ ဒုတိယညွှန်ကြားရေးမှူးချုပ်ပါ။ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ကိုလည်း ဖိတ်ထားပါတယ်။ တွေ့ဆုံပွဲတစ်ခုရှိလို့  မတက်ရောက်ဖြစ်တာပါ” ဟု သဝဏ်လွှာ နောက်ကျရသည့် အကြောင်းအရာနှင့် ပတ်သက်ပြီး အခမ်းအနား ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ကိုအောင်ကျော်ဆင့်က ဆိုသည်။

ထို့နောက် ဧရာဝတီတိုင်းဒေသကြီး လျှပ်စစ်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးဝင်းဌေးက အမှတ်တရစကား ပြောကြားခဲ့ပြီး မတ် ၁၃ ရက်ဖြစ်စဉ်တွင် ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ တစ်ဦးဖြစ်သည့် ဦးမြင့်ဦးက ၎င်း၏အတွေ့အကြုံများကို ပြောကြားကာ မွန်းတည့် ၁၂ နာရီတွင် အခမ်းအနား ပြီးဆုံးခဲ့သည်။

၁၉၈၈ ခုနှစ် မတ်လတွင် လက်ဖက်ရည်ဆိုင်တွင် လူငယ်အချင်းချင်း စကားများရန်ဖြစ်ရာမှ အာဏာပိုင်များက ကျောင်းသားများကိုသာ တစ်ဖက်သတ် အပြစ်ပေး အရေးမှုကြောင့် ကျောင်းသားများက မခံမရပ်နိုင်ဖြစ်ကြပြီး ကျောင်းရှေ့တွင် စုရုံးခဲ့ကြရာ အဆိုပါ ကျောင်းသားများကို လုံထိန်းတပ်များက သေနတ်ဖြင့် ပစ်ခတ်ဖြိုခွဲခဲ့ရာတွင် ကိုဖုန်းမော်၊ ကိုစိုးနိုင်နှင့် စက်မှုတက္ကသိုလ် ကျောင်းသားအချို့ သေနတ်မှန်ခဲ့ပြီး ကိုဖုန်းမော်မှာ သေနတ်ဒဏ်ရာကြောင့် အခင်းဖြစ်သည့် ၁၉၈၈ ခုနှစ် မတ် ၁၃ ရက်တွင် သေဆုံးသွားကာ ကိုစိုးနိုင်မှာ သေနတ်မှန်ဒဏ်ရာဖြင့် ၁၉၈၈ ခုနှစ် ဧပြီ ၅ ရက်၌ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

ထိုသို့  ကိုဖုန်းမော် ကျဆုံးခဲ့ရခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအရေး၊ လူ့အခွင့်အရေး၊ စစ်အာဏာရှင် တိုက်ဖျက်ရေး တောင်းဆိုလှုပ်ရှားမှုကြီး၏ အစပျိုး လှုံ့ဆော်မှုတစ်ခု ဖြစ်သည်ဟု မြန်မာ့နိုင်ငံရေး သမိုင်းတွင်  အများက မှတ်ယူထားသည်။

 

Most Read

Most Recent