ရန်ကုန်မြို့၏ လူဦးရေထူထပ်လာခြင်း၊ မြို့သိပ်သည်းဆ များလာခြင်းကြောင့် ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ ရေရှားခြင်း စသည့်ဘေးအန္တရာယ် ကြုံတွေ့ရပါက ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု၊ ဥစ္စာပစ္စည်း ဆုံးရှုံးမှုနှင့် စီးပွားရေး ကျဆင်းမှုတို့ ပိုမိုထိခိုက်ခံစားရနိုင်ဟု YHT ထုတ်ပြန်

ရန်ကုန်မြို့၏ လူဦးရေထူထပ်လာခြင်း၊ မြို့သိပ်သည်းဆ များလာခြင်းကြောင့် ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ ရေရှားခြင်း စသည့်ဘေးအန္တရာယ် ကြုံတွေ့ရပါက ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု၊ ဥစ္စာပစ္စည်း ဆုံးရှုံးမှုနှင့် စီးပွားရေး ကျဆင်းမှုတို့ ပိုမိုထိခိုက်ခံစားရနိုင်ဟု YHT ထုတ်ပြန်
Published 14 March 2018

ရန်ကုန်မြို့ တစ်နေရာအား အပေါ်စီးမှ မြင်တွေ့ရစဉ် (ဓာတ်ပုံ-ဆန်းထူးအောင်)

ရန်ကုန်မြို့၏ လူဦးရေ ထူထပ်လာခြင်း၊ မြို့သိပ်သည်းဆ များပြားလာခြင်းကြောင့် ငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ ဆိုင်ကလုန်း မုန်တိုင်းဝင်ခြင်း၊ ရေရှားခြင်းစသည့် ဘေးအန္တရာယ် ကြုံတွေ့ရပါက ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု၊ ဥစ္စာပစ္စည်းဆုံးရှုံးမှုနှင့် စီးပွားရေးကျဆင်းမှုတို့ကို ပိုမိုထိခိုက်ခံစားရနိုင်ကြောင်း ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ (YHT) က ထုတ်ပြန်ထားသည်။

ကောင်းမွန်သော မြို့ပြစီမံကိန်းများထဲတွင် သဘာဝဘေးအန္တရာယ်များနှင့် ရာသီဥတု ပြောင်းလဲမှုဒဏ်ကို ခံနိုင်ရည်ရှိစေရန် ကြိုတင်ပြင်ဆင်ထားမှုသည်လည်း အပါအဝင်ဖြစ်ကြောင်း၊ ကမ္ဘာတစ်ဝန်း ရာသီဥတု လွန်ကဲမှုများသည် ၁၉၇၀ ပြည့်နှစ် နောက်ပိုင်းတွင် တဖြည်းဖြည်း မြင့်တက်လာနေပြီး ကမ္ဘာ့ဘဏ်၏ လေ့လာချက် တစ်ခုတွင် မြေနိမ့်ပိုင်း ကမ်းရိုးတန်းဒေသရှိ အရှေ့တောင်အာရှ နိုင်ငံများသည် နောက်ထပ် နှစ်ပေါင်း ၅၀ ကျော်တွင် ကမ္ဘာ့အဆိုးရွားဆုံး ရာသီဥတုဒဏ်ကို ခံကြရမည်ဟုဆိုသည်။

ရန်ကုန်သည် မြေငလျင်လှုပ်ခြင်း၊ ရေကြီးခြင်း၊ ဆိုင်ကလုန်းမုန်တိုင်းဝင်ခြင်းနှင့် ရေရှားပါးခြင်း စသည့် ဘေးအန္တရာယ်များကို ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး ဖြစ်ကြောင်း၊ ရန်ကုန်မြို့၏ လူဦးရေ ထူထပ်လာခြင်းနှင့် မြို့သိပ်သည်းဆ များပြားလာခြင်းကြောင့် ဘေးအန္တရာယ် တစ်စုံတစ်ရာဖြင့် ကြုံတွေ့ရပါက ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှု သို့မဟုတ် ဥစ္စာပစ္စည်း ဆုံးရှုံးရမှုနှင့် စီးပွားကျဆင်းမှုတို့ကို ပိုမိုထိခိုက်စွာ ခံစားရနိုင်ကြောင်း YHT က  ထုတ်ပြန်ထားသည်။

ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုအတွက် ရာသီဥတုဒဏ်ခံနိုင်ခြင်းနှင့် ဘေးအန္တရာယ် လျှော့ချခြင်းသည် မြို့ပြစီမံကိန်း နည်းဗျူဟာ၏ အစိတ်အပိုင်းတစ်ခု ဖြစ်ရမည်ဖြစ်ကြောင်း၊ ယင်းတွင် ငလျင်ဒဏ်ခံနိုင်သည့် အဆောက်အအုံ တည်ဆောက်ရေး ကျင့်ထုံးများ၊ ဘေးအန္တရာယ် ကျရောက်ခဲ့ပါက တုံ့ပြန်ရမည့် အစီအစဉ်များကို ကြိုတင်ပြင်ဆင်ထားခြင်းတို့ ပါဝင်ကြောင်း သိရသည်။

ယင်းကဲ့သို့ မြို့တော်၏ ရာသီဥတုဒဏ်ခံနိုင်မှုကို တိုးမြှင့်ရန် အလေးပေး လုပ်ဆောင်ခြင်းအားဖြင့် အသက်အိုးအိမ် ဥစ္စာပစ္စည်း ဆုံးရှုံးမှုကို လျှော့ချပေးနိုင်ခြင်း၊ လူမှုအသိုက်အမြုံနှင့် အကျိုးစီးပွားတို့ အပေါ်တွင် ဆိုးကျိုးသက်ရောက်မှု နည်းစေခြင်း စသည့်အကျိုးကျေးဇူးများ ရရှိနိုင်မည်ဖြစ်ကြောင်း၊ သဘာဝဘေးအန္တရာယ် ကြိုတင်ကာကွယ်ခြင်းသည် ရင်းနှီးမြှုပ်နှံသူများ အတွက်လည်း ဆုံးရှုံးမှုနည်းပါးအောင် စီမံနိုင်၍ သေချာသည့် အာမခံချက်ပေးနိုင်ကာ ပိုမိုကျယ်ပြန့်သော စီးပွားရေးဖွံ့ဖြိုးမှုနှင့် အလုပ်အကိုင်ဖန်တီးရေးသို့ ရှေးရှုနိုင်မည် ဖြစ်ကြောင်း YHT က ထုတ်ပြန်ထားသည်။

တစ်နိုင်ငံလုံး အတိုင်းအတာအရ လက်ရှိအချိန်တွင် ရန်ကုန်မြို့သည် လူဦးရေတိုးနှုန်း အမြန်ဆုံးဖြစ်ကြောင်း၊ လာမည့် ၁၀ နှစ်၊ နှစ် ၂၀ အတွင်း လူဦးရေ ၁၀ သန်းကျော်ရှိသည့် MEGA City ဖြစ်လာနိုင်သဖြင့် အခြေခံ အဆောက်အအုံ မလုံလောက်မှုများ၊ မြို့ပြရာဇဝတ်မှု ထူပြောလာမှုများအတွက် ကြိုတင်ပြင်ဆင်ထားရန် လိုကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာန မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေး ဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောကြားထားသည်။

“လူဦးရေ ၁၀ သန်းကျော် ဖြစ်လာရင် ဒီမြို့ကို ခုကတည်းက ကြိုတင်ပြင်ဆင်မထားရင် မြို့ပြပြဿနာတွေ ကြုံတွေ့ရလေ့ ရှိပါတယ်” ဟု ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမြင့်နိုင်က ပြောကြားသည်။

Most Read

Most Recent