နေပြည်တော်သံတမန်ဇုန်သို့ နိုင်ငံတကာသံရုံးများ အမြန်ဆုံးရွှေ့ပြောင်းနိုင်ရေး ညှိနှိုင်းထားပြီး မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း သုံးနိုင်ငံသာ မြေနေရာရယူထား

နေပြည်တော်သံတမန်ဇုန်သို့ နိုင်ငံတကာသံရုံးများ အမြန်ဆုံးရွှေ့ပြောင်းနိုင်ရေး ညှိနှိုင်းထားပြီး မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း သုံးနိုင်ငံသာ မြေနေရာရယူထား
Published 14 March 2018

နေပြည်တော်ရှိသံတမန်ဇုန်သို့ မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာသံရုံးများ အမြန်ဆုံးရွှေ့ပြောင်းရန်အတွက် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ထားပြီး လက်ရှိတွင် မလေးရှား၊ ဘင်္ဂလားဒေ့ရှ်၊ ဘရူနိုင်း သုံးနိုင်ငံသာ မြေနေရာရယူထားကြောင်း နေပြည်တော် စည်ပင်သာယာရေးကော်မတီမှ သိရသည်။

“သံရုံးတွေက ဆက်သွယ်လာတာကတော့ ကမ္ဘာ့ဘဏ်အဖွဲ့အစည်းတွေအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းတွေအပါအဝင် ၁၇ နိုင်ငံလောက်ရှိသွားပြီပေါ့။ အဲဒီအထဲမှာ သုံးနိုင်ငံကတော့ လက်ဝယ်ရှိသွားပြီပေါ့။ မှတ်မိသလောက်ပြောရရင်တော့ ဘင်္ဂလားဒေ့ရှ်ရယ်၊ မလေးရှားရယ်၊ ဘရူနိုင်းရယ်ပေါ့။ ဘရူနိုင်းနိုင်ငံကတော့ ငွေပေးဝယ်တာမဟုတ်ဘဲနဲ့ ဘရူနိုင်းနိုင်ငံမှာရှိတဲ့ သံရုံးမြေနေရာချင်းလဲလှယ်တဲ့ အနေအထားရှိပါတယ်” ဟု နေပြည်တော် စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင် ဦးမင်းသူက ပြောကြားသည်။

သံရုံးများ ပြောင်းရွှေ့နိုင်ရေးနှင့် ပတ်သက်ပြီး လိုအပ်သောအချက်များ၊ ဖြေလျှော့ပေးစေလိုသည့်အချက်များကို နိုင်ငံတကာသံတမန်များနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်ထားကြောင်း၊ ဆွေးနွေးမှုများအရ နိုင်ငံငယ်များက သတ်မှတ်ထားသည့် အနည်းဆုံးမြေနေရာအကျယ်အဝန်းနှင့် ခွင့်ပြုမြေ ငှားရမ်းနှစ်ထက် လျော့နည်းရယူလိုခြင်း၊ နိုင်ငံကြီးများ အများဆုံးသတ်မှတ်ထားသည့် မြေနေရာအကျယ်အဝန်းထက် ပိုမိုရယူလိုခြင်းများရှိနေကြောင်း ဦးမင်းသူက ပြောကြားသည်။

“အရင်တုန်းက နှစ် ၅၀ မြေပေးမိန့်နဲ့ တစ်ဧကကို ငါးသိန်းနှုန်း သတ်မှတ်တာပေါ့။ တစ်ကွက်ကို ၅ ဒသမ ၇၄ ဧကဆိုရင် ဒေါ်လာသုံးသန်း နီးနီးလောက်ရှိတာပေါ့။ အနည်းဆုံးတစ်ကွက် အများဆုံးနှစ်ကွက် ယူရမယ်လို့ သတ်မှတ်ထားတာပေါ့။ တချို့က ၅ ဒသမ ၇၄ ဧကတစ်ကွက်ကို မယူနိုင်ဘဲနဲ့ တစ်ဝက်လောက်ထပ်စိပ်ချင်တဲ့ နိုင်ငံငယ်လေးတွေ သံရုံးတွေက တောင်းဆိုတာ။ အဲဒါအပြင် အမေရိကန်နိုင်ငံ၊ တရုတ်နိုင်ငံတွေက အနည်းဆုံးငါးကွက်တို့ အဲဒီထက်ပိုယူချင်တာတွေရှိတယ်” ဟု ဦးမင်းသူက ပြောကြားသည်။

ထို့ပြင် သံရုံးဝန်ထမ်းမိသားစုများအတွက် အဆင့်မြင့်ပညာရေးနှင့် ကျန်းမာရေးဝန်ဆောင်မှုများ နေပြည်တော်တွင် ရရှိလိုကြောင်း တောင်းဆိုမှုများလည်းရှိကြောင်း ဦးမင်းသူက ပြောကြားသည်။

“သံတမန်တွေလာတာနဲ့ သူတို့နဲ့ပတ်သက်လို့ ကျန်းမာရေးစောင့်ရှောက်ရန်ကိစ္စတို့၊ ဝန်ထမ်းသားသမီးတွေထားနိုင်တဲ့ နိုင်ငံတကာအဆင့်မီကျောင်းမျိုးတွေ Yangon International School လိုမျိုးရှိစေချင်တယ်။ အဲဒါတွေလည်း တစ်ခါတည်းပါလာနိုင်အောင် အစည်းအဝေးညှိနှိုင်းဆုံးဖြတ်ချက်တွေအရ သိရှိရတယ်ပေါ့လေ။ ကျောင်းတွေ ဒီမှာဖွင့်လှစ်ဖို့ မြေနေရာကိစ္စကတော့ စည်ပင်သာယာရေးကော်မတီက သတ်မှတ်ပေးနိုင်ပါတယ်။ နှုန်းကလည်း သံရုံးမြေနေရာနှုန်းအတိုင်းပဲ သတ်မှတ်ပေးထားတာပေါ့လေ” ဟု ဦးမင်းသူက ပြောကြားသည်။

“အဲဒီမှာ ထူးခြားတာကတော့ သံတမန်တွေနေရင် သူတို့ရဲ့ အပန်းဖြေတဲ့အနေအထားမျိုးတွေ၊ Night Life ပေါ့။ သူတို့နေချင်တဲ့ အနေအထားမျိုးတွေကို သံတမန်ဇုန်ထဲမှာဖြစ်ဖြစ် ဒါမှမဟုတ် သင့်တော်တဲ့နေရာမှာ ဒါတွေကဖန်တီးပေးရမှာပေါ့” ဟု ဦးမင်းသူက ပြောကြားသည်။

ဆွေးနွေးချက်များအရ နိုင်ငံတကာကျောင်းများကို ၂၀၁၉ ခုနှစ်တွင် ဖွင့်လှစ်နိုင်ရန်နှင့် ၂၀၁၈ ခုနှစ်အတွင်း သံရုံးများ စတင်တည်ဆောက်နိုင်မည့် အလားအလာရှိကြောင်း ဦးမင်းသူက ပြောကြားသည်။

နေပြည်တော်သံတမန်ဇုန်သည် ဒက္ခိဏသီရိမြို့နယ်တွင် တည်ရှိပြီး သစ်တောကြိုးဝိုင်းအဖြစ်မှ ပယ်ဖျက်ထားသည့် မြေဧက ၁၅၅၀ အကျယ်ရှိ မြေပေါ်တွင် သတ်မှတ်ဖော်ဆောင်ထားပြီး အခြေခံအဆောက်အအုံများဖြစ်သည့် လမ်း၊ ရေမြောင်း၊ ရေ၊ မီးများရရှိရန် တည်ဆောက်ထားပြီးဖြစ်ကြောင်း သိရသည်။

Most Read

Most Recent