<

ပဲခူးမြို့၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုနေချိန်အတွင်း မေးခွန်းများကို လူမှုကွန်ရက်တွင် ဖော်ပြခဲ့သော Sayar Bone အကောင့်ပိုင်ရှင်အား ပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်

ပဲခူးမြို့တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုချိန်အတွင်း မေးခွန်းများကို Facebook ပေါ်တွင်ဖော်ပြခဲ့သော Sayar Bone အကောင့်ပိုင်ရှင်အား မတ် ၁၂ ရက် ညနေ ၅ နာရီခန့်က ပဲခူးမြို့ အမှတ် (၂) ရဲစခန်းတွင် ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။

“မေးခွန်းပေါက်တယ်လို့တော့ မဟုတ်ဘူး။ ကျွန်တော်တို့ဌာနက ပေါက်တာလည်း မဟုတ်ဘူး။ ဘယ်ကရလဲ ဆိုတာလည်း မသိသေးဘူး။ ဒါပေမဲ့ မနေ့က ဓာတုဗေဒနေ့ကမှ သိရတာ။ ဓာတုဗေဒ ဖြေဆိုတဲ့နေ့က အမှန်ဆို စာမေးပွဲ ဖြေဆိုပြီးချိန် ၁၂ နာရီထိုးပြီးမှ ကလေးတွေ အပြင်ရောက်မှ မေးခွန်းတွေက အပြင်ရောက်မှာလေ။ အခုဖြေဆိုချိန်မပြီးခင် ၁၀ နာရီခွဲလောက်မှာ လူမှုကွန်ရက်မှာ ပြန့်နေတယ်ဆိုတော့ ပညာရေးလောကအတွက် သိက္ခာကျစေတယ်။ ဒါကြောင့် ပဲခူးအမှတ် (၂) ရဲစခန်းမှာသွားပြီး အမှုဖွင့်ခဲ့ပါတယ်” ဟု ပဲခူးတိုင်း ပညာရေး ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးအောင်ဇင်က ပြောကြားသည်။

ဖြစ်စဉ်မှာ ၂၀၁၈ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ စတုတ္ထနေ့ ဓာတုဗေဒဘာသာရပ် ဖြေဆိုသော မတ် ၁၂ ရက် နံနက် ၁၀ နာရီခွဲခန့်တွင် ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံး ဒုဦးစီးမှူး ဦးသီဟထွန်းက ဓာတုဗေဒမေးခွန်းများ Online ပေါ်တွင် Sayar Bone အကောင့်ဖြင့် တင်ထားသည်ကို တွေ့ရကြောင်း ပဲခူးတိုင်းဒေသကြီး ပညာရေးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေသက်နွယ်အား တင်ပြခဲ့သည်။

အဆိုပါ အကောင့်အား ဆက်လက်ဖွင့်ကြည့်ရာ ပဲခူးမြို့ ရွှေဘုံသာ ပရဟိတပညာဒါနကျောင်း ကလျာဏီ (၇) လမ်း ပဲခူး၏ Page အား Share ထားကြောင်း၊ Phyo Wai Aung အကောင့်မှ မတ် ၈ ရက် ၁၀ နာရီ ၂၅ မိနစ်က တင်ခဲ့သော အင်္ဂလိပ်စာ မေးခွန်းအား လည်းကောင်း၊ မတ် ၉ ရက် ၁၀ နာရီ ၃၅ မိနစ်က တင်ခဲ့သော သင်္ချာမေးခွန်းအား လည်းကောင်း၊ စာမေးပွဲသတ်မှတ် ပြီးဆုံးချိန် မွန်းတည့် ၁၂ နာရီမထိုးမီ Sayar Bone အကောင့်ပိုင်ရှင်က Screen Shot ရိုက်၍ပြန်လည် Share ပြီး ဖော်ပြခဲ့သည်ကို တွေ့ရှိခဲ့သည်။

“ဒီလိုတစ်နိုင်ငံလုံး လိုင်းပေါ်ပြန့်နေတာကို ဆရာမတို့ ပဲခူးပညာရေးဌာနက ဘာလို့တရားစွဲရလဲဆိုတော့ သူ့အကောင့်ကို ဖွင့်ကြည့်တဲ့အခါမှာ ပဲခူးမြို့ ရွှေဘုံသာ ပရဟိတ ပညာဒါနကျောင်းရဲ့ Page ကို Share ထား တာလည်းတွေ့ရတယ်။ ဒီပညာဒါနကျောင်းရဲ့ လုပ်ဆောင်ချက်တွေကို သူ့အကောင့်မှာ တင်ထားတာလည်း တွေ့ရတယ်။ ဒါကြောင့် ပဲခူးနဲ့ နီးစပ်မှု ရှိမယ်ထင်လို့ ဆရာမတို့ ပဲခူးတိုင်းပညာရေးဌာနက အမှုဖွင့်တာပါ။ သူဒီမေးခွန်းတွေ ဘယ်လိုရမှန်းတော့ မသိဘူး။ ကျွန်မတို့ကတော့ မေးခွန်းတွေကို သော့နှစ်လုံးနဲ့ပိတ်ပြီး ဘဏ်တွေမှာ အစောင့်အကြပ်နဲ့ ထားတယ်။ ဘာသာရပ်အလိုက် ဖြေမယ့်နေ့မှ ၀န်ထမ်းတွေအားလုံးရဲ့ရှေ့ ၉ နာရီမထိုးခင် ၁၀ မိနစ်အလိုမှ ချိပ်ပိတ်ထားတာ သေချာမှု ရှိမရှိ စစ်ဆေးပြီးမှ ဖွင့်ရတာပါ။ ကျွန်မတို့ ပဲခူးတိုင်းက ပညာရေးဌာနတွေရဲ့ ဂုဏ်သိက္ခာ ကျစေမယ့် အပြုအမူ လုပ်ရပ်တွေကြောင့် အခုလို အမှုဖွင့်ခဲ့တာပါ” ဟု ပဲခူးတိုင်း ပညာရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဒေါ်မေသက်နွယ်က ပြောကြားသည်

အဆိုပါအမှုနှင့် ပတ်သက်၍ ဒေါ်မေသက်နွယ်က Sayar Bone အကောင့်ပိုင်ရှင်အား ဖော်ထုတ် အရေးယူပေးရန် တိုင်ကြားသောကြောင့် ပဲခူးမြို့ အမှတ် (၂) ရဲစခန်းက (ပ) ၂၂၃/၂၀၁၈ ဆက်သွယ်ရေး ဥပဒေပုဒ်မ ၆၆ (ဃ) ဖြင့် အမှုဖွင့်ထားပြီး အကောင့်ပိုင်ရှင်အား ဖမ်းဆီးရမိရေးအတွက် ဆောင်ရွက်နေကြောင်း သိရသည်။

March 13, 2018














Copy Protected by Chetan's WP-Copyprotect.