ဝင်ငွေခွန်ကို အထူးပြုကောက်ခံနေမှုအစား သွယ်ဝိုက်ခွန်များဖြစ်သည့် ကုန်သွယ်ခွန်နှင့် အထူးကုန်စည်ခွန်များကို အထူးပြုကောက်ခံရန် မဟာဗျူဟာချမှတ်ဆောင်ရွက်မည်

ဝင်ငွေခွန်ကို အထူးပြုကောက်ခံနေမှုအစား သွယ်ဝိုက်ခွန်များဖြစ်သည့် ကုန်သွယ်ခွန်နှင့် အထူးကုန်စည်ခွန်များကို အထူးပြုကောက်ခံရန် မဟာဗျူဟာချမှတ်ဆောင်ရွက်မည်
Published 13 March 2018

ပြည်တွင်းအခွန်ကဆောင်ရွက်နေသည့် အခွန်ပြုပြင်ပြောင်းလဲမှုဆိုင်ရာ မဟာဗျူဟာကို လုပ်ငန်းရှင်များအား ရှင်းလင်းခဲ့မှုကို တွေ့ရစဉ်

လက်ရှိအခွန်စနစ်ဖြစ်သည့် ဝင်ငွေခွန်ကို အထူးပြုကောက်ခံနေမှုအစား ပြည်သူများ အားလုံးပါဝင်သည့် အခွန်စနစ်ဖြစ်စေရေးအတွက် သွယ်ဝိုက်ခွန်များဖြစ်သည့် ကုန်သွယ်လုပ်ငန်းခွန်နှင့် အထူးကုန်စည်ခွန်များကို အထူးပြုကောက်ခံရန် ဗဟာဗျူဟာ ချမှတ် ဆောင်ရွက်နေကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ပြည်ထောင်စုဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းက ပြောကြားသည်။

“တည်ဆဲအခွန်မူဝါဒတွေနဲ့ ကိုက်ညီတဲ့ သွယ်ဝိုက်ခွန်တွေဖြစ်တဲ့ ကုန်သွယ်လုပ်ငန်းခွန်တွေနဲ့ အထူးကုန်စည်ခွန်တွေနဲ့ တိုက်ရိုက်ခွန်ဖြစ်တဲ့ ဝင်ငွေခွန်တွေကို အထူးအလေးထားပြီး ဖိဖိစီးစီးကောက်ခံသွားမှာ ဖြစ်ပါတယ်။ ပြည်တွင်းအခွန်များဦးစီးဌာနရဲ့ အခွန် ဆိုင်ရာပြုပြင်ပြောင်းလဲမှုတစ်ရပ်အဖြစ် ပြည်သူများပါဝင်တဲ့အခွန်စနစ် (All Inclusive Tax System)  ဖြစ်ဖို့အတွက် တိုက်ရိုက်ခွန်ကို အထူးအလေးထား ကောက်ခံနေမှုအစား သွယ်ဝိုက်ခွန်ကို အထူးအလေးထား ကောက်ခံဖို့အတွက် အခွန်ဆိုင်ရာ မဟာဗျူဟာကို အထူးအလေးထား ဆောင်ရွက်လျက်ရှိပါတယ်။ အဆိုပါ အခွန်ဆိုင်ရာ မဟာဗျူဟာအရ လက်ရှိကုန်သွယ်လုပ်ငန်းခွန်ကောက်ခံခြင်းအစား တန်ဖိုးဖြည့်ခွန် (Value Added Tax) ကို  ပြောင်းလဲကျင့်သုံးရမှာဖြစ်ပါတယ်”  ဟု ဦး မောင်မောင်ဝင်းက ပြောကြားသည်။

ထိုသို့ အခွန်စနစ်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုအတွက် လက်ရှိတွင် ဝင်ငွေခွန်ဥပဒေကို အသစ်ပြန်လည်ရေးဆွဲနေပြီး မူကြမ်းအဆင့် ရောက်နေပြီဖြစ်ကာ လက်ရှိဝင်ငွေခွန် ခေါင်းစဉ်ခုနစ်မျိုးအနက် လေးမျိုးလျှော့ချထားပြီး ပြင်ဆင်ကောက်ခံမည့် ဝင်ငွေခွန်ခေါင်းစဉ် သုံးမျိုးမှာ စီးပွားရေးလုပ်ငန်းမှ ရငွေ၊ အခြေ ပစ္စည်းမှ မြတ်စွန်းငွေနှင့် လစာရငွေတို့သာ ပါဝင်မည်ဖြစ်ကြောင်း ပြည်တွင်းအခွန်များ ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းထွဋ်က ပြောကြားသည်။

“လက်ရှိ ဝင်ငွေခွန်နဲ့ပတ်သက်တဲ့ ခေါင်းစဉ် ခုနစ်ခုရှိတယ်။ အခြေပစ္စည်းမှ မြတ်စွန်းငွေတို့၊ စီးပွားရေးလုပ်ငန်းမှ ရငွေတို့၊ အခြေပစ္စည်းမှ ဝင်ငွေတို့၊ စည်းကြပ်မှုမှ လွတ်ကင်းငွေတို့၊ အခြားတို့ အဲဒီလို ခုနစ်ခုရှိတာပေါ့။ အခု ဝင်ငွေခွန်ဥပဒေကို အသစ်ပြန်ဆွဲနေ တယ်။ အခု မူကြမ်းတော့ရပြီ။ အဲဒီဝင်ငွေခွန် ဥပဒေအသစ် ထွက်လာတဲ့အခါကျရင် ဝင်ငွေ နဲ့ ပတ်သက်တဲ့ ခေါင်းစဉ်က သုံးမျိုးပဲပါတော့မယ်။ အဲဒီသုံးမျိုးကတော့ စီးပွားရေးလုပ်ငန်းမှ ရငွေ၊ အခြေပစ္စည်းမှမြတ်စွန်းငွေ၊ လစာ ရငွေတို့ ဖြစ်ပါတယ်” ဟု ၎င်းက ဆိုသည်။

လက်ရှိ ဝင်ငွေခွန်ဥပဒေကို ၁၉၇၄ ခုနှစ် တွင် စတင်ပြဋ္ဌာန်းခဲ့ပြီး ၁၉၉၉ ခုနှစ်၊ ၂၀၁၄ ခုနှစ်တို့တွင် ဝင်ငွေခွန်ဥပဒေ ပြင်ဆင်သည့် ဥပဒေများဖြင့် ပြင်ဆင်ဖြည့်စွက်ခဲ့ခြင်းဖြစ်သည်။ ယင်းဝင်ငွေခွန်ဥပဒေပါ ဝင်ငွေခွန် ခေါင်းစဉ်ခုနစ်မျိုးမှာ လစာ၊ အသက်မွေးဝမ်း ကျောင်းပညာလုပ်ငန်း၊ စီးပွားရေးလုပ်ငန်း၊ ပစ္စည်း၊ အခြေပစ္စည်းမှမြတ်စွန်းငွေ၊ ဝင်ငွေရလမ်း မဖော်ပြနိုင်သည့်ဝင်ငွေ၊ အခြားရလမ်းမှ ဝင်ငွေတို့ဖြစ်ပြီး လက်ရှိရေးဆွဲနေသည့် ဝင်ငွေခွန် ဥပဒေသစ်တွင် ခေါင်းစဉ်သုံးမျိုးသာ ထည့်သွင်းတော့မည်ဖြစ်သည်။

“ဒီဥပဒေပြဋ္ဌာန်းနိုင်ဖို့က အချိန်တစ်နှစ်ကျော်လောက် ယူရမှာပါ။ အခုကျွန်တော်တို့ လာမယ့်နှစ်မှာ ဝင်ငွေခွန်ကို ဖြေလျှော့ပေးထားတယ်။ အဲဒီပေးထားတဲ့ အချိန်တစ်နှစ်ပြီးသွားရင် နောက်ပိုင်း အိမ်ဝယ်တာပဲဖြစ်ဖြစ်၊ ကားဝယ်တာပဲဖြစ်ဖြစ်၊ ရှယ်ယာထည့်တာပဲဖြစ် ဖြစ်မှာ ဝင်ငွေရလမ်းရှိတဲ့ငွေ ရှိရင်ရှိ၊ ဒါမှမဟုတ် အခွန်ဆောင်ပြီးရထားတဲ့ Certificate လက်မှတ် ရှိရင်ရှိပေါ့၊ အဲဒါမှမရှိရင် မလာခဲ့နဲ့တော့။ နိုင်ငံတကာလို တရားဝင်ရင်းနှီးမြှုပ် နှံနိုင်တဲ့ငွေမရှိရင် ရင်းနှီးမြှုပ်နှံလို့ မရတော့ဘူးပေါ့။ အခုပေးထားတဲ့ အခွင့်အရေးအရ ကိုယ့်ရင်းနှီးမြှုပ်နှံမှုမှာ အကြောင်းအမျိုးမျိုးကြောင့် အခွန်လျော့နည်းခဲ့တာရှိတယ်ဆိုရင် အခုတစ်နှစ်အတွင်း ကျွန်တော်တို့ဆီမှာ လာဆောင်၊ အခွန်ရုံးက Certificae ပေးမယ်။ နောက်ပိုင်း တစ်ခုခု ပြန်ရင်းနှီးမြှုပ်နှံတယ်ဆိုရင် ဒီ Certificate ရှိရင် အခွန်သက်သာမှာပေါ့။ တဖြည်းဖြည်းနဲ့ အခွန်လမ်းကြောင်းကို နိုင်ငံတကာ အဆင့်ဖြစ်အောင် သွားနေပါတယ်” ဟု ဦးမင်းထွဋ်က ပြောကြားသည်။

 

Most Read

Most Recent