ရန်ကုန်စည်ပင်ဥပဒေ အတည်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် Joint Venture လုပ်ပိုင်ခွင့်ရှိသည်ဟုပြောခြင်းသည် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များကို စော်ကားခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်း ဝေဖန်

ရန်ကုန်စည်ပင်ဥပဒေ အတည်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် Joint Venture လုပ်ပိုင်ခွင့်ရှိသည်ဟုပြောခြင်းသည် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များကို စော်ကားခြင်းဖြစ်ကြောင်း ဒေါ်စန္ဒာမင်း ဝေဖန်
Published 13 March 2018

ကျင်းပလျက်ရှိသည့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ပုံမှန်အစည်းအဝေးကို တွေ့ရစဉ်

ရန်ကုန်စည်ပင်ဥပဒေ အတည်ပြုသည်ဖြစ်စေ၊ မပြုသည်ဖြစ်စေ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် Joint Venture လုပ်ပိုင်ခွင့်ရှိသည်ဟု ပြောခြင်းသည် လွှတ်တော်နှင့် လွှတ်တော်ကိုယ်စားလှယ်များကို စော်ကားခြင်းဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး လွှတ်တော် ဘဏ္ဍာရေး၊ စီမံကိန်းနှင့် စီးပွားရေးကော်မတီဥက္ကဋ္ဌ ဒေါ်စန္ဒာမင်းက ၎င်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ဖော်ပြထားသည်။

“ရန်ကုန်တိုင်း လွှတ်တော်ကြီးအတွင်းမှာ စည်ပင်သာယာရေးဥပဒေကို လွှတ်တော်ကိုယ်စားလှယ်များအားလုံးက ကြိုးစားပမ်းစား ပြင်ဆင်နေကြတဲ့အချိန်မှာ ၂၀၁၈ ခုနှစ် မတ် ၅ ရက်မှာ YCDC မှာပြုလုပ်တဲ့ မြို့တော်ဝန်အပါအဝင် အတွင်းရေးမှူးနဲ့ကော်မတီဝင်များမှ စီးပွားရေး လုပ်ငန်းရှင်များနှင့် တွေ့ဆုံသည့်ပွဲ၌ YCDC ရဲ့ အတွင်းရေးမှူးဖြစ်သူက “လွှတ်တော်၌ အတည်ပြုသည်ဖြစ် စေ၊ အတည်မပြုသည်ဖြစ်စေ စီးပွားရေးလုပ်ငန်းရှင်ကြီးများနှင့် Joint Venture လုပ်ဖို့ ရည်ရွယ်ထားပြီးဖြစ်တဲ့အတွက် ဥပဒေ အတည်မပြုလည်း Joint Venture အသစ် လုပ်ပိုင်ခွင့်ရှိတယ်ဆိုတာ ပြောကြားလိုပါတယ်” လို့ ပြောကြားလိုက်တဲ့စကားဟာ ဥပဒေပြုနေရတဲ့ လွှတ်တော်ကြီးနှင့် လွှတ်တော် ကိုယ်စားလှယ်များကို စော်ကားလိုက်ခြင်းဖြစ်သလို ဥပဒေမှာမပါဘဲ ဥပဒေကိုကျော်လွန်ပြီး လုပ်ပိုင်ခွင့်ရှိသယောင် အာဏာတွေ ပေးအပ်ထားတဲ့ အဖွဲ့အစည်းကြီးတစ်ခုအဖြစ် ဖော်ပြလိုက်တာပါပဲ။ ကျွန်မတို့ကို ပြည်သူတွေက ရွေးချယ်လိုက်တာဟာ အဲဒီလို ပရမ်းပတာတွေ လုပ်ခွင့်မရအောင် သူတို့ ကိုယ်စား တားမြစ်ပေးဖို့ပါ။ နိုင်ငံရေးမုန်တိုင်းမှ မဖြတ်သန်းဖူးသူ၊ ရွေးကောက်ပွဲ အတွေ့အကြုံနဲ့ သူနိုင်ကိုယ်နိုင် မပြိုင်ခဲ့ရတဲ့ အတွေ့အကြုံမရှိသူတွေ၊ ဒုက္ခမခံစားဖူးသူတွေကို ပညာရှင်တွေပါဆိုပြီး တိုက်ရိုက်ရွေးချယ်လိုက်မိတာ နောင်တရမိတယ်ဆိုတဲ့ စကားဟာ အမှန်ပါပဲ။ အဲဒီတော့ ကျွန်မတို့ လွှတ်တော်ကိုယ်စားလှယ်တွေ ဆက်လက်ရှိဖို့ လိုပါသေးသလား” ဟု ဒေါ်စန္ဒာမင်း၏ လူမှုကွန်ရက်စာမျက်နှာတွင် ရေသားထားသည်။

မတ် ၅ ရက်တွင်ပြုလုပ်ခဲ့သည့် Yangon Infrastructure Development ဖွဲ့စည်းဆောင်ရွက်ခြင်းကိစ္စ ညှိနှိုင်းအစည်းအဝေးနှင့် ပတ်သက်ပြီး အစည်းအဝေးမှတ်တမ်းမှာ လူမှုကွန်ရက်တွင် မတ် ၉ ရက်၌ စတင်ပျံ့နှံ့ခဲ့သည်။

အဆိုပါ YIDP ဖွဲ့စည်းဆောင်ရွက်ခြင်းကိစ္စ ညှိနှိုင်းအစည်းအဝေးကို ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ မြို့တော်ဝန် ဦးမောင်မောင်စိုး၊ အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦး၊ တွဲဖက်အတွင်းရေးမှူး ဦးသန်း၊ ကော်မတီဝင်(၄) ဒေါ်မေမေသွယ်၊ ကော်မတီဝင်(၅) ဒေါ်သန်းမြင့်အောင်၊ လမ်းတံတားဌာနမှူး ဦးမြင့်ဦး၊ YCDC ရှေ့နေ ဦးမောင်မောင်ခင်နှင့် စည်ပင်မှတာဝန်ရှိ ဝန်ထမ်းများ တက်ရောက်ခဲ့သည်။ ထို့ပြင် ယင်း အစည်းအဝေးသို့ တက်ရောက်ခဲ့သည့် ကုမ္ပဏီများမှာ ရွှေသံလွင်မှ ဦးမိုးကျော်သူ၊ ကန်ထရိုက်တာ လုပ်ငန်းရှင်များအသင်း၊ ရွှေတောင်မှ ဦးအောင်ဇော်နိုင်၊ ကမ္ဘောဇ  Hign Way မှ တာဝန်ရှိသူတစ်ဦး၊ Asia World မှ ဦးသိန်းဝင်း၊ Shine ဆောက်လုပ်ရေးမှ တာဝန်ရှိသူတစ်ဦး၊ Oriental High Way မှ ဦးကျေး၊ Dagon မှ ဦးခင်မောင်ကြီး၊ Max Myanmar – MD ဦးဝင်းဖေသန်းနှင့် သုခရတနာမှ ဦးသောင်းထိုက်မင်းတို့ တက်ရောက်ခဲ့ကြောင်း အဆိုပါ အစည်းအဝေး မှတ်တမ်းအရ သိရသည်။

ယင်းအစည်းအဝေးတွင် ရွှေသံလွင်ကုမ္ပဏီမှ ဦးမိုးကျော်သူက “ဒီကိစ္စစတင် ဖြစ်ပေါ်လာခြင်းသည် ရန်ကုန်မြို့တော်အဆင့်မြှင့်တင်ပြီး  Infrastructure လုပ်ငန်းများ နိုင်ငံတကာအဆင့်မီအောင် လုပ်မည်ဆိုကာ စတင်ဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း၊ ဝန်ကြီးချုပ်နှင့်တွေ့ဆုံစဉ် ဝန်ကြီးချုပ် လမ်းညွှန်ချက်အရ ဆောင်ရွက်တာဖြစ်ပြီး YCDC နှင့် သုံး၊ လေးကြိမ် တွေ့ပြီး ဖြစ်ကြောင်း၊ တွေ့ရှိချက်နှင့် လုပ်ရမည့်ပမာဏလည်း များပါကြောင်း၊ ရေရည် ရန်ကုန်မြို့တစ်မြို့လုံး လမ်း မိုင် ၂၀၀၀ ခန့်ရှိကြောင်း၊ ပြည်တွင်းပြည်ပ ပညာရှင်များနှင့်ဆွေးနွေးကြောင်း Tenology Technical ပိုင်းကိုလည်း လေ့လာထား ပါကြောင်း၊ ဖွဲ့စည်းပုံအပိုင်းအတွက် Corporation ဖွဲ့ပြီး အများလုပ်မယ်ဆိုတာ ပြန် ဖွ့ဲစည်းခြင်းဖြစ်ပါကြောင်း၊ နိုင်ငံတော်လူကြီးတွေ သဘောဆန္ဒလမ်းညွှန်ချက်အတိုင်း ခံယူရမှာဖြစ်ပါကြောင်း၊ ကျွန်တော်တို့ ဒါမျိုး ဖွဲ့စည်းမည်ဆိုပါက ကျွန်တော်တို့ ဘယ်လို အပိုင်းနှင့်သွားမည်၊ ဒီ ရှေ့ပိုင်းတွင်လည်း အတွင်းရေးမှူးနှင့် အစည်းအဝေးလုပ်ပြီး တင်ပြထားတာလည်း ရှိကြောင်း၊ ကျွန်တော်တို့မှ City Unit နှင့် သွားပြီး Government နှင့် Private သွားပြီး Public Company ထောင်မည့်သဘော ဖြစ်ကြောင်း၊ ထို့ကြောင့် မူအားဖြင့် ကျွန်တော်တို့ ဖွဲ့စည်းပုံတွေ လိုမည်ဖြစ်ကြောင်း၊ Total Amount သည်လည်း တော်တော်ကြီးကြောင်း၊ မြို့တစ်ခုလုံးတွက်မည်ဆိုပါက အကြမ်းဖျင်း US Dollar 7 Billion (အမေရိကန်ဒေါ်လာ ခုနစ်ဘီလျံ)လောက် ရှိကြောင်း၊ အသေးစိတ် တွက်ချက်ထားသည် များကို တင်ထားပြီးသားလည်း ရှိကြောင်း၊ ဖွဲ့စည်းပုံတွင် ပါဝင်ပတ်သက်သည့် ရှယ်ယာအချိုးအစားများကို ကျွန်တော်တို့အားလုံး ညှိနှိုင်းပြီး မြို့တော်ဝန်ကြီး၏လမ်းညွှန်ချက်အတိုင်းသာ ကျွန်တော်တို့ ခံယူသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် ရွှေတောင်ကုမ္ပဏီမှ ဦးအောင်ဇော်နိုင်က ရွှေတောင်ကုမ္ပဏီအောက်တွင် ရွှေတောင် Infrastructure Investment Co နှင့် ရွှေတောင် Engineering  Co ဖွဲ့စည်းထားတာရှိကြောင်း၊ လမ်းညွှန်ချက်အတိုင်း ပူပေါင်းပါဝင်ဖို့ အဆင့်သင့်ဖြစ်ပါကြောင်း၊ ရွှေတောင်ကုမ္ပဏီအနေဖြင့် ဒီ Infrastructure လုပ်ငန်းနှင့်ပတ်သက်ပြီး ကျွန်တော်တု့ိ ရေဆိုးစနစ်နှင့်ပတ်သက်ပြီး ကော်ပိုရေးရှင်းကိစ္စများတွင် ကျွန်တော်တို့ Infrastructure အတွေ့အကြုံတွေ ရှိပါကြောင်း၊ Infrastructure လုပ်ငန်းအတွက် ရွှေတောင်အောက်တွင် Infrastructure Investment  Company များ ရှိကြောင်း၊ အဲဒီကနေ Research လုပ်လို့ရကြောင်း၊ တစ်ဖက်မှာလည်း ရွှေတောင် Engineering Co ဖွဲ့စည်းထားတာရှိပြီး လမ်းညွှန်ချက် အတိုင်း ပူပေါင်းပါဝင်ဖို့ အဆင့်သင့်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်ဟု အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။

အဆိုပါအစည်းအဝေးတွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဒေါ်လှိုင်မော်ဦးက” ကျွန်မတို့ ကနဦးကမ်းလှမ်းပြီး ဆွေးနွေးနေတဲ့ ရွှေသံလွင်နဲ့ ကုမ္ပဏီနှစ်ခုရှိပါတယ်။ သူတို့ဘက်က အဆိုပြုချက်ကို ရထားပြီးဖြစ်ပါတယ်။ ချမ်းငြိမ်း ကုမ္ပဏီဘက်ကလည်း အဆိုပြုချက်တွေ ရှိတယ်လို့လည်း သိထားပါတယ်။ အဲဒီကုမ္ပဏီတစ်ခုတည်း၊ နှစ်ခုတည်းနဲ့ လုပ်မှာ မဟုတ်ဘဲ အားလုံးကို ဖွင့်ပေးလိုက်ပါ။ အားလုံးဆီက အဆိုပြုချက်ကို ယူပေးပါ။ ဘယ်လိုပေါင်းပြီး လုပ်ရင်မရလဲဆိုတဲ့ အဆိုပြုချက်ကို ယူချင်ပါတယ်။ အခုချက်ချင်း ဆွေးနွေးနိုင်ဖို့ ခဲယဉ်းပါသေးတယ်။ အများကြီး စဉ်းစားရမယ်။ ငါးကြင်းဆီနဲ့ ငါးကြင်းကြော်ရမယ့် ကိစ္စဖြစ်ပါတယ်။ ရန်ကုန်တိုင်းဒေသ ကြီးအစိုးရရဲ့ စေတနာကတော့ အစိုးရဘတ်ဂျက်နဲ့ချည်းပဲ သွားနေရင် တော်တော်နဲ့ မပြီးနိုင်တဲ့ကိစ္စကို Private Co တွေ ပါလာမယ်ဆိုရင် Private Co တွေအတွက်လည်း အလုပ်ဖြစ်၊ ပြည်သူတွေအတွက်လည်း အလုပ်အကိုင်အခွင့်အလမ်းတွေဖြစ်၊ တစ်ဖက်ကလည်း ကျွန်မတို့ ရန်ကုန်မြို့ကြီး လမ်းတွေ အဆင့်မြှင့်နိုင်မယ်ဆိုတဲ့ အနေအထားဖြစ်ပါတယ်။ ဒီနေ့ ဒါနဲ့ပတ်သက်ပြီး ဆွေးနွေးနိုင်မယ်ဆိုလည်း ဆွေးနွေးပေးပါ။ မဆွေးနွေးနိုင်ဘူးဆိုရင်လည်း နောက်တစ်ကြိမ် ကိုယ့်ဘက်က အဆိုပြုချက်တွေကိုလည်း တင်ပြစေချင်ပါတယ်။ အဲဒီအတွက် အချိန်ကာလ ဘယ်လောက်လိုမယ်ဆိုတာ ဒီနေ့ ပြောနိုင်မယ်ထင်ပါတယ်။ YCDC နဲ့ ရွှေသံလွင်တို့ သုံးလေးကြိမ်တွေ့ပြီး သူတို့ဘက်က Proposal တင်ထားတာရှိပါတယ်။ အားလုံးနဲ့ တကယ်လုပ်နိုင်တဲ့၊ ခွန်အားရှိတဲ့ စေတနာရှိတဲ့ သူတွေနဲ့ ပူးပေါင်းချင်လို့ ဒီနေ့ခေါ်ယူဆွေးနွေးခြင်း ဖြစ်ပါတယ်။ ဘယ်တော့လောက် အဆိုပြုချက်တင်နိုင်မလဲဆိုတာ ကိုယ့်ဘက်က Concept Rough Idea ကို ဘယ်တော့လောက်တင်နိုင်မယ်၊ ဒါမှမဟုတ် အချင်းချင်း ဘယ်လို၊ ဒါတွေနဲ့ ပတ်သက်ပြီး အကြံပြုချက်လိုချင်ပါတယ်။ ဒီကုမ္ပဏီတွေအားလုံး အတွေ့အကြုံရှိပြီးသားဆိုတာ  ကျွန်မတို့သိပါတယ်” ဟု ပြောကြားခဲ့ကြောင်း အစည်းအဝေး မှတ်တမ်းတွင် ဖော်ပြထားသည်။

ဒေါ်စန္ဒာမင်း၏ ရေးသားမှုနှင့် ပတ်သက်၍ မတ် ၁၂ ရက်တွင် တွေ့ဆုံမေးမြန်းရာ ဒေါ်စန္ဒာမင်းက Yangon Infrastructure Development Co.,Ltd (YIDP) ဖွဲ့စည်းဆောင်ရွက်ခြင်းကိစ္စနှင့် ပတ်သက်ပြီး  တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတို့ ယခုတစ်ပတ်အတွင်း တွေ့ဆုံ ရန်ရှိပြီး တွေ့ဆုံပြီးမှ အသေးစိတ်အချက်အလက်များကို မီဒီယာများသို့ ပြောကြား သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

“ကျွန်တော်ကတော့ သိပ်မသိဘူး။ ကျွန်တော်တို့ဥပဒေက လုပ်နေတုန်း ရှိသေးတယ်။ အရင်ဥပဒေနဲ့ လုပ်လုပ် နောက်ဥပဒေ နဲ့ လုပ်လုပ် လွှတ်တော်ကို တင်ကိုတင်ပြရမှာပဲ။ စည်ပင်အတွင်းရေးမှူးပြောတာက ဥပဒေနဲ့မညီညွတ်ဘဲ ပြောလိုက်တာပေါ့၊ သူပြောပြီး သူပဲ တာဝန်ယူရမှာပေါ့” ဟု ဒဂုံမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဘဏ္ဍာရေး၊ စီမံကိန်း နှင့် စီးပွားရေးကော်မတီ အတွင်းရေးမှူး ဦးကျော်ဇေယျက ပြောကြားသည်။