ဘင်္ဂါလီတို့နေထိုင်ခဲ့ရာ မီးလောင်သွားသောနေရာ၌ မြန်မာနိုင်ငံက လုံခြုံရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ တည်ဆောက်နေသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ပြောကြားမှုကို မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်တို့ ပြန်လည်ဖြေရှင်း

ဘင်္ဂါလီတို့နေထိုင်ခဲ့ရာ မီးလောင်သွားသောနေရာ၌ မြန်မာနိုင်ငံက လုံခြုံရေးဆိုင်ရာ အခြေခံ အဆောက်အအုံများ တည်ဆောက်နေသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ပြောကြားမှုကို မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ်တို့ ပြန်လည်ဖြေရှင်း
Published 13 March 2018

မောင်တောတောင်ပိုင်း ကိုင်းကြီး မြိုတိုင်းရင်းသားကျေးရွာအား ပန္နက်ရိုက်နေစဉ် (ဓာတ်ပုံ-သားရွှေဦး)

ဘင်္ဂါလီတို့နေထိုင်ခဲ့ရာ မီးလောင်သွားသောနေရာ၌ မြန်မာနိုင်ငံက လုံခြုံရေးဆိုင်ရာ  အခြေခံ အဆောက်အအုံများ တည်ဆောက်နေသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ပြောကြားမှုကို မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးနှင့် နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးတို့က  ပြန်လည်ဖြေရှင်းခဲ့ကြောင်း သိရသည်။

ဖျက်ဆီးခံလိုက်ရသည့် ဘင်္ဂါလီမွတ်စလင် (မူရင်း၌ ရိုဟင်ဂျာဟုဖော်ပြ) တို့၏ ရွာများ၌ မြန်မာနိုင်ငံက လုံခြုံရေးဆိုင်ရာ တည်ဆောက်မှုများ ပြုလုပ်နေသည်ဟု အပြည်ပြည်ဆိုင်ရာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ (AI) က မတ် ၁၂ ရက်တွင် ပြောကြားခဲ့ရာ သိန်းနှင့်ချီသော ဒုက္ခသည်များကို ပြန်လည်လက်ခံရေး အစီအစဉ်နှင့် ပတ်သက်၍ သံသယများကို ဖြစ်ပေါ်စေခဲ့သည်။

AI ၏ အစီရင်ခံစာအသစ်တစ်ရပ်၌ ဂြိုဟ်တုမှရရှိသော ဓာတ်ပုံများနှင့် တွေ့ဆုံမေးမြန်းမှုများကို အသုံးပြုကာ ယခုနှစ်အစပိုင်းကတည်းက စစ်ဘက်ဆိုင်ရာ အခြေခံအဆောက်အအုံများနှင့် အခြားဆောက်လုပ်မှုများ အလျင်အမြန် မြင့်တက်လာကြောင်းကို ထောက်ပြခဲ့သည်။ ယင်းကို သုတေသနပြုသူများက မြေယာသိမ်းဆည်းမှုမြောက်ကြောင်း ပြောကြားခဲ့ကြသည်။

“AI က နောက်ဆုံးသုတေသနမှာ မှတ်တမ်းတင်ထားတဲ့ အထောက်အထားအသစ်တွေနဲ့ ပြန်လည် တည်ဆောက်မှုတွေအရ မြန်မာအာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေ ပြန်လာဖို့ လိုအပ်တဲ့ နေရာတိုင်းမှာ တည်ဆောက်မှုတွေ ပြုလုပ်နေကြောင်း သိရပါတယ်” ဟု မတ် ၁၂ ရက်၌ အစီရင်ခံစာ မထုတ်ပြန်မီ AI ၏ ပဋိပက္ခတုံ့ပြန်ရေး ညွှန်ကြားရေးမှူး တီရာနာဟက်ဆန်က ပြောကြားခဲ့သည်။

“တချို့နေရာတွေမှာ ရှိနေတဲ့ အိမ်တွေကိုတောင် ဖျက်ဆီးပစ်တာ တွေ့ရပါတယ်” ဟုလည်း ၎င်းက ပြောကြားခဲ့သည်။

ရရှိသော ဓာတ်ပုံများက အဖြစ်အပျက် တစ်စိတ်တစ်ပိုင်းကိုသာ ဖော်ပြနိုင်သည်ဟု ဝန်ခံခဲ့သော်လည်း ဘင်္ဂါလီမွတ်စလင်တို့၏ အိမ်ရာများ မီးလောင်ခဲ့သည့် နေရာနှင့် အနီးတစ်ဝိုက်၌ လုံခြုံရေး တပ်ဖွဲ့ဝင်များ အတွက် အဆောက်အအုံများ၊ ရဟတ်ယာဉ်ကွင်းများနှင့် လမ်းများကိုပင် တည်ဆောက်လျက် ရှိသည်ဟု AI က ပြောကြားခဲ့သည်။

သြဂုတ်လ တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် နှစ်လအကြာတွင် ရယူထားသော ရခိုင်ပြည်နယ် မောင်တောမြို့ပြင်ရှိ ကံကျဟုခေါ်သော ရွာတစ်ရွာ၏ ဂြိုဟ်တုဓာတ်ပုံတွင် မီးလောင်ထားသော လူနေအိမ်ရာ တစ်ခုကို တွေ့မြင်ခဲ့ရသော်လည်း မတ်လအစောပိုင်းတွင် မီးလောင်ထားသည့်နေရာ၌ အဆောက်အအုံများကို တွေ့မြင်နိုင်ပြီး ၎င်းတို့သည် လုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် အခြေစိုက်စခန်းတစ်ခု၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်ဟု AI က ယုံကြည်သည်ဟု ဆိုသည်။

စက်တင်ဘာလက ဘင်္ဂါလီရွာသား ၁၀ ဦးကို သတ်ဖြတ်ခဲ့မှု၌ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပါဝင်ကြောင်း မြန်မာနိုင်ငံက ဝန်ခံခဲ့သည့် အင်းဒင်ကျေးရွာ၌လည်း အလားတူ တည်ဆောက်မှုများကို တွေ့ရှိရသည်ဟု ဆိုသည်။

ဇန်နဝါရီလနှောင်းပိုင်းတွင် ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များကို စတင်လက်ခံရန် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်တို့ သဘောတူထားသော်လည်း အခြေခံ အခွင့်အရေးများနှင့် ဘေးကင်းလုံခြုံမှုတို့နှင့် ပတ်သက်၍ အာမခံချက်များ မရှိဘဲ ပြန်လာရန် လူများစွာတို့က တွန့်ဆုတ်နေခဲ့သည်။

ဘင်္ဂါလီမွတ်စလင်တို့ စွန့်ခွာသွားသော နေရာများကို ရခိုင်လူမျိုးများနှင့် အခြားမွတ်စလင်မဟုတ်သော လူများအတွက် ဖယ်ထားလိမ့်မည်ဖြစ်ပြီး တပ်မတော်က ရက်စက်ကြမ်းကြုတ်မှုများ ကျူးလွန်ခဲ့သည်ဟု စွပ်စွဲထားသော အထောက်အထားများကို ဖျောက်ဖျက်ရန် ရှုခင်းကို အပြောင်းအလဲ ပြုလုပ်လိမ့်မည်ဟူသော စိုးရိမ်မှုများကို ယခု AI ၏ အစီရင်ခံစာက မီးမောင်းထိုးပြခဲ့သည်။

သို့သော် နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက AI ၏ ပြောကြားချက်များကို ပယ်ချခဲ့ပြီး “ဘူဒိုဇာနဲ့ သက်သေတွေပျောက်အောင် ထိုးနေတယ်ဆိုတဲ့အချက် လုံးဝမှားပါတယ်။ ကျေးရွာတွေ မီးရှို့ခံရတယ်၊ နေအိမ်တွေ မရှိတော့ဘူး၊ တချို့တိုင်တွေ ထိုးထိုးထောင်ထောင် ဖြစ်နေတာကလွဲရင် လူရော၊ အိမ်တွေရော မရှိတော့တဲ့ မီးလောင်ပြင်မြေတွေကို ပြန်လည်တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ ဆောင်ရွက်ဖို့ မြေညှိခြင်း၊ မြေရှင်းခြင်း စတဲ့ Ground Works တွေ လုပ်ဆောင်ခြင်းသာဖြစ်တယ်။ ဘယ်ဆောက်လုပ်ရေး လုပ်ငန်းခွင်မဆို မြေညှိတာ၊ မြေရှင်းတာ မလုပ်ဘဲ လုပ်လို့မရဘူး။ နေအိမ်အသစ်တွေ၊ ကျေးရွာအသစ်တွေ ပြန်လည်တည်ဆောက်ဖို့ လုပ်တာ ဖြစ်တယ်။ ဒီစွဲချက်က လိုရာဆွဲပြီး ပြောတာ ဖြစ်နေတယ်” ဟု The Daily Eleven သတင်းစာသို့ ပြန်လည်ဖြေရှင်း ပြောကြားခဲ့သည်။

ဦးဇော်ဌေးက ဆက်လက်၍ “ထွက်ပြေးသွားတဲ့သူတွေရဲ့ နေရာတွေမှာ တပ်တွေ နေရာချနေတယ် ဆိုတာလည်း မဟုတ်ဘူး။ ပြန်လည် နေရာချထားရေးအတွက် အစိုးရရဲ့ ပေါ်လစီက သူတို့မူလက နေထိုင်ခဲ့တဲ့ နေရာတွေနဲ့ အနီးစပ်ဆုံး ချထားရေး Nearest Places of Origin ဖြစ်တယ်။ UNHABITAT ရဲ့ ပြန်လည် နေရာချထားရေးဆိုင်ရာ အကြံပြုချက်တွေရယူပြီး Village Plan, Town Plan တွေ ရေးဆွဲပြီး လျှပ်စစ်မီး၊ လမ်း၊ လမ်းနယ်၊ ကျေးရွာ၊ စာသင်ကျောင်း၊ ဆေးရုံဆေးခန်း စတဲ့ နေရာချထားမှုတွေ စနစ်တကျ လျာထားပြီးမှ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဒီထဲမှာ လူဦးရေပျံ့နှံ့မှုပေါ်မူတည်ပြီး တရားဥပဒေ ထိန်းသိမ်းရေးအတွက် ရဲကင်းစခန်းတွေချထားတဲ့ Plan ထည့်သွင်းဆောင်ရွက်နေတာ ဖြစ်ပါတယ်။ တပ်အပိုင်းကလူတွေ ပြန်နေရာချမယ့်ကြားထဲ ချထားတာမျိုး မရှိဘူး။ ကျေးရွာတွေ ပြန်လည်နေရာချထားရာမှာလည်း ငါးဖမ်းလုပ်ငန်း၊ လယ်ယာလုပ်ငန်း စတဲ့ အသက်မွေးဝမ်းကျောင်းတွေ မူလကအတိုင်း လုပ်ကိုင်နိုင်အောင် ဦးစားပေး ဆောင်ရွက်နေပါတယ်။ ပြန်နေရာချတဲ့ ရွာတွေကြားထဲ တပ်တွေချထားဖို့လုပ်တယ် ဆိုတာကတော့ မဟုတ်ဘူး။ လူဦးရေပေါ်မူတည်ပြီး ဥပဒေစိုးမိုးရေး ဆောင်ရွက်မယ့် ရဲကင်း ရဲစခန်းတွေပဲ Village Plan မှာပါပါတယ်။ တပ်စခန်းတွေ မပါပါဘူး။ ရဲလုံခြုံရေးကတော့ ချထားမယ့် လူဦးရေ အချိုးအစားပေါ် မူတည်ပြီး ချထားဖို့ စီစဉ်ဆောင်ရွက်နေတာ ဖြစ်ပါတယ်” ဟု ပြောကြားသည်။

မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးကလည်း မောင်တောမြို့နယ်အတွင်း တိုင်းရင်းသားကျေးရွာများအား တည်ဆောက်နေသော်လည်း မီးလောင်သွားသည့် ဘင်္ဂါလီကျေးရွာများတွင် တိုင်းရင်းသား ကျေးရွာများအား ချထားခြင်း မရှိကြောင်း The Daily Eleven သတင်းစာသို့ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ တိုင်းရင်းသားရွာတွေ ချထားတဲ့ နေရာတွေဟာ မွတ်စလင်တွေ နေခဲ့တဲ့ ရွာတစ်ခုမှ မဟုတ်ဘူး။ မြို့နယ်စီမံခန့်ခွဲရေး ကော်မတီရဲ့ စီမံဆောင်ရွက်မှုနဲ့ မွတ်စလင်တွေနေခဲ့တဲ့ ရွာတွေ မဟုတ်တဲ့ နိုင်ငံတော်က စီမံခန့်ခွဲတဲ့မြေမှာပဲ တိုင်းရင်းသားတွေကို နေရာချတာ ဖြစ်ပါတယ်။ မွတ်စလင်တွေနေခဲ့တဲ့ရွာ၊ မီးလောင်သွားတဲ့ နေရာတွေ မဟုတ်ပါဘူး” ဟု မောင်တောမြို့နယ် အုပ်ချုပ်ရေးမှူးက ပြောကြားသည်။

မောင်တောမြို့မိမြို့ဖ တစ်ဦးဖြစ်သော ဦးအောင်ကျော်ညွန့်ကမူ “ကံကျဆိုတာက မြို့သူကြီးရွာအုပ်စုထဲက ရွာတွေကိုပြောတာ။ အခု မြို့သူကြီးမှာ ရဲတပ်ရင်းချဖို့ လုပ်နေ တယ်။ အဲဒီလို တပ်ရင်းချတာဟာ ငါတို့မြို့ ရဲ့ လုံခြုံရေးအတွက် အရေးကြီးတယ်။ဘာ ဖြစ်လို့လဲဆိုတော့ ဘူးသီးတောင်နဲ့ မောင် တောလမ်းဟာ အဲဒီ ဘင်္ဂါလီရွာကြားမှာ တည် ရှိနေတာဟာ အလွန်အန္တရာယ်ကြီးပါတယ်။ ကြုံတွေ့ခဲ့ရတဲ့ အခြေအနေကို ပြောရရင် အခု ၂၀၁၇ ခုနှစ် သြဂုတ် ၂၅ ရက်ဖြစ်တဲ့ အနေအထားမှာ ကျောက်ပန္တူက ဟိန္ဒူမိသားစုတွေ ထွက်ပြေးလာကြတယ်။ သူတို့ သုံးမိုင်ကို ရောက်လာပြီ။ ကားက မြို့ထဲဘက်ကို မသွားလို့ သူတို့ကို သုံးမိုင်မှာ ချထားခဲ့တယ်။ သူတို့က သုံးမိုင်ကနေ မောင်တောကို သွားမယ်ဆိုရင် မြို့သူကြီး ဘင်္ဂါလီရွာကို ဖြတ်သွားရမယ်။ သူတို့ ဖြတ်လို့ မြို့ထဲကို ဝင်တဲ့အခါ ဘင်္ဂါလီတွေ သတ်ဖြတ်လို့ ဟိန္ဒူတွေ သေဆုံးခဲ့ရတယ်။ အခုလက်ရှိ ဆောက်ထားဆဲ ခရိုင်တရားရုံးထဲကို ဝင်ပြေးပေမယ့် အဲဒီတရားရုံးထဲမှာပဲ ဟိန္ဒူတွေ သတ်ဖြတ်ခံခဲ့ရတာ ဖြစ်တယ်။ အဲဒါက သာမန်လူတွေအတွက် အန္တရာယ်ဖြစ်တယ်။ အဲဒီအချိန်မှာပဲ စစ်တပ်က ဝင်လာတဲ့အခါ စစ်တပ်ကို မြို့သူကြီးကနေ အကြမ်းဖက်သမားတွေ ခံပစ်ထားတော့ မြို့ကို ဝင်မရဖြစ်သွားတယ်။ ဒါကြောင့် မြို့သူကြီး ဘင်္ဂါလီရွာဟာ ငါတို့ မောင်တောမြို့ကို ပိတ်ဆို့တား ဆီးနေတဲ့ ရွာတစ်ရွာ ဖြစ်နေတယ်။ မြို့ကိုလာမယ့်သူတိုင်း မြို့သူကြီးကို ဖြတ်ကြရတာဖြစ်တယ်။ အရင့်အရင်တုန်းကလည်း ဒေသခံ တိုင်းရင်းသားတွေ အဲဒီမြို့သူကြီးရွာမှာ မကြာခဏ သတ်ဖြတ်ခံခဲ့ရတာ ရှိခဲ့တယ်။ အခု အဲဒီနေရာမှာ လုံခြုံရေးရဲတပ်ရင်း ချလိုက်တာဟာ မြို့လုံခြုံရေးအတွက် အလွန်သင့်တော်တယ်။ ဒါ့အပြင် အဲဒီအနားမှာ ဌာနဆိုင်ရာရုံးတွေ ဆောက်လာတာရှိတယ်။ အဲဒီရုံးတွေနဲ့ ဝန်ထမ်းတွေရဲ့ လုံခြုံရေးအတွက် လုံခြုံရေးတပ်ရင်း ချထားဖို့ အင်မတန် သင့်တော်ပါတယ်” ဟု သုံးသပ်ပြောကြားသည်။

The Daily Eleven သတင်းစာ ဒေသခံ သတင်းထောက်၏ သတင်းပေးပို့ချက်အရ ဒေသခံတိုင်းရင်းသားများကို စုစည်းပြီး ရပ်ရွာသစ်များ ပြန်လည်တည်ဆောက်ရန် စီစဉ်လျက်ရှိရာ မြိုတိုင်းရင်းသားများအတွက် သစ်တုံးနားခွဆုံ၊ နတ်ချောင်း၊ ဇော်မတက်ရွာတို့တွင် လည်းကောင်း၊ ခမီ၊ ဒိုင်းနက်၊ ချင်းနှင့် မြိုတိုင်းရင်းသားများ အတွက် ပဒကားရွာသစ်တွင် လည်းကောင်း၊ ရခိုင်တိုင်းရင်းသားများအတွက် မင်းကြီးရွာသစ်၊ အထက်ပြူးမနှင့် ကွမ်းသီးပင် ကျေးရွာများတွင် လည်းကောင်း၊ မာရမာကြီး တိုင်းရင်းသားများအတွက် လောင်းဒုံးရွာတွင် လည်းကောင်း၊ သက်တိုင်းရင်းသားများအတွက် သက်ကိုင်ညာ ကျေးရွာတွင် လည်းကောင်း၊ ဒိုင်းနက်လူမျိုးများ အတွက် ကာလာဒေးဖက်ကျေးရွာတွင် လည်းကောင်း၊ ဟိန္ဒူဘာသာဝင်များအတွက် အိုးထိန်း၊ ရဲဘောက်ကျ၊ ကြိမ်ချောင်း၊ တောင်ပြို၊ မြို့မိချောင်း၊ ရွှေဇား၊ မြို့ဦးနှင့် လေးမိုင်ကျေးရွာများတွင် လည်းကောင်း ရွာသစ်များ ထူထောင်ပေးလျက်ရှိခြင်း၊ ထူထောင်ရန် စီစဉ်ထားရှိခြင်းများ ဆောင်ရွက်ထားကြောင်း သိရသည်။

Most Read

Most Recent