ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လွှဲမည့် ဘင်္ဂါလီဒုက္ခသည် ၈၀၀၀ ကျော်စာရင်းအနက် မြန်မာနိုင်ငံတွင်နေထိုင်ဖူးသူ ၃၀၀ ကျော်သာ စိစစ်တွေ့ရှိရကြောင်း သိရ

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ ပြန်လွှဲမည့် ဘင်္ဂါလီဒုက္ခသည် ၈၀၀၀ ကျော်စာရင်းအနက် မြန်မာနိုင်ငံတွင်နေထိုင်ဖူးသူ ၃၀၀ ကျော်သာ စိစစ်တွေ့ရှိရကြောင်း သိရ
Published 11 March 2018

မောင်တောမြို့တွင် နယ်စပ်ခြံစည်းရိုးအပြင်ဘက် မြန်မာပိုင်နက်အတွင်း ဘင်္ဂါလီများ တရားမဝင် တဲထိုးနေထိုင်နေသည်ကို မတ် ၆ ရက်က တွေ့ရစဉ်

ဘင်္ဂလားဒေ့ရှ်မှ မြန်မာနိုင်ငံဘက်သို့ ပြန်လွှဲမည့်ဘင်္ဂါလီဒုက္ခသည် ၈၀၀၀ ကျော် စာရင်းတွင် လက်ရှိစိစစ်ချက်များအရ မြန်မာနိုင်ငံတွင် နေထိုင်ဖူးသူ ၃၀၀ ကျော်သာ စိစစ်တွေ့ရှိရကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေ၏ ပြောကြားချက်အရ သိရသည်။

အဆိုပါ ပြောကြားချက်မှာ မတ် ၁၀ရက် နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟိုဆောက်လုပ်ရေး သင်တန်းကျောင်း(သုဝဏ္ဏ) တွင် ပြုလုပ်သည့် အမျိုးသားအဆင့် အလုပ်အကိုင်ဆိုင်ရာ ကျွမ်းကျင်မှု အသိအမှတ်ပြု လက်မှတ်ပေးအပ်ပွဲအပြီး သတင်းမီဒီယာများ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ယင်းကဲ့သို့ပြောကြားခဲ့ခြင်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်က ပို့လိုက်သည့် လူဦးရေစာရင်းများတွင် သတ်မှတ်ထားသည့် ပုံစံများမပြည့်စုံခြင်း၊ မပါရှိခြင်း၊ အချက်အလက်မမှန်ခြင်း၊ လက်ဗွေရာနှင့် ပုံများမပါရှိခြင်းစသည့် အချက်အလက် မပြည့်စုံမှုများ ရှိနေသည့်အတွက် ဝန်ကြီးဌာနအနေဖြင့် စိစစ်ပြီးမှ မြန်မာနိုင်ငံသား မှန်ကန်သည့် သူများစာရင်းကို ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ စာရင်းပြန်ပို့ပြီးမှ လက်ခံသွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

“အခုချိန်အထိ တစ်ဖက်နိုင်ငံကပို့တဲ့ အင်အား ၈၀၀၀ ကျော်လောက်မှာ ၃၀၀ ကျော်လောက်က ကိုယ့်နိုင်ငံမှာ နေခဲ့တယ်ဆိုတဲ့အ ထောက်အထားတော့ရပြီ။ ဆက်လည်း စိစစ်နေတယ်။ အဲဒါတွေကို အမြန်ဆုံးလက်ခံသွားဖို့ စီစဉ်နေပါတယ်။ သို့ပေမဲ့ ဘယ်တော့ပြန်လွှဲမယ်ဆိုတာတော့ဒီဘက်က စိစစ်တဲ့စာရင်း သူတို့ဘက်ကို ပြန်ပို့ပြီးရင် သူတို့ဘက်က ဒီလူတွေကို ဘယ်တော့ပြန်လွှဲပါ့မယ်ဆိုတဲ့ ညွှန်ကြားချက်လာမယ်။ အဲဒီတော့ စာရင်းပို့ပြီးရင် သူတို့က ချက်ချင်းစီစဉ်ရင်တော့ မြန်နိုင်တာပေါ့။ ဝန်ကြီးဌာနအနေနဲ့တော့ သူတို့ဆီက ပေးပို့ထားတဲ့ ၈၀၀၀ ကျော်ရဲ့ အချက်အလက်စိစစ်မှုကတော့ ပုံမှန်စစ်နေတာဖြစ်တဲ့အတွက် ဒီလကုန်လောက်ဆိုရင် ပြီးနိုင်ပါတယ်။ လက်ရှိမှာတော့ ၃၀၀ ကျော်လောက်ကိုတော့ စိစစ်အတည်ပြုနိုင်ပြီ” ဟု ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက သတင်းမီဒီယာများ သို့ ပြောကြားသည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေဖြင့်  မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးမည့် ဒုက္ခသည် ၈၀၃၂ ဦး စာရင်းကို မြန်မာနိုင်ငံ ပြည်ထဲရေး ပြည်ထောင်စုဝန်ကြီးထံ ဖေဖော်ဝါရီ ၁၆ ရက်က လွှဲပြောင်းပေးအပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်မှ ပြန်လည်ဝင်ရောက်လာသူ မရှိသေးသော်လည်း ပြန်လည်လက်ခံရေးစခန်းတွင် လဝက အပါအဝင်ဌာနဆိုင်ရာအားလုံး အဆင်သင့်ရှိနေကြောင်း သိရသည်။

ပြန်လည်လက်လက်ခံရေး ဆောင်ရွက်မှု အခြေအနေများနှင့်ပတ်သက်၍ တောင်ပြိုလက်ဝဲ လက်ခံရေးစခန်းမှ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးကိုကိုသော်က “အခုအချိန်အထိ ဘာမှမထူးသေးပါဘူး။ ကျွန်တော်တို့ကတော့ ဇန်နဝါရီ ၂၃ ရက်ကတည်းက ကျွန်တော်တို့အဖွဲ့က ရယ်ဒီပြင်ဆင်ထားပါတယ်။ လဝကတစ်ခုတည်း မဟုတ်ပါဘူး။ ဌာနဆိုင်ရာအားလုံး ရှိပါတယ်။ နိုင်ငံခြားရေး တို့၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးတို့၊ ကျန်းမာရေးတို့ တခြားရှိရမယ့်ဌာနဆိုင်ရာအားလုံး အဆင်သင့်ရှိပါတယ်” ဟု မတ် ၁၀ ရက် မွန်းလွဲပိုင်းက ဆိုသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးမည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စု ၁၆၇၃ စု၊ လူဦးရေ ၈၀၃၂ ဦး၏ အချက်အလက်များကို မြန်မာနိုင်ငံဘက်သို့  ပေးအပ်ခဲ့သော်လည်း ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့လာသော ပုံစံများမှာ နှစ်နိုင်ငံ လုပ်ငန်းအဖွဲ့ကိုယ်စားလှယ်များ သဘောတူထားသည့် ပုံစံမဟုတ်သည့်အတွက် နေထိုင်ခဲ့ခြင်း ရှိ၊ မရှိ စိစစ်ရာတွင် အခက်အခဲများစွာ တွေ့ကြုံလာရကြောင်း သိရသည်။

ထို့ပြင် ဘင်္ဂါလီ ၁၀၀၀ ကျော်အား လက်ခံရန်ရှိနေကြောင်း သတင်းထွက်ပေါ်နေသော်လည်း အတည်ပြုချက်မရသေးကြောင်း သိရသည်။ တောင်ပြိုလက်ဝဲလက်ခံရေးစခန်းမှ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုသော်က “အဲဒီကိစ္စကတော့ ကျွန်တော်တို့ဆီကို အတည်ပြုချက် မရသေးပါဘူး” ဟု ပြောကြားသည်။

မောင်တောမြို့နယ်၊ တောင်ပြိုလက်ဝဲမြို့ ပြန်လည်လက်ခံရေးစခန်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကိုကိုသော် ဦးဆောင်သည့်အဖွဲ့၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသောင်းရွှေ ဦးဆောင်သည့်အဖွဲ့၊ မီးသတ်ဦးစီးဌာနမှ လက်ထောက် ဦးစီးမှူး ဦးခိုင်မင်းနိုင် ဦးဆောင်သည့်အဖွဲ့၊ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် အထက်တန်း သူနာပြု ဦးသန်းဝင်း ဦးဆောင်သည့် အဖွဲ့တို့ဖြင့်လည်းကောင်း၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်း၌ လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားမှတ်ပုံတင်ရေး ဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းခိုင် ဦးဆောင်သည့် အဖွဲ့၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဦးစီးဌာနမှ ဒုတိယ ညွှန်ကြားရေးမှူး ဦးဝင်းအောင်ဌေး ဦးဆောင်သည့်အဖွဲ့၊ မီးသတ်ဦးစီးဌာနမှ လက်ထောက်ဦးစီးမှူး ဦးမောင်ထွေး ဦးဆောင်သည့်အဖွဲ့၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များနှင့် အထက်တန်း သူနာပြု ဦးအောင်မင်းခန့် ဦးဆောင်သည့်အဖွဲ့တို့ဖြင့်လည်းကောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံမှ ပြန်လည်ဝင်ရောက်လာမည့် သူများအား လက်ခံရေးဆောင်ရွက်လျက် ရှိနေသော်လည်း ဟိန္ဒူ၊ ဘင်္ဂါလီများ မတ် ၁၀ ရက်အထိ ပြန်လည်ဝင်ရောက်မှုမရှိသေးကြောင်း သတင်းရရှိသည်။

ရခိုင်ပြည်နယ် နေရပ်စွန့်ခွာသူများအား ပြန်လည်လက်ခံရေးနှင့်ပတ်သက်၍ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံအကြား ပြန်လည်လက်ခံရေးလုပ်ငန်းစဉ် သဘောတူညီချက်ကို ၂၀၁၇ ခုနှစ် နိုဝင်ဘာ ၂၃ ရက်တွင် လက်မှတ် ရေးထိုးခဲ့ပြီး သဘောတူညီချက်အတိုင်း အကောင်အထည်ဖော်နိုင်ရေး ပြန်လည်လက်ခံရေး ပူးတွဲလုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းခဲ့သည်။

နှစ်နိုင်ငံ ပြန်လည်လက်ခံရေးပူးတွဲ လုပ်ငန်းအဖွဲ့ဝင်များ ပထမအကြိမ် အစည်းအဝေးကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၅ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပခဲ့ပြီး Physical Arrangement For Repatriation of Displaced Myanmar Residents Form Bagladesh ကို လက်မှတ်ရေးထိုးခဲ့သည်။

ပထမအကြိမ် ပူးတွဲလုပ်ငန်း အဖွဲ့အစည်းအဝေးတွင် ဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လိုသူများ ဖြည့်သွင်းရမည့်ပုံစံကို နှစ်ဖက်အကျေအလည် ဆွေးနွေးခဲ့သည်။

မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပြည်ထဲရေးဝန်ကြီးဌာန၊ လုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ ဒုတိယအကြိမ် ဝန်ကြီးအဆင့် အစည်းအဝေးကို ဖေဖော်ဝါရီ ၁၅ ရက်မှ ၁၇ ရက်အထိ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ကျင်းပခဲ့သည်။

အစည်းအဝေးတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်မှ မြန်မာနိုင်ငံဘက်သို့ ပြန်လည်လွှဲပြောင်းပေးမည့် နေရပ်စွန့်ခွာသူ အိမ်ထောင်စု ၁၆၇၃ စု၊ လူဦးရေ ၈၀၃၂ ဦး၏ အချက်အလက်များကို မြန်မာနိုင်ငံဘက်သို့ ပေးအပ်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်ဘက်မှ ပေးပို့လာသော ပုံစံများမှာ နှစ်နိုင်ငံလုပ်ငန်းအဖွဲ့ ကိုယ်စားလှယ်များ သဘောတူထားသည့် ပုံစံမဟုတ်သည့်အတွက် နေထိုင်ခဲ့ခြင်း ရှိ၊ မရှိ စိစစ်ရာတွင် အခက်အခဲများစွာ တွေ့ကြုံလာရသည်။

တွေ့ကြုံရသည့် အခက်အခဲများမှာ မိမိဆန္ဒအလျောက် ပြန်လည်ဝင်ရောက်လိုမှု ဟုတ်၊ မဟုတ် စိစစ် မရနိုင်ခြင်း၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ တည်ဆဲဥပဒေများကို လေးစားလိုက်နာပါမည်ဖြစ်ကြောင်း ဝန်ခံလက်မှတ်များ မရရှိနိုင်ခြင်း၊ ပုံစံပါအ ချက်အလက်များ မှန်ကန်ကြောင်း ကာယကံရှင်မှ လက်မှတ်ရေးထိုးထားသည့် (သို့မဟုတ်) လက်ဗွေ ရိုက်နှိပ်ဖော်ပြထားသည့် အချက်အလက်များ မပါရှိခြင်း၊ ပုံစံခေါင်းစဉ်ကိုက်ညီမှုမရှိခြင်း၊ ပုံစံနံပါတ်နှင့် ဖြည့်သွင်းရက်စွဲများ မပါရှိခြင်း၊ အိမ်ထောင်ဦးစီး၏ ထင်ရှားသော အမှတ်အသားနှင့်လက်ဗွေများ မပါရှိခြင်း၊ မြန်မာနိုင်ငံအစိုးရက ထုတ်ပေးထားသော ယခင်ကိုင်ဆောင်ခဲ့သည့် လက်မှတ်နှင့် နံပါတ်များ ရှိ၊ မရှိဖော်ပြမထားသဖြင့် စိစစ်၍မရနိုင်ခြင်း၊ အိမ်ထောင်ဦးစီး၏ မိဘများ မြန်မာနိုင်ငံ၌ နေထိုင်ခဲ့သည့် နေရပ်လိပ်စာမပါရှိ၍ ဆက်စပ်ရှာဖွေရန်ခက်ခဲခြင်း၊ ဆန္ဒအလျောက် ပြန်လာလိုသူ၏ ဓာတ်ပုံနှင့် ယခင်မြန်မာနိုင်ငံ၌ နေထိုင်ခဲ့စဉ်က ပြုစုထားသော အိမ်ထောင်စုအလိုက် ဓာတ်ပုံတို့ကို ခေတ်မီနည်းပညာဖြင့် စစ်ဆေးရန် ဆောင်ရွက်ထားသော်လည်း ပေးပို့လာသော ဓာတ်ပုံများ၏ အရည်အသွေး မပြည့်မီမှုကြောင့် တိုက်ဆိုင်စစ်ဆေး၍ မရနိုင်ခြင်း၊ ဖြည့်သွင်းရမည့်ပုံစံ၌ လက်မှတ်ရေး ထိုးရမည့်နေရာ၊ လက်ဗွေရိုက်နှိပ်ရမည့်နေရာများ ဖော်ပြထားသော်လည်း ယခုအခါ လက်မှတ်ရေးထိုးထားခြင်း၊ လက်ဗွေရိုက်နှိပ် ထားခြင်းမရှိ၍ အတင်းပြန်ပို့ရန် ဆောင်ရွက်နေသည်ဆိုသည့် သတင်းစကားကို မှား၊ မှန် ဆုံးဖြတ်၍မရသည့် ပုံစံဖြစ်နေခြင်း၊ အိမ်ထောင်စုစာရင်းဝင် တစ်ဦးချင်း အဘအမည်၊ အမိအမည် မပါရှိ၍ အခြားသူများ ရောနှောပါရှိလာနိုင်ခြင်း၊ အိမ်ထောင်စုဝင် သားသမီးများ၏ မွေးရပ်မဖော်ပြထား၍ မသက်ဆိုင်သူများ ပါရှိလာနိုင်ခြင်း၊ ကိုင်ဆောင်သည့် လက်မှတ်နံပါတ်များ မဖော်ပြထားခြင်းကြောင့် မိမိဘက်မှ မှတ်တမ်းများနှင့် တိုက်ဆိုင်စစ်ဆေးရန် အခွင့်မရှိခြင်း၊ အခြားတင်ပြလိုသည့် အထောက်အထားများ ပူးတွဲတင်ပြထားသည့် အနေအထားမရှိ၍ စိစစ်မှုတွင် အထောက်အကူမဖြစ်ခြင်း၊ နှစ်နိုင်ငံသဘောတူထားသော ပုံစံတွင် မိသားစုဝင်တစ်ဦးချင်း၏ ဓာတ်ပုံနှင့် လက်ဗွေများ ရိုက်နှိပ်ရန် ပါရှိသော်လည်း ယခုပေးပို့လာမှုတွင် ဓာတ်ပုံနှင့် လက်ဗွေများမရရှိခြင်း၊ မိသားစုဓာတ်ပုံပါသော်လည်း ထင်ရှားမှုမရှိခြင်း၊ ပြန်လည်စိစစ် လက်ခံရေးအဖွဲ့မှ စိစစ်လက်ခံသူများ လက်မှတ်ရေးထိုးမှုမပါရှိ၍ နောင်တွင် ရှုပ်ထွေးမှုများစွာ ဖြစ်လာနိုင်ခြင်းတို့ကို တွေ့ရှိရ၍ နှစ်နိုင်ငံ ပူးတွဲလုပ်ငန်းအဖွဲ့မှ အတည်ပြုထားသော သဘောတူညီချက် နောက်ဆက်တွဲ ဖော်ပြပါပုံစံ၌ ပြန်လည်ဖြည့်စွက်ပြီး သံတမန် လမ်းကြောင်းမှ ပြန်လည်ပေးပို့ရန် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ အကြောင်းကြားထားကြောင်း သိရှိရသည်။

Most Read

Most Recent