နှစ်လအတွင်း လှည်းကူးမြို့နယ်ရှိ သောက်ရေသန့်စက်ရုံ၊ လုပ်ငန်းပေါင်း ၁၇ ရုံကို အရေးယူထားပြီး စစ်ဆေးတွေ့ရှိချက်ပေါ်မူတည်၍ တစ်ပတ်မှနှစ်လအထိ ထုတ်လုပ်မှု ရပ်ဆိုင်း

နှစ်လအတွင်း လှည်းကူးမြို့နယ်ရှိ သောက်ရေသန့်စက်ရုံ၊ လုပ်ငန်းပေါင်း ၁၇ ရုံကို အရေးယူထားပြီး စစ်ဆေးတွေ့ရှိချက်ပေါ်မူတည်၍ တစ်ပတ်မှနှစ်လအထိ ထုတ်လုပ်မှု ရပ်ဆိုင်း
Published 15 August 2017

လှည်းကူးမြို့နယ်ရှိ သောက်ရေသန့်လုပ်ငန်းများအား FDA က ရှောင်တခင် သွားရောက်စစ်ဆေးစဉ်

ဇူလိုင်နှင့် သြဂုတ်လအတွင်း လှည်းကူးမြို့နယ်ရှိ သောက်ရေသန့်စက်ရုံနှင့် လုပ်ငန်းပေါင်း ၁၇ ရုံကို FDA က အရေးယူထားပြီး စစ်ဆေးတွေ့ရှိချက်ပေါ်မူတည်၍ တစ်ပတ်မှ နှစ်လအထိ ထုတ်လုပ်မှု ရပ်ဆိုင်းထားကြောင်း မြန်မာနိုင်ငံ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရန်ကုန်ရုံးခွဲမှ သိရသည်။

အရေးယူခဲ့သည့် စက်ရုံနှင့် လုပ်ငန်းများအနက် ထောက်ခံချက် လျှောက်ထားခြင်း မရှိသော သောက်ရေသန့်လုပ်ငန်းကိုးခု၊ စိစစ်ဆဲနှင့် ထောက်ခံချက် ရရှိထားသော သောက်ရေသန့်လုပ်ငန်းရှစ်ရုံ၊ စုစုပေါင်း ၁၇ ရုံကို အရေးယူခဲ့ကြောင်းနှင့် သြဂုတ် ၉ ရက်က လှည်းကူးမြို့နယ်ရှိ ထောက်ခံချက် လျှောက်ထားခြင်းမရှိသော သောက်ရေသန့်လုပ်ငန်း ငါးရုံအား ရက်အကန့်အသတ်မရှိ ပိတ်သိမ်း အရေးယူခဲ့ပြီး စိစစ်ဆဲ၊ ထောက်ခံချက် ရရှိပြီးသော သောက်ရေသန့်စက်ရုံလေးရုံကို ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့်အညီ ထုတ်လုပ်မှု မရှိသောကြောင့် ယာယီရပ်ဆိုင်း အရေးယူခဲ့ကြောင်း သိရသည်။

သြဂုတ် ၉ ရက်က အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ရန်ကုန်ရုံးခွဲနှင့်အတူ အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေး ကော်မတီအဖွဲ့ဝင်များသည် လှည်းကူးမြို့နယ်ရှိ အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက် လျှောက်ထားခြင်း မရှိသော သောက်ရေသန့်လုပ်ငန်း ငါးရုံအား ရှောင်တခင် စစ်ဆေးခဲ့ပြီး စက်ရုံမှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့် အညီ ထုတ်လုပ်မှုမရှိသောကြောင့် စက်ရုံပိုင်ရှင်အား ခံဝန်ထိုးခြင်းနှင့် ရက်အကန့်အသတ်မရှိ ပိတ်သိမ်းအရေးယူခဲ့ကြောင်း၊ ၎င်းသောက်ရေသန့် လုပ်ငန်းများ အနေဖြင့် FDA သို့ ထောက်ခံချက် လျှောက်ထားပြီး GMP နှင့်အညီ ကိုက်ညီမှသာ ပြန်လည်ထုတ်လုပ် ခွင့်ပြုမည်ဖြစ်ကြောင်းနှင့် ပိတ်သိမ်းအရေးယူခဲ့သော သောက်ရေသန့်များမှာ စွမ်း၊ ဖိုးချစ်၊ Myat Noe Eain၊ Kar Kar၊ ရိဒ်သက်စမ်းရေ အမှတ်တံဆိပ်များ ဖြစ်ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်းက လှည်းကူးမြို့နယ်တွင် ပိတ်သိမ်းအရေးယူခဲ့သော သောက်ရေသန့်လုပ်ငန်းများအနက် ဆက်လက်ဖြန့်ဖြူး ရောင်းချနေသော နန္ဒာဂီရိနှင့် ကောင်းကင်သောက်ရေသန့် လုပ်ငန်းများကိုလည်း ထုတ်လုပ်ဖြန့်ဖြူး ရောင်းချခြင်းမပြုရန် ခေါ်ယူ၍ အထူးသတိပေးခဲ့ပြီး စိစစ်ဆဲနှင့် ထောက်ခံချက်ရရှိပြီးသော သောက်ရေသန့်စက်ရုံလေးရုံအား ထပ်မံရှောင်တခင် စစ်ဆေးခဲ့ရာ စက်ရုံများမှာ ကောင်းမွန်သော ထုတ်လုပ်မှုကျင့်စဉ် (GMP) နှင့် မကိုက်ညီခြင်း၊ မလိုက်နာခြင်းတို့ တွေ့ရှိသဖြင့် စက်ရုံစစ်ဆေး တွေ့ရှိချက်များအပေါ်မူတည်၍ စက်ရုံများအား တစ်ပတ်မှ နှစ်လအထိ ထုတ်လုပ်မှုများ ယာယီရပ်ဆိုင်းခဲ့ပြီး ဖြန့်ဖြူးရောင်းချခြင်း မပြုရန်နှင့် စက်ရုံအားပြုပြင်ရန် သတိပေးခဲ့ကြောင်း သိရသည်။

ဈေးကွက်၌ တရားမဝင် ထုတ်လုပ်ဖြန့်ဖြူး ရောင်းချနေသည့် သောက်ရေသန့်လုပ်ငန်းများစွာ ရှိနေပြီး အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်မရှိ ထုတ်လုပ်နေသည့် လုပ်ငန်းများ အပါအဝင် ထုတ်လုပ်ခွင့် ယာယီဆိုင်ငံ့ထားသည့်လုပ်ငန်းများ ပြန်လည်ထုတ်လုပ် ရောင်းချပါက ဥပဒေအရ တရားစွဲဆို အရေးယူမည်ဖြစ်ကြောင်း FDA မှ သိရသည်။

သောက်ရေသန့်လုပ်ငန်းများ ထုတ်လုပ်ခြင်း ထောက်ခံချက်ပေးသည့် လုပ်ငန်းများ ပိုမိုတွင်ကျယ်စေရန်နှင့် လျင်မြန်စေရန် ထောက်ခံချက်များကို ရန်ကုန်တိုင်းဒေသကြီးရှိ FDA ခရိုင်ရုံးခွဲများဖြစ်သော မြောက်ပိုင်းနှင့် တောင်ပိုင်းခရိုင်ရုံးများတွင် လျှောက်ထားခွင့်ပြုထားကြောင်းနှင့် ယခုနှစ်အတွင်း သောက်ရေသန့်လုပ်ငန်းသစ် ၈၂ ခု၊ တိုးချဲ့ ၁၉ ခုနှင့် သက်တမ်းတိုးလုပ်ငန်း ၆၀ ကို အစားအသောက် ထုတ်လုပ်ခြင်း ထောက်ခံချက်များ ထုတ်ပေးရန် စိစစ်ခွင့်ပြုထားကြောင်း မြန်မာနိုင်ငံ အစားသောက်နှင့် ဆေးဝါးကွပ်ကဲရေး ဦးစီးဌာနမှ သိရသည်။

Most Read

Most Recent