မြောက်ဥက္ကလာပဆေးရုံတွင် အမျိုးသမီးတစ်ဦးက မွေးကင်းစကလေးငယ်အား လိမ်လည်ခိုးယူမှုဖြစ်ပွား

မြောက်ဥက္ကလာပဆေးရုံတွင် အမျိုးသမီးတစ်ဦးက မွေးကင်းစကလေးငယ်အား လိမ်လည်ခိုးယူမှုဖြစ်ပွား
Published 7 March 2018

မြောက်ဥက္ကလာဆေးရုံဝင်းရှိ သားဖွားမီးယပ် ပြင်ပလူနာဌာန လမ်းညွှန်ဆိုင်းဘုတ်ကို တွေ့ရစဉ်

ရန်ကုန်တိုင်းဒေသကြီး မြောက်ဥက္ကလာပမြို့နယ်ရှိ မြောက်ဥက္ကလာပဆေးရုံတွင် အမျိုးသမီးတစ်ဦးက မွေးကင်းစကလေးငယ် တစ်ဦးကို လိမ်လည်ခိုးယူမှု ဖြစ်ပွားခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီးဌာန၏ သတင်းဖော်ပြချက်အရ သိရသည်။

မတ် ၅ ရက် နံနက် ၂ နာရီ ၁၅ မိနစ်တွင် မြောက်ဥက္ကလာပမြို့နယ် (ည) ရပ်ကွက်နေ ကိုအံ့ဇော် (၃၆ နှစ်) သည် ဇနီးဖြစ်သူ မချောဖြူ (ခ) ချောစုနိုင် (၃၅ နှစ်) မှာ မီးဖွားရန် ဗိုက်နာနေသဖြင့် မြောက်ဥက္ကလာပ ဆေးရုံကြီးသို့ သွားရောက်ကာ သားဖွားမီးယပ်ဆောင်တွင် သားတစ်ဦး မွေးဖွားခဲ့ကြောင်း၊ ကလေးအား မွေးကင်းစကလေး ဆေးကုသဆောင်သို့ သွားရောက်ပြသရမည် ဖြစ်သဖြင့် ကိုအံ့ဇော်က ဇနီးဖြစ်သူ တက်ရောက်နေသော ခုတင်သို့ သွားရောက် ခေါ်ဆောင်မည်ပြုရာ အမျိုးသားများဝင်၍ မရသဖြင့် သားဖွားမီးယပ်ဆောင်ရှေ့၌ တွေ့ရှိသော အမျိုးသမီးတစ်ဦးအား အဆောင်အတွင်းရှိ ကလေးကို ခေါ်ဆောင်ပေးရန် အကူအညီ တောင်းခံခဲ့ကြောင်း သိရသည်။

ထို့နောက် အမျိုးသမီးနှင့်အတူ မွေးကင်းစကလေး ဆေးကုသဆောင်သို့ ရောက်သောအခါ ဆေးမှတ်တမ်း မပါသည့်အပြင် ကလေးမှာ နို့ဆာသဖြင့် ငိုနေ၍ ဇနီးရှိရာ သားဖွားမီးယပ်ဆောင်ရှိ ခုတင်သို့ ပြန်လာခဲ့ကြောင်း သိရသည်။

ကလေးအား ဇနီးဖြစ်သူက နို့တိုက်နေချိန် ကိုအံ့ဇော်မှာ အပေါ့သွားပြီး ပြန်လာရာ ကလေးအား မတွေ့ရှိသဖြင့် မေးမြန်းရာ ကိုအံ့ဇော်နှင့်ပါလာသူ အမျိုးသမီးကို ကလေးအားပြသရန် ဆေးစာအုပ်များနှင့်အတူ ထည့်ပေးလိုက်၍ ခေါ်ဆောင်သွားကြောင်း ပြောပြသိရှိရသဖြင့် လိုက်လံကြည့်ရှုရာ အမျိုးသမီးနှင့် ကလေးမှာ ပျောက်ဆုံးနေကြောင်း ရဲမှုခင်း မှတ်တမ်းများအရ သိရသည်။

“ကလေးကို ဆေးရုံထဲကို ဝင်ရောက် ခိုးယူတာမျိုးတော့ မဟုတ်ဘူး။ ဒီဖြစ်စဉ်က မိဘတွေရဲ့ရိုးသား၊ မသိနားလည်မှုကို မလိမ့်တစ်ပတ်လုပ်ပြီး လိမ်လည် ယူဆောင်သွားတာဖြစ်တယ်။ မိဘတွေရဲ့ သူစိမ်းကို ယုံကြည်မှု၊ ဂရုစိုက်မှု အားနည်းတာလည်း ပါဝင်မယ်။ အခု သားဖွားမီးယပ်ဆောင်ကိုသွားဖို့ ကလေးအဖေက တန်းစီတဲ့အခါ လိမ်လည်တဲ့ အမျိုးသမီးက ကလေးချီတာ ပုံမကျဘူး။ ဒီလိုချီရတယ်။ ကူညီပေးမယ်ဆိုပြီး ဝင်ပေါင်းတယ်။ နောက်တော့ ကလေးအော်တော့ မိခင်ဆီ ပြန်သွားတယ်။ ကလေးအဖေ အပေါ့အပါး သွားတဲ့အခါ ကလေးအမေကို သားဖွားဆောင် သွားပို့မယ်ပေါ့။ လမ်းမှာ ကလေးအဖေကို တွေ့တော့လည်း သားဖွားဆောင် သွားပို့ထားတယ်ပေါ့။ ညနေလောက်မှ သွားပြန်ခေါ်ပေါ့။ အချိန်ကြာတော့ သားဖွားဆောင်မှာ ကလေးအဖေအမေ သွားကြည့်တော့ သူတို့နာမည်နဲ့ လာပို့ထားတဲ့ ကလေးက မရှိဘူး ဖြစ်နေတယ်။ မိခင်ကလည်း လမ်းသွားလမ်းလာ လုပ်နိုင်ပါတယ်။ ကလေးကိစ္စကို ကိုယ်တိုင်လုပ်တာမျိုး ဂရုထားရတယ်။ အခုက သူတို့နှစ်ယောက်ပဲရှိတော့။ ဖခင်ကလည်း မလည်မဝယ်ဖြစ်တော့ ဒီကိစ္စ ဖြစ်ပေါ်လာတယ်။ အခုတော့ ဆေးရုံမှာ တပ်ဆင်ထားတဲ့ CCTV ကနေတစ်ဆင့် အဲဒီအမျိုးသမီး မျက်နှာပုံသဏ္ဌာန်ကို ရရှိအောင် သက်ဆိုင်ရာ ရဲတပ်ဖွဲ့နဲ့ ရှာဖွေနေတယ်။ ကျူးလွန်သူကိုတော့ ဖော်ထုတ်သွားမယ်” ဟု မြောက်ဥက္ကလာပ ဆေးရုံအုပ်ကြီး ဒေါက်တာကြည်စိုးက မတ် ၆ ရက်တွင် ပြောကြားသည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ ကလေးကို ခိုးယူသွားသည့် အမျိုးသမီး (စိစစ်ဆဲ) အား မြောက်ဥက္ကလာပ မြို့မရဲစခန်းက (ပ) ၂၅၂/၂၀၁၈၊  ရာဇသတ်ကြီးပုဒ်မ ၃၆၃ (လူခိုးမှု) ဖြင့် အမှုဖွင့် စုံစမ်းလျက်ရှိကြောင်း သတင်းရရှိသည်။

 

Most Read

Most Recent