<

နိုင်ငံအတွင်း မှန်ကန်သည့်ဈေးနှုန်းဖြင့် ဆန်ရရှိနိုင်ရန် အရေးကြီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

မတ် ၆ ရက်က နေပြည်တော် MICC – 2 တွင် ကျင်းပသည့် မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေးနှီးနှောဖလှယ်ဆွေးနွေးပွဲ ၂၀၁၈ တွင် ဒေါ်အောင်ဆန်းစုကြည် အမှာစကားပြောကြားစဉ် (ဓာတ်ပုံ-ဇေယျာထွန်း)

နိုင်ငံအတွင်း မှန်ကန်သည့်ဈေးနှုန်းဖြင့် ဆန်ရရှိနိုင်ရန်အရေးကြီးကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ဆန်ဟာ ကျွန်မတို့ ပြည်သူပြည်သားများရဲ့ အဓိက စားသုံးနေတဲ့ အစားအစာ ဖြစ်တာကြောင့်မို့လို့ ဒီနိုင်ငံ အတွင်းမှာ မှန်ကန်တဲ့ဈေးနဲ့ ဆန်ရနိုင်ဖို့က အရေးကြီးပါတယ်။ ဒါကိုလည်း ကျွန်မတို့ ကြည့်ရပါမယ်။ တစ်ဖက်မှာလည်း ပြည်ပကို ပို့ကုန်တစ်ခုအနေနဲ့ ဆန်ဟာ ကျွန်မတို့နိုင်ငံအတွက် အကျိုးအမြတ်ရစေမယ့် ပစ္စည်းတစ်ခု အနေနဲ့လည်း စီးပွားရေး လက်နက်တစ်ခု အနေနဲ့လည်း ကျွန်မတို့ကြည့်ဖို့ လိုပါတယ်။ ဒီနှစ်ခုစလုံးကြည့်မှ ကျွန်မတို့ဟာ အောင်မြင်နိုင်မှာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

မတ် ၆ ရက်က နေပြည်တော်ရှိ MICC-2 တွင်ကျင်းပသည့် မြန်မာ့ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးရေး နှီးနှောဖလှယ် ဆွေးနွေးပွဲ (၂၀၁၈) တွင် ဒေါ်အောင်ဆန်းစုကြည်က အမှာစကား ပြောကြားရာတွင် အထက်ပါကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်သည်။

တောင်သူလယ်သမားကြီးများ အနေဖြင့် ရဲရဲဝံ့ဝံ့ဖြင့် စွန့်စားကာ နည်းလမ်းသစ်များကို သုံးရဲ၊ ရှာရဲရမည် ဖြစ်ကြောင်း၊ မိမိတို့၏ ဘိုးဘွားများ လုပ်ခဲ့သည့်အတိုင်း အမြဲလုပ်သွားမည်ဆိုသည့်စိတ် မရှိဘဲ ယခင်ကထက် ပိုမိုကောင်းမွန်ရန်နှင့် လက်ရှိ ကမ္ဘာကြီးနှင့် ဆီလျော်ရန် နည်းလမ်းသစ်များရှာခြင်းသည် အင်မတန် အရေးကြီးကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

၎င်းက “ဆန်စပါးကဏ္ဍက မြန်မာနိုင်ငံအတွက် အရေးကြီးတယ် ဆိုတာကိုတော့ ထူးထူးထွေထွေပြောဖို့ မလိုပါဘူး။ ကျွန်မတို့ အစိုးရအနေနဲ့လည်း ပြည်သူလူထုကို အနိုင်ကျင့်ဖို့ဆိုတာဟာ ကျွန်မတို့ လုံးဝစိတ်ထဲမှာ မရှိပါဘူး။ ပြည်သူကလည်း အစိုးရကို အနိုင်ကျင့်ချင်တဲ့စိတ် မရှိဖို့လည်း လိုပါတယ်။ ထိုနည်းတူပဲ ဆန်ကုန်သည်ကြီး တွေကလည်း တောင်သူလယ်သမားကြီးတွေကို အနိုင်ကျင့်ချင်တဲ့စိတ် မရှိရဘူး။ တောင်သူလယ်သမားတွေကလည်း ဆန်ကုန်သည်ကြီးတွေ အနိုင်ကျင့်ချင်တဲ့စိတ် မရှိရဘူး။ တစ်ဦးနဲ့ တစ်ဦးကို ရန်သူလို မမြင်ဘဲနဲ့ မိတ်ဆွေတွေလို၊ လုပ်ဖော်ကိုင်ဖက်လိုမြင်မှသာ အဆင်ပြေမှာ ဖြစ်ပါတယ်။ တစ်ဖက်က တိုးတက်မှ တစ်ဖက်ကလည်း အောင်မြင်နိုင်မယ်ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ ကျွန်မတို့ လုပ်သွားမယ်လို့ဆိုရင် အောင်မြင်ဖို့ ဆိုတာဟာ မလွဲမသွေဖြစ်မယ့် ကိစ္စပါ” ဟု ပြောကြားသည်။

မတ် ၆ ရက်က နေပြည်တော်ရှိ MICC-2 တွင်ကျင်းပသည့် မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးရေး နှီးနှောဖလှယ် ဆွေးနွေးပွဲ (၂၀၁၈) ပြုလုပ်နေစဉ်

တောင်သူလယ်သမားမျိုးရိုးမှ ပေါက်ဖွားလာသည့် လူငယ်များသည် စိုက်ပျိုးရေး ကဏ္ဍတွင်နေပြီး တိုးတက်၊ ခေတ်မီနိုင်သည်ဆိုသည့် စိတ်ဓာတ်များ ဖြစ်လာစေချင်ကြောင်း၊ နည်းလမ်းသစ်များ ရှာဖွေရာတွင် ပတ်ဝန်းကျင်အား မထိခိုက်သည့် နည်းလမ်းများ ရှာတတ်ရန် လိုအပ်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်မတို့ တောင်သူလယ်သမားတွေအတွက် ယဉ်ကျေးမှုတစ်ရပ်ကို အားပေးချင်တယ်။ အဲဒါက ဘာလဲဆိုတော့ တောင်သူလယ်သမားကြီးများဟာ မိမိတို့ရဲ့ မိသားစုများ လယ်ယာစိုက်ပျိုးခြင်းရဲ့ ဂုဏ်သိက္ခာ၊ လယ်ယာစိုက်ပျိုးခြင်းရဲ့ တန်ဖိုးကိုလည်း နားလည်အောင် လုပ်ပေးစေချင်ပါတယ်။ ဒီဟာကိုလည်း ကျွန်မတို့ အစိုးရလည်း ဒီဘက်မှာ ကူညီမစ ပေးစေချင်တယ်။ လယ်ယာကဏ္ဍ ဆိုတာဟာ အထင်သေးစရာကဏ္ဍ မဟုတ်ဘူး။ လယ်ယာကဏ္ဍမှာ နည်းပညာအမျိုးမျိုး တိုးတက်နိုင်တဲ့ အခွင့်အရေးတွေလည်း ရှိတယ်။ ဒီလိုတိုးတက်ခြင်းအားဖြင့် ကျွန်မတို့ နိုင်ငံဟာ တခြားနိုင်ငံတွေနဲ့မတူ လယ်ယာစိုက်ပျိုးရေး ကဏ္ဍကို အခြေခံတဲ့ ဖွံ့ဖြိုးတိုးတက်တဲ့ စက်မှုနိုင်ငံတစ်ခု ဖြစ်အောင်လို့ ကျွန်မတို့ မလုပ်နိုင်ဘူးလား။ ဒါတွေကို ကျွန်မတို့ကနေပြီးတော့ တီထွင်ဥာဏ်နဲ့ ရဲရဲရင့်ရင့် စဉ်းစားပြီးတော့ အကောင်အထည် ဖော်စေချင်ပါတယ်” ဟု  ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဆက်လက်၍ “အခုဆိုရင် တောင်သူလယ်သမားတွေကို ဘာသီးနှံစိုက်ပါလို့ မပြောတာဟာ တောင်သူလယ်သမားများဟာ ကိုယ့်ရဲ့လိုအပ်ချက်ကို ကိုယ်နားလည်တယ်။ ကိုယ့်ရဲ့မြေရဲ့ အကောင်းဆုံး အခြေအနေတွေကို ဘယ်လိုဖြစ်အောင် လုပ်ရမလဲဆိုတာ နားလည်တယ်ဆိုတဲ့ အခြေခံ ယုံကြည်ချက်အရ ကျွန်မတို့ဟာ ကိုယ့်ဘာသာကိုယ် စိုက်ချင်တဲ့ဟာ စိုက်ကြပါ။ သို့သော် ကိုယ့်အကျိုး၊ အများအကျိုးကို ကြည့်ပြီးတော့ စိုက်ကြပါလို့ ကျွန်မပြောချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် ပြောကြားသည်။

 

March 6, 2018














Copy Protected by Chetan's WP-Copyprotect.