၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ပြည်ထောင်စုလွှတ်တော် နိုင်ငံတကာ ပါလီမန်များ အဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ အစည်းအဝေး ပြုလုပ်

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များအား ပြည်ထောင်စုလွှတ်တော် နိုင်ငံတကာ ပါလီမန်များ အဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ အစည်းအဝေး ပြုလုပ်
Published 7 March 2018

မတ် ၅ ရက်က နေပြည်တော်၌ ပြည်ထောင်စုလွှတ်တော် နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ အစည်းအဝေး ပြုလုပ်နေသည်ကို တွေ့ရစဉ်

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ပြည်ထောင်စုလွှတ်တော် နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီက အစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

နေပြည်တော်ရှိ လွှတ်တော်ဝင်းအတွင်း၌ မတ် ၅ ရက်က နိုင်ငံတကာ ပါလီမန်များအဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးကို နိုင်ငံတကာပါလီမန်များ အဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီဥက္ကဋ္ဌ ဒေါက်တာသန်းဝင်းနှင့် ပူးပေါင်းကော်မတီဝင်များ တက်ရောက်ခဲ့ကြပြီး IPU မှပေးပို့လာသည့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ပြည်ထောင်စုလွှတ်တော်က သတင်းထုတ်ပြန်ထားသည်။

“ကျွန်တော်တို့ လောလောဆယ်မှာ ၈၂ ဥပဒေပေါ်မှာ ပြင်ဆင်ရေးတွေ၊ နိုင်ငံတကာဖိအားတွေ၊ ကိုဖီအာနန် ကော်မရှင်မှာလည်း ပါလာတယ်ဆိုတော့ နိုင်ငံတကာကလည်း ဒါကို Highlight တင်ပြီးတော့မှ ပြောလာဆိုလာကြတဲ့ အခြေအနေမျိုး ရှိလာကြတယ်ပေါ့။ ဆိုတော့ ကျွန်တော်တို့ ဒါကိုကော်မတီအနေနဲ့ ဝိုင်းပြီးတော့ Review လုပ်ကြတာ။ အဲဒီအခါမှာတော့ တက်လာကြတဲ့ လူတော်တော်များများက လက်ရှိအခြေအနေမှာ ကျွန်တော်တို့ နိုင်ငံရဲ့ အနေအထား လက်ရှိဖြစ်နေတဲ့ အခင်းအကျင်းတွေအရ ဒါဟာလိုအပ်နေသေးတယ်။ ဒါဟာ ပြုပြင်ဖို့ မသင့်သေးတဲ့ ဥပဒေတစ်ခုအဖြစ်နဲ့ ရှုမြင်ကြတယ်ပေါ့” ဟု နိုင်ငံတကာ ပါလီမန်များ အဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီအဖွဲ့ဝင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဦးထွန်းဝင်းက The Daily Eleven သတင်းစာကို ပြောကြားသည်။

ထို့ပြင် ဦးဦးထွန်းဝင်းက “ကျွန်တော်တို့ ဆွေးနွေးတာကတော့ ဟုတ်တယ်။ ကျွန်တော်တို့ ၁၉၈၂ နိုင်ငံသားဥပဒေနဲ့ ပတ်သက်ပြီးတော့ မနေ့က ဝိုင်းဝန်းဆွေးနွေးကြတယ်။ ဆွေးနွေးတဲ့အခါမှာ ဒါကို လောလောဆယ်မှာ မပြင်သင့်သေးဘူးလို့ ဆိုပြီးမှ ဆုံးဖြတ်တယ်” ဟု ဆက်လက်ပြောကြားသည်။

ထို့အတူ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၁ ရက်တွင် နေပြည်တော် လွှတ်တော်ဝင်းအတွင်း၌ နိုင်ငံတကာ ပါလီမန်များ အဖွဲ့ဆိုင်ရာ ပူးပေါင်းကော်မတီ အစည်းအဝေးကို ကျင်းပခဲ့ပြီး အဆိုပါ အစည်းအဝေးတွင် IPU မှ ပေးပို့လာသည့် ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေနှင့် စပ်လျဉ်းသည့် ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြကြောင်း ပြည်ထောင်စုလွှတ်တော်က သတင်းထုတ်ပြန်ခဲ့သည်။

နိုင်ငံတကာပါလီမန်များအဖွဲ့ (Inter-parliamentary Union) (IPU) တွင် အဖွဲ့ဝင် ပါလီမန် စုစုပေါင်း ၁၇၀ ရှိပြီး မြန်မာ့လွှတ်တော်သည် IPU အဖွဲ့ကို ၂၀၁၂ ခုနှစ်တွင် ဝင်ရောက်ခဲ့ကြောင်း၊ IPU ၏ အဓိက ဆောင်ရွက်လျက်ရှိသော နယ်ပယ်ကဏ္ဍများမှာ ဒီမိုကရေစီ ထွန်းကားရေး၊ လူ့အခွင့်အရေးနှင့် လူသားချင်းစာနာမှုဆိုင်ရာ ဥပဒေများ တိုးတက်ခိုင်မာရေး၊ နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး၊ နိုင်ငံရေးတွင် အမျိုးသမီးများ ပါဝင်လာရေးတို့ ဖြစ်ကြောင်း ပြည်ထောင်စု လွှတ်တော်၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေနှင့် ပတ်သက်၍ နိုင်ငံတကာ အနေအထားနှင့် ကြည့်မည်ဆိုပါက အားနည်းချက်များ ရှိကောင်းရှိနိုင်သည်ဟု သုံးသပ်နိုင်သော်လည်း လက်ရှိတွင် ဥပဒေကို ပြင်ဆင်သွားမည် မဟုတ်ကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ၂၀၁၇ ခုနှစ် သြဂုတ် ၂၄ ရက်က လွှတ်တော်၌ မီဒီယာများကို ပြေကြားထားသည်။

“လောလောဆယ် ပြင်ဆင်စရာ အကြောင်းမရှိပါဘူး။ နိုင်ငံတစ်ခုမှာ သူ့နိုင်ငံရဲ့ သမိုင်းကြောင်း၊ ပတ်ဝန်းကျင် အခြေအနေ၊ နိုင်ငံရေး၊ လူမှုရေး အခြေအနေအပေါ် မူတည်ပြီးတော့ ကိုယ့်နိုင်ငံရဲ့ သဟဇာတဖြစ်မယ့် ကိစ္စတွေကို ကိုယ့်နိုင်ငံက ပြုစုထားတာ ဖြစ်ပါတယ်။ ဒီဥပဒေကိုလည်းပဲ ခြောက်နှစ်ကျော် အလွှာပေါင်းစုံ၊ လူမျိုးပေါင်းစုံ စိစစ်ပြီးတော့မှ ပြုစုထားတဲ့အတွက် အခုချိန်မှာ ဒါတည်မြဲနေတဲ့ဥပဒေ ဖြစ်ပါတယ်။ နိုင်ငံတကာ အနေအထားနဲ့ ကြည့်မယ်ဆိုရင် အားနည်းချက်တွေ ရှိကောင်းရှိနိုင်တယ်လို့ သုံးသပ်နိုင်သော်လည်းပဲ လက်ရှိကတော့ ပြင်ဆင်သွားဖို့ အနေအထား မရှိသေးပါဘူး” ဟု ဦးသိန်းဆွေက ပြောကြားသည်။

၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ပြင်ဆင်ရန် အကြံပြုမှုများနှင့် ပတ်သက်၍ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က “ဥပဒေတစ်ခုကို ပြင်ဆင်တယ် မပြင်ဆင်ဘူးဆိုတာ နောက်ဆုံး လွှတ်တော်နဲ့ပဲ ဆိုင်တာပဲ။ လွှတ်တော်ဆိုတော့ ပြည်သူလူထုက ရွေးချယ်တင်မြောက်တဲ့ ကိုယ်စားလှယ်တွေက ဆုံးဖြတ်ရမှာပဲ။ ဥပဒေတစ်ခုပြင်တယ် ဆိုတာဟာ မြန်မြန်ဆန်ဆန် ပေါ့ပေါ့တန်တန် လုပ်လို့ရတဲ့ ကိစ္စလည်း မဟုတ်ပါဘူး။ ဒီဥပဒေကလည်း အစ်မတို့ ဒါအဖြစ်ကို အဖြစ်အတိုင်း ရင်ဆိုင်မယ်ဆိုလို့ရှိရင် ပြင်ရေးမပြင်ရေးဟာ အများကြီး စကားပြောရမယ့်ကိစ္စပဲ ဆိုတာတော့ ခန့်မှန်းလို့ရပါတယ်” ဟု ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၉ ရက်က လွတ်လပ်တဲ့အာရှအသံ (Radio Free Asia)နှင့်  သီးသန့်တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားထားသည်။

သို့ရာတွင် ကုလသမဂ္ဂ အတွင်းရေးမှူးဟောင်း ကိုဖီအာနန်ဦးဆောင်သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်က ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေကို ပြန်လည်သုံးသပ်ရန် ၎င်း၏ အပြီးသတ်အစီရင်ခံစာတွင် ဖော်ပြထားသည်။

ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါ်ခင်စောဝေက ၂၀၁၆ ခုနှစ် မေ ၆ ရက်က “၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေအရ နိုင်ငံသား ပြဿနာများကို မြန်မာနိုင်ငံတစ်ဝန်းတွင် ယင်းဥပဒေနှင့်အညီ ထိရောက်စွာ စိစစ်ဆောင်ရွက်ပေးနိုင်ပါရန် နိုင်ငံတော်အစိုးရအား တိုက်တွန်းကြောင်း အဆိုကို ပြည်သူ့လွှတ်တော်သို့ တင်သွင်းခဲ့ပြီး ယင်းအဆိုကို ပြည်သူ့လွှတ်တော်က မှတ်တမ်းအဖြစ် ထားရှိခဲ့သည်။

 

Most Read

Most Recent