‘ဝ’ ဒေသတွင် လူသတ်မှုကျူးလွန်သူ နှစ်ဦးအား သေဒဏ်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု ဝေဖန်မှုအချို့ရှိပြီး လူသတ်မှုများကို သေဒဏ်ပေးခြင်းမှာ ယခင်ကတည်းကဖြစ်ကြောင်း UWSP လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ တုံ့ပြန်

‘ဝ’ ဒေသတွင် လူသတ်မှုကျူးလွန်သူ နှစ်ဦးအား သေဒဏ်ပေးခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်မညီဟု ဝေဖန်မှုအချို့ရှိပြီး လူသတ်မှုများကို သေဒဏ်ပေးခြင်းမှာ ယခင်ကတည်းကဖြစ်ကြောင်း UWSP လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ တုံ့ပြန်
Published 7 March 2018

‘‘ဝ’’ သွေးစည်းညီညွတ်ရေးပါတီ (UWSP/UWSA) ထိန်းချုပ်ထားသည့် ဒေသတွင် လူသတ်မှု ကျူးလွန်သူ နှစ်ဦးအား သေဒဏ်ပေးမှုအပေါ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့်မညီဟု ဝေဖန်မှုအချို့ရှိပြီး  လူသတ်မှုများအား သေဒဏ်ပေးခြင်းသည် ယခင်ကတည်းက ဖြစ်ကြောင်း UWSP လားရှိုးဆက်ဆံရေးရုံး ဒုတိယတာဝန်ခံ ဦးညီရန်းက မတ် ၆ ရက်တွင် ပြောကြားသည်။

‘‘ဝ’’ အဖွဲ့ဌာနချုပ်ရှိရာ ပန်ဆန်း (ပန်းခမ်း) မှ မိုင်းမောဒေသသို့ ကားငှားရမ်းသူနှစ်ဦးက ကားပိုင်ရှင် ဇနီးမောင်နှံကို သတ်ဖြတ်ခဲ့သည့် ဖြစ်စဉ်တစ်ခု ၂၀၁၇ ခုနှစ် သြဂုတ်အတွင်းက ဖြစ်ပွားခဲ့ပြီး အဆိုပါ ဖြစ်စဉ်မှ ကျူးလွန်သူနှစ်ဦးကို မတ် ၄ ရက်တွင် သေဒဏ်အမိန့် ချမှတ်ခဲ့ပြီး အဆိုပါ အမိန့်ချမှတ်ခြင်းကို ‘‘ဝ’’ ကိုယ်ပိုင်ရုပ်သံလွှင့်ဌာနက ထုတ်လွှင့်ခဲ့ကြောင်း သိရသည်။

အဆိုပါပြစ်ဒဏ်စီရင်ခံရသူ နှစ်ဦးသည် တရုတ်နိုင်ငံသား တစ်ဦးနှင့် မြန်မာနိုင်ငံသား တစ်ဦးဖြစ်ကြောင်း သိရသည်။

‘‘ရုပ်သံကလည်း ဒီနှစ်မှပဲ ထုတ်လွှင့်တာ မဟုတ်ပါဘူး။ ထုတ်လွှင့်တာလည်း ၁၀ နှစ်ကျော် အနှစ် ၂၀ ဝန်းကျင်ရှိပါပြီ။ ဒီခေတ်နောက်ပိုင်းမှာ လူမှုကွန်ရက်မီဒီယာအပိုင်းမှာ ကျယ်ပြန့်လာတဲ့ အချိန်ကျတော့ အခုကျမှ တွေ့ကြတာပါနော်။ ကျွန်တော်တို့ လူသတ်မှုတွေကို ခိုင်ခိုင်မာမာပေါ့နော်။ သက်သေအထောက်အထား ခိုင်လုံမှုတွေနဲ့ ‘‘ဝ’’ ပြည်နယ် တရားစီရင်ရေးဌာနကနေပြီးမှ တရားစီရင်ရေးဌာနတွေ၊ ပြီးရင် စုံစမ်းစစ်ဆေးရေး ဌာနတွေ၊ ကျွန်တော်တို့ စနစ်တကျဖွဲ့စည်းတာ ရှိပါတယ်။ ကျွန်တော်တို့ လူမြင်ကွင်းရှေ့မှာ ပြစ်ဒဏ်ချပြီးမှ။ အပြစ်ဒဏ် ချတာပေါ့နော်။ တချို့ရေးတာကတော့ လူမြင်ကွင်း၊ လူလယ်ပုံမှာ သတ်တာ။ အဲဒီမျိုး မလုပ်ပါဘူး။ အဲဒီလိုမျိုး မရှိပါဘူး။ လူတွေက အထင်လွဲမှားမှုတွေ ရေးတာပါ’’ ဟု ဦးညီရန်းက ပြောကြားသည်။

ထိုသို့ လူမြင်ကွင်းတွင် သေဒဏ်အမိန့် ချမှတ်ပြီးနောက် သေဒဏ်ပေးမှုကို အခြားနေရာတွင် လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဦးညီရန်းက ပြောကြားသည်။

‘‘ဒါမျိုး တရားစီရင်တယ်ဆိုတာ အခုမှစီရင်တာ မဟုတ်ပါဘူး။ ကျွန်တော်တို့ ငြိမ်းချမ်းရေး ယူပြီးကတည်းက အခုအချိန်အထိ ၂၈ နှစ်၊ ၂၉ နှစ်တာအတွင်း နှစ်စဉ်နှစ်တိုင်းလိုလို ဖြစ်နေတာပဲ။ အခုမှပဲ အထူးအဆန်း လုပ်နေကြတာ။ ကျွန်တော်တို့ ‘‘ဝ’’ ပြည်နယ်မှာ ပြစ်မှုကျူးလွန်တဲ့သူ အထူးသဖြင့် လူသတ်မှုတွေကို ကျွန်တော်တို့ ‘‘ဝ’’ ပြည်နယ်ရဲ့ တရားဥပဒေရဲ့ လုပ်ထုံးလုပ်နည်းအရ ကျွန်တော်တို့ ‘‘ဝ’’ ပြည်နယ် ဖွဲ့စည်းပုံဥပဒေအရ သေဒဏ်စီရင်တာတွေ ရှိပါတယ်။ ကျွန်တော်တို့ ပြစ်ဒဏ်ချတာပေါ့နော်။ အမိန့်ချတာပေါ့။ အခုခေတ်တွေမှာ လူ့အခွင့်အရေးတွေမှာ နိုင်ငံတကာ ဥပဒေတွေမှာ ဒါမျိုးလုပ်လို့ မရဘူး။ မသင့်တော့ဘူးလေ။ လူမြင်ကွင်းမှာ အမိန့်ချတာ။ နောက်ဆုံးစီရင်ချက် ချတာကတော့ တခြားနေရာမှာပေါ့။ စီရင်ချက်ချတဲ့ နေရာမှာတော့ ဆေးထိုးသတ်တာရှိတယ်။ ကြိုးမိန့်ပေးတာ ရှိတယ်။ သေနတ်နဲ့ ပစ်တာတွေရှိတယ်။ အသေးစိတ် ဘယ်လိုစီရင်ခဲ့သလဲတော့ ကျွန်တော်လည်း မသိဘူး’’ ဟု ဦးညီရန်းက ပြောကြားသည်။

မြန်မာနိုင်ငံတွင် သေဒဏ်အမိန့်ချမှတ်ခြင်းသည် ပယ်ဖျက်မထားကြောင်း၊ လက်တွေ့သေဒဏ်ပေး၊ မပေးသာရှိကြောင်း၊ ‘‘ဝ’’ အဖွဲ့က တရားစီရင်ခြင်းသည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကိုက်ညီမှုမရှိကြောင်း တရားလွှတ်တော်ရှေ့နေ ဦးသိန်းသန်းဦးက ဆိုသည်။

‘‘အမှန်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်တိုင်းတို့၊ ခရိုင်တို့ဒေသတွေဟာ အုပ်ချုပ်ခွင့်ရဒေသတွေမှာ တရားရုံးတွေ ထောင်ထားပေးတာ ရှိတယ်။ အခုက သူတို့က အဲဒီတရားရုံးက ဆုံးဖြတ်တဲ့သဘောမျိုး မဟုတ်ဘူး။ အဲဒီမှာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ခရိုင်တို့၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်းတို့၊ ပြည်နယ်တို့မှာ ထားတယ်။ ပြည်ထောင်စု တရားစီရင်ရေး ဥပဒေအရ စီမံထားတဲ့ တရားရုံးမှာချတဲ့ အမိန့်ဆိုရင်တော့ ဒါဥပဒေနဲ့ ညီတယ်လို့ ပြောရမှာပေါ့နော်။ အခုက အဲလိုမဟုတ်ဘူးနဲ့ တူတယ်။ သူတို့ ‘‘ဝ’’ ပြည်နယ် အမြင့်ဆုံး တရားရုံးလို့ပြောတယ်။ ခုနက အခြေခံဥပဒေအရ ထောင်ထားတဲ့ တရားရုံးဆိုရင် အဲဒီလိုသေနတ်နဲ့ ပစ်သတ်လို့ မရဘူး။ ရုံးအဆင့်ဆင့်တွေ ကျန်သေးတယ်။ အမြင့်ဆုံးတရားရုံးက ပြည်ထောင်စု တရားလွှတ်တော်ချုပ် ရှိသေးတယ်လေ။ ဒါဖွဲ့စည်းပုံ အခြေခံဥပဒေနဲ့ မညီပါဘူး။ ဘာလို့လဲဆိုတော့ အဲဒီအမိန့်ကိုက ပြည်ထောင်စု တရားလွှတ်တော်ချုပ်အထိ အဆင့်ဆင့် အယူခံတဲ့အနေနဲ့ သမ္မတဆီကို သနားခံတယ်။ အခုဟာကတော့ ဘယ်လိုဘယ်ပုံ စစ်ဆေးလာတယ်ဆိုတာ မဖော်ပြဘူး။ ‘‘ဝ’’ ပြည်နယ်မှာရှိတဲ့ အမြင့်ဆုံးတရားရုံးက သူတို့ဘာသာသူတို့ ဆုံးဖြတ်တယ်ဆိုတော့ ဒါတည်ဆဲဥပဒေတွေနဲ့လည်း ညီညွတ်ခြင်း မရှိဘူးလို့ ပြောရမှာပဲ’’ ဟု ဦးသိန်းသန်းဦးက ပြောကြားသည်။

၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ‘‘ဝ’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းကို ဟိုပန်၊ မိုင်းမော၊ ပန်ဝိုင်၊ နားဖန်း၊ မက်မန်း၊ ပန်ဆန်း (ပန်းခမ်း) စုစုပေါင်းခြောက်မြို့နယ်ဖြင့် ဖွဲ့စည်းထားပြီး အဆိုပါခြောက်မြို့နယ်အနက် ဟိုပန်နှင့် မက်မန်းမပါ ကျန်လေးမြို့နယ်အား ‘‘ဝ’’  အဖွဲ့က တိုက်ရိုက်ထိန်းချုပ်ထားသည်။

UWSP/UWSA သည် အစိုးရနှင့် အပစ်အခတ်ရပ်စဲထားသည်မှာ နှစ် ၂၀ ကျော် ကြာပြီးဖြစ်ပြီး ၂၀၁၁ ခုနှစ်တွင် အစိုးရသစ်နှင့် အပစ်အခတ်ရပ်စဲရေး ထပ်မံပြုလုပ်ထားသော်လည်း NCA ရေးထိုးခြင်း မရှိသေးဘဲ NCA စာချုပ်အား လက်မခံကြောင်း ကြေညာထားသည့် မြောက်ပိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များ ဖွဲ့စည်းထားသော FPNCC ကော်မတီဝင်အဖွဲ့ဝင်ဖြစ်ပြီး တရုတ်နိုင်ငံ အစိုးရနှင့်လည်း ဆက်ဆံရေး ကောင်းမွန်သည့် အဖွဲ့ဖြစ်သည်။