မိုးကောင်းမြို့နယ်အတွင်း ၁၀ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့် သတ်ဖြတ်မှုကျူးလွန်သူ နှစ်ဦးအနက် အချုပ်ကျခံ အကျဉ်းသားတစ်ဦး ကချင်ပြည်နယ် မိုးညှင်းအကျဉ်းထောင်တွင် ဆွဲကြိုးချသေဆုံး

မိုးကောင်းမြို့နယ်အတွင်း ၁၀ နှစ်အရွယ် မိန်းကလေးအား သားမယားပြုကျင့် သတ်ဖြတ်မှုကျူးလွန်သူ နှစ်ဦးအနက် အချုပ်ကျခံ အကျဉ်းသားတစ်ဦး ကချင်ပြည်နယ် မိုးညှင်းအကျဉ်းထောင်တွင် ဆွဲကြိုးချသေဆုံး
Published 7 March 2018

ကချင်ပြည်နယ် မိုးညှင်းအကျဉ်းထောင်တွင် အချုပ်ကျခံ အကျဉ်းသားတစ်ဦး မတ် ၆ ရက် နံနက် ၅ နာရီခန့်တွင် ကြိုးဆွဲချသေဆုံးမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ သေဆုံးသူကို မိုးညှင်းအကျဉ်းထောင်ဆေးရုံ တိုက်ခန်းအမှတ် (၃) တွင် သီးခြားချုပ်နှောင်ထားရှိစဉ် အမြင့်ခုနစ်ပေခန့်ရှိသော သံပန်းတံခါးတွင် ကချင်ပုဆိုးအနားစအား ကြိုးကျစ်ချည်နှောင်ကာ စွပ်ကျယ်အင်္ကျီအား ကွင်းအဖြစ်အသုံးပြု၍ ကြိုးဆွဲချသေဆုံးနေကြောင်း သိရသည်။

သေဆုံးသူမှာ အသက် ၅၈ နှစ်အရွယ်ရှိ ဦးခင်မောင်ရီဖြစ်ကြောင်းသိရပြီး ကျန်ရှိနေသည့် တရားခံတစ်ဦးမှာ အချုပ်ကျခံနေရကြောင်း သိရသည်။

မိုးကောင်းမြို့၌ ၁၀ နှစ်အရွယ် စတုတ္ထတန်း ကျောင်းသူတစ်ဦးအား အဓမ္မပြုကျင့်သတ်ဖြတ်သူ တရားခံနှစ်ဦးအား ဖေဖော်ဝါရီ ၂၈ ရက်က ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့သည်။ ယင်းတရားခံနှစ်ဦးသည် အသတ်ခံရသူ နေထိုင်သည့်တောဘက်တွင် ထော်လာဂျီဖြင့် ထင်းတိုက်သည့်သူများဖြစ်ပြီး မိုးကောင်းမြို့နယ် လေးမိုင်ကျေးရွာနေ ဦးခင်မောင်ဌေး (ခ) မောင်ဌေး (၃၇ နှစ်)၊ အောင်မင်္ဂလာကျေးရွာနေ ဦးမောင်ရီ (ခ) ဦးငင်းဆိုင် (၅၈ နှစ်) တို့ဖြစ်ကြောင်း မိုးကောင်းမြို့မရဲစခန်းမှ ရဲအုပ်သိန်းမြင့်က ဆိုသည်။

ရဲမှတ်တမ်းများအရ ဖေဖော်ဝါရီ ၂၅ ရက်က မိုးကောင်းမြို့နယ် ရေရှင်ကျေးရွာအုပ်စု ပရဟိတကွင်း အမှတ် (၇၃) ကွင်းရှိ ဦးအိုက်ကွမ်းသည် ဟင်းသီးဟင်းရွက်စိုက်ခင်းမှ ထင်းတောစပ်ရှိ တောင်ယာတဲသို့ ပြန်လာစဉ် သမီးဖြစ်သူ မ....(၁၀ နှစ်) အား မတွေ့သဖြင့် ထင်းတောအတွင်း လိုက်လံရှာဖွေရာ တဲ၏အနောက်မြောက်ဘက် နှစ်ဖာလုံခန့်အကွာတွင် သမီးဖြစ်သူ မ....မှာ ဒဏ်ရာများဖြင့် လဲကျသေဆုံးနေသည်ကို တွေ့ရကြောင်း၊ မ....၏ အလောင်းဘေးတွင် ဝတ်ဆင်ခဲ့သည့် အစိမ်းရောင်ဘောင်းဘီရှည်အား ချွတ်လျက်တွေ့ရှိသဖြင့် အဓမ္မကျင့်၍ သတ်ဖြတ်သွားသူအား အရေးယူပေးပါရန် တိုင်ကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါတရားခံနှစ်ဦးအား အခင်းဖြစ်ပွားပြီး သုံးရက်အကြာတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ပြီး (ပ) ၄၈/၁၈၊ ရာဇသတ်ကြီးပုဒ်မ ၃၀၂/၃၇၆ ဖြင့် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။

Most Read

Most Recent