NLD အစိုးရလက်ထက်တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ပယ်ဖျက်ပေးရန် လူအင်အား ၅၀၀ ခန့်ဖြင့် ဆန္ဒပြတောင်းဆို

NLD အစိုးရလက်ထက်တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ပယ်ဖျက်ပေးရန် လူအင်အား ၅၀၀ ခန့်ဖြင့် ဆန္ဒပြတောင်းဆို
Published 6 March 2018

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ပယ်ဖျက်ပေးရန် မတ် ၅ ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြတောင်းဆိုနေကြစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

NLD အစိုးရလက်ထက်တွင် ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းအား ပယ်ဖျက်ပေးရန် လူအင်အား ၅၀၀ ခန့်ဖြင့် ဆန္ဒပြတောင်းဆိုခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲကို မတ် ၅ ရက် မွန်းလွဲ ၁ နာရီက ပြုလုပ်ခဲ့ပြီး ရန်ကုန်မြို့ သခင်မြပန်းခြံမှ မဟာဗန္ဓုလပန်းခြံအထိ လမ်းလျှောက်ဆန္ဒထုတ်ဖော်ခဲ့ကာ ငြိမ်းစုစီ ဥပဒေကြမ်းနှင့်ပတ်သက်၍ ပန်းခြံနှစ်ခုတွင် ဟောပြောမှုများပြုလုပ်ခဲ့ပြီး ပြည်သူအများအပြား ပါဝင်ခဲ့ကြောင်း၊ ဆန္ဒပြ ပွဲကို ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း  ဒေါက်တာညိုညိုသင်း အပါအဝင် လယ်သမားအရေးလှုပ်ရှားသူ ဒေါ်စုစုနွေး ၊ အရပ်ဘက်အဖွဲ့အစည်းများမှ ဒေါ်နော်အုန်းလှ၊ ဦးဇော်ရမ်း စသူတို့အပါအဝင် အခြားသော အရပ်ဘက်အဖွဲ့အစည်းများလည်း ပါဝင်ခဲ့ကြောင်း သိရသည်။

ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဒေါက်တာညိုညိုသင်းက “ငြိမ်းစုစီ ဥပဒေပြင်ဆင်ချက်ကို ကန့်ကွက်ရခြင်းအကြောင်းကတော့ ဒီဥပဒေမှာ ပြင်ဆင်ချက် သုံးချက်ရှိတာကိုတွေ့ရတယ်။ အဲဒီပြင်ဆင်ချက်သုံးချက်မှာ နှစ်ချက်ကတော့ နိုင်ငံရေးအရ မလိုလားတဲ့သူတွေကို လိုရင်လိုသလို ဖိနှိပ်နိုင်တဲ့စကားလုံးတွေဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနဲ့ အများပြည်သူတို့ရဲ့ ကိုယ်ကျင့်တရား အကျိုးငှာဆိုတဲ့ ေ၀ဝါးတဲ့ စကားလုံးတွေ၊ ယေဘုယျဆန်တဲ့စကားလုံးတွေကို ဥပဒေထဲ မှာပြဋ္ဌာန်းပြီးတော့ ထည့်ထားတာတွေ့ရပါတယ်။ ဒီဥပဒေသာ အတည်ဖြစ်သွားမယ်ဆိုရင် ကျွန်မတို့ကို အုပ်ချုပ်နေတဲ့ အာဏာပိုင်တွေကနေ လိုရင်လိုသလို ပြည်သူလူထုကို ဖိနှိပ်ပြီးတော့ တရားစွဲဆိုနိုင်ပါတယ်။ ကျွန်မတို့ ဒီမိုကရေစီနိုင်ငံကို သွားနေတဲ့နေရာမှာ ကျွန်မတိုရဲ့ ဒီမိုကရေစီအခွင့်အရေးတွေကို ချိုးဖောက်နေတဲ့ အာဏာပိုင်တွေကို ပြည်သူလူထုကို လိုရင်လိုသလိုဖိနှိပ်နိုင်တဲ့ ဥပဒေကြမ်းကို ကန့်ကွက်ရခြင်းဖြစ်ပါတယ်။ ဒီနေ့ ဒီနေရာမှာ အားလုံးစုဝေးရောက်ရှိလာပြီးတော့ အားလုံးက အဖိနှိပ်မခံချင်ကြဘူး။ လွတ် မြောက်ချင်ကြတယ်။ တစ်သွေးတည်း တစ်သားတည်း ပြကြတဲ့အတွက်ကြောင့် စုရုံးရောက်ရှိလာတဲ့ပြည်သူတွေကို အများကြီး ကျေးဇူးတင်ပါတယ်။ ကျွန်မတို့ လှုပ်ရှားမှုကို ဆက်လက်ပြီးတော့ လွှတ်တော်အထိရောက်အောင် အစိုးရကသိအောင်၊ အများပြည်သူက သိရှိအောင် ကျွန်မတို့ဆက်ပြီးတော့ ကြိုးစားသွားမှာဖြစ်ပါတယ်” ဟု  ပြောကြားသည်။

ဆန္ဒပြပွဲတွင် ပါဝင်သူများသည် သခင်မြပန်းခြံမှ မဟာဗန္ဓုလပန်းခြံသို့ ငြိမ်းချမ်းစွာ လမ်းလျှောက်ချီတက်ခဲ့ပြီး အလုံ၊ လသာ၊ လမ်း မတော်၊ ပန်းဘဲတန်းနှင့် ကျောက်တံတားမြို့ နယ်တို့ကို ဖြတ်သန်းသွားခဲ့ပြီး ယင်းကဲ့သို့ပြုလုပ်ရန် သက်ဆိုင်ရာမြို့နယ် ရဲစခန်းများသို့ ကြိုတင်အသိပေး အကြောင်းကြားထားခဲ့ကြောင်း သိရသည်။

ဆန္ဒပြပွဲတွင် ပါဝင်ခဲ့သော ရွှေမင်းသား ဖောင်ဒေးရှင်မှ ဥက္ကဋ္ဌဦးမြတ်သူဝင်းက “တချို့ ဟာတွေက လိုသလိုချုံ့နိုင်ချဲ့နိုင် ပုံစံမျိုးဖြစ်နေတယ်။ အဲဒီတော့ ဒီလို ဘာမှ မလုပ်ရဲ မကိုင်ရဲအောင် အရပ်ဘက်အဖွဲ့အစည်းတွေကို ဒီလိုလုပ်တယ်ဆို အဆင်မပြေနိုင်ဘူးပေါ့နော်။

အရပ်ဘက်အဖွဲ့အစည်းတွေကို အားပေးရမှာ။ တချို့ဟာတွေက ကျွန်တော်တို့အတွက်ကို အရမ်းကို လုပ်ရကိုင်ရခက်၊ အရမ်းကို အကန့် အသတ်တွေ အရမ်းများသွားပြီလို့ ခံစားရတယ်။

အကန့်အသတ်တွေ အရမ်းများသွားတယ်။ ကျွန်တော်တို့ကို မလိုရင် မလိုသလို အချင်းချင်း ထိပ်တိုက်တွေ့ရမယ့် အနေအထားမျိုးတွေကြုံရမယ်။ ထုတ်ပြန်ချက်ထဲမှာ အဓိကသုံးချက်ကို ရေးထားတယ်။ ကျွန်တော်တို့ရဲ့အစိုးရပါ။ ပြည်သူ့အစိုးရပဲ။ တင်းကျပ် လိုက်တယ်လို့သုံးမလား။ ပြောင်းလဲကျင့်သုံးတယ်လို့သုံးမလားပေါ့နော်။ ပြုပြင်ပြောင်းလဲတဲ့ သဘောပေါ့။ အဲဒါကို ကျွန်တော်တု့ိ သိပ်အဆင်မပြေဘူးပေါ့။ တင်းကျပ်တယ်လို့ ခံစားရတယ်။ တချို့ကလည်း ဖိနှိပ်တယ်လို့ ခံစားရတယ်။ ဒါကိုလက်ခံတဲ့အပေါ်မှာ မူတည်တယ်ပေါ့။ ကျွန်တော်ကတော့ ပြောင်းလဲ သတ်မှတ်လိုက်တယ်လို့ ခံစားရတယ်။ ပြောင်းလဲသတ်မှတ်ချက်တွေက လက်တွေ့မြေပြင်နဲ့  တကယ်လုပ်နေတဲ့သူတွေနဲ့ ဘယ်လောက် ကိုက်ညီမှုရှိသလဲပေါ့နော်။ ဘာရည်ရွယ်ချက်လဲ။ ကျွန်တော်တို့ တကယ်ကို ငြိမ်းငြိမ်းချမ်းချမ်းနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ တိုင်းပြည်ရဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ငြိမ်းချမ်းစွာသွားနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍက ပိုပြီးတော့ လုပ်ရကိုင်ရ ခက်သွားတယ်လို့ ကျွန်တော်တို့ ခံစားလိုက်ရတယ်” ဟု ပြောကြားသည်။

ငြိမ်းချမ်းစွာ စုဝေးခြင်းနှင့် စီတန်းလှည့်လည်ခြင်းဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေကြမ်းအား ပယ်ဖျက်ပေးရန် မတ် ၅ ရက်က ရန်ကုန်မြို့တွင် ဆန္ဒပြတောင်းဆိုနေကြစဉ် (ဓာတ်ပုံ-ပြည့်ဖြိုးအောင်)

ဆန္ဒပြသူများသည် လွတ်လပ်စွာထုတ် ဖော်ခွင့် လူထုဆန္ဒပြပွဲ၊ မတရားဥပဒေဆန့်ကျင်ရေး ဒို့အရေး၊ မတရားတဲ့ဥပဒေမှန်သမျှ တာဝန်အရ ဖီဆန်ကြ၊ ငြိမ်းစုစီပြင်ဆင်ချက် ဖျက်သိမ်းရေး၊ လွတ်လပ်စွာထုတ်ဖော်ခွင့် ကာကွယ်ရေး ဒို့အရေး စသည့် ဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒပြခဲ့ကြကြောင်း သိရသည်။

ထို့ပြင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောကြားထားသော “အဝေဖန်မခံနိုင်ရင် ပြည်သူတွေက ဥပဒေ ဘောင်အတွင်းက မိမိတို့သဘောထားတွေကို

ထုတ်ဖော်တာ ခွင့်မပြုချင်ရင် ဒီမိုကရေစီနိုင်ငံရေး လုပ်လို့ မဖြစ်ဘူး” ၊“နိုင်ငံရေးအရ မလိုလားသူတွေကို ဆင်ခြင်ပေးပြီး ဖမ်းနိုင်မယ့် ဥပဒေအားလုံးကို ပြင်ဆင်ဖို့ ကျွန်မတိုက်တွန်းပါတယ်” ဟု စာသားများပါဝင်သော ဆိုင်းဘုတ်များကိုလည်း ကိုင်ဆောင်ခဲ့ကြသည်။

ဒီမိုကရေစီအရေး လှုပ်ရှားသူ ဒေါ်နော်အုန်းလှက “ဒီမိုကရေစီ အနှစ်သာရတွေကိုလည်း အပြည့်အဝခံစားချင်လို့ ကျွန်မတို့ ဒါကို ပြုလုပ်ရခြင်းဖြစ်ပါတယ်။ ဒီမိုကရေစီကို ရိုက်ချိုးသလိုဖြစ်နေလို့ မကြိုက်လို့ ပါဝင်ရခြင်းဖြစ်ပါတယ်။ ကျွန်မတို့နိုင်ငံမှာ လူ့အခွင့်အရေး တွေနဲ့ပတ်သက်လို့ ဒီဥပဒေကိုထုတ်တာကို အင်မတန်ဝမ်းနည်းပါတယ်။ အခု ဒုတိယအကြိမ် လွှတ်တော်ကိုယ်စားလှယ်တွေက အခက်အခဲအကျပ်အတည်းကြားတွေထဲကသွားတဲ့ ကိုယ်စားလှယ်တွေ အများကြီးပါပါတယ်။ ဒီလိုမျိုးထုတ်တာကို ကျွန်မတို့လက်မခံ နိုင်ဘူးဆိုတာသိအောင် လုပ်ရခြင်းဖြစ်ပါတယ်။ ဒီတစ်နှစ်ထဲမှာ ဥပဒေအများကြီးကို ပြုလိုက်တယ်။ အများစုကိုကြည့်ခြင်းအားဖြင့် ကျွန်မတို့အတွက် အခွင့်အရေးနည်းပါးတဲ့ ဥပဒေတွေဖြစ်တာသိတဲ့အတွက် ဒီလိုမျိုး ပထမဆုံး ငြိမ်းစုစီဥပဒေကို အားလုံးပူးပေါင်း ဆောင်ရွက်ရတာဖြစ်ပါတယ်” ဟု ပြောကြားသည်။

အမျိုးသားလွှတ်တော်တွင် ဆွေးနွေးနေသော ငြိမ်းစုစီဥပဒေ ပြင်ဆင်ချက်မူကြမ်းနှင့် ပတ်သက်၍ နိုင်ငံရေးပါတီ ၂၁ ပါတီကလည်း  ဖေဖော်ဝါရီ ၂၁ ရက်တွင် ပူးတွဲသဘောထား ကြေညာချက် ထုတ်ပြန်ခဲ့ပြီး ဥပဒေပြင်ဆင်ချက်သည် ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈)၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များပါ ပြဋ္ဌာန်းချက်အချို့ကို အကန့် အသတ်ဖြစ်စေရန်နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးလျော့ပါးစေရန် စီမံဖန်တီးမှုတစ်ခုဖြစ်ကာ အာဏာပိုင်များ၏ လုပ်ရပ်အလွဲ အမှားများအား မည်သို့မျှ ထောက်ပြဆန့်ကျင် ခြင်းမပြုနိုင်စေရန် ထိန်းချုပ်မှုအဖြစ် ရှုမြင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

ငြိမ်းစုစီ ဥပဒေကြမ်းကို ဖေဖော်ဝါရီ ၁၉ ရက်က ကျင်းပသည့် ဒုတိယအကြိမ် အမျိုးသား လွှတ်တော်အစည်းအဝေးတွင် အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက အဆိုတင်သွင်းခဲ့ပြီး အဆိုပါဥပဒေကြမ်းပုဒ်မ ၄၊ ပုဒ်မခွဲ (ဃ) ငြိမ်းချမ်းစွာစုဝေးခြင်း သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုလုပ်မည့် အစီအစဉ်၊ ခန့်မှန်းလူဦးရေ၊ ခန့်မှန်းကုန်ကျစရိတ်နှင့် ကုန်ကျခံမည့်ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်းဟု ပြင်ဆင်ထားသည်။

ထို့ပြင် ဥပဒေကြမ်း၏ ပုဒ်မ ၄ ခြေဆင်းကို ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာစီ တန်းလှည့်လည်ခြင်း အခွင့်အရေးတို့ကို သုံးစွဲဆောင်ရွက်လိုသော နိုင်ငံသားများ သို့မဟုတ် အဖွဲ့အစည်းများသည် နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေး သို့မဟုတ် ပြည်သူတို့၏ ကိုယ်ကျင့်တရားအကျိုးငှာ ပြဋ္ဌာန်းထားသည့် ဥပဒေများ နှင့် မဆန့်ကျင်လျှင် မိမိသဘောထားဆန္ဒကို ဖော်ပြန်ရန်အလို့ငှာ အောက်ပါအချက်များ ပါရှိသော အသိပေးတင်ပြချက်ကို သက်ဆိုင်ရာ မြို့နယ်ရဲတပ်ဖွဲ့မှူးထံ ယင်းသို့ဆောင်ရွက် မည့်နေ့မတိုင်မီ အနည်းဆုံး ၄၈ နာရီ ကြိုတင်၍ အသိပေးတင်ပြချက်မိတ္တူကို ပေးပို့ရမည်ဟု အစားထိုး၍ ပြင်ဆင်ထားကြောင်း သိရသည်။

ထို့အတူ ဥပဒကြမ်း၏ အခန်း (၇) ပြစ်မှု နှင့် ပြစ်ဒဏ်များ ခေါင်းစဉ်၏အောက်တွင် ပုဒ်မ ၁၈ အဖြစ် မည်သူမဆို နိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ ကိုယ်ကျင့်တရား အကျိုးတို့ကို ပျက်ပြားစေရန် အကြံဖြင့်ဖြစ်စေ၊ ထိုသို့ ပျက်ပြားတန်ရာသော အခြေအနေဖြစ် နိုင်ကြောင်းသိလျက်နှင့်ဖြစ်စေ ငွေ သို့မဟုတ်  ပစ္စည်းကိုသော်လည်းကောင်း၊ အခြားနည်းလမ်း တစ်ခုခုကိုသော်လည်းကောင်း သုံးစွဲ၍  သူတစ်ဦးဦးအား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့်  ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းပြုအောင်  လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းကို ပြုကြောင်း  ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျှင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်ဟု အစားထိုးပြင်ဆင်ထားသည်။

ဥပဒေကြမ်း၏ ပုဒ်မ ၂၃ ကို အောက်ပါအတိုင်း အစားထိုးရမည်။ ပုဒ်မ ၁၉၊ ၂၀၊ ၂၁၊ ၂၂ တို့ကို ရဲအရေးယူပိုင်ခွင့်ရှိသော ပြစ်မှု အဖြစ်သတ်မှတ်သည်။ ပုဒ်မ ၂၄ ကို အောက်ပါအတိုင်း အစားထိုးရမည်။ မည်သူမဆို ပုဒ်မ ၁၈ မှအပ ဤဥပဒေကို ပြစ်မှုတစ်ခုခုကို ဖောက်ဖျက်ကျူးလွန်ပါက ထိုသူကို ပြစ်မှုကျူးလွန်သည့်နေ့မှ ၁၅ ရက်အတွင်း သက်ဆိုင်ရာ တရားရုံးသို့ တရားစွဲဆိုတင်ပို့ရမည်ဟု ပြင်ဆင်ထားသည်။

Most Read

Most Recent