နွေစပါး ဈေးကောင်းနေခြင်းကြောင့် ပင်လယ်ရေကြောင်းမှတင်ပို့မည့် တန်းနိမ့်ဆန် ရရှိရန်ခက်ခဲနေပြီး ပြည်တွင်းစားသုံးသည့် ရှယ်ဆန်များ တရုတ်နိုင်ငံသို့ ပိုမိုထွက်သွားနိုင်သည့်အတွက် ပြည်တွင်းဆန်ဈေးနှုန်း ထပ်မံမြင့်တက်နိုင်ဟုဆို

နွေစပါး ဈေးကောင်းနေခြင်းကြောင့် ပင်လယ်ရေကြောင်းမှတင်ပို့မည့် တန်းနိမ့်ဆန် ရရှိရန်ခက်ခဲနေပြီး ပြည်တွင်းစားသုံးသည့် ရှယ်ဆန်များ တရုတ်နိုင်ငံသို့ ပိုမိုထွက်သွားနိုင်သည့်အတွက် ပြည်တွင်းဆန်ဈေးနှုန်း ထပ်မံမြင့်တက်နိုင်ဟုဆို
Published 6 March 2018

ဘုရင့်နောင် ကုန်စည်ဒိုင်ကို ဇန်နဝါရီလဆန်းပိုင်းက တွေ့ရစဉ် (ဓာတ်ပုံ-ဇေယျာငြိမ်း)

ယခုမတ်လအတွင်းပေါ်မည့် နွေစပါးများ ဈေးကောင်းနေခြင်းကြောင့် ပင်လယ် ရေကြောင်းမှတင်ပို့နေသော တန်းနိမ့်ဆန်ရရှိရန် အခက်အခဲရှိနေပြီး ပြည်တွင်း၌စားသုံးနေသည့် ရှယ်ဆန်များ တရုတ်နိုင်ငံသို့ ပိုမိုထွက်သွားနိုင်ပြီး ပြည်တွင်းဆန်ဈေးနှုန်း ထပ်မံမြင့်တက်နိုင်ကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“အခု ဆန်ရဲ့ဝယ်လိုအားက တရုတ်ပြည်က ဝယ်လိုအားရှိတယ်။ ပင်လယ်ရေကြောင်းကလည်း ၂၅ မှတ်ကလည်း ဝယ်ဖို့ရှိတယ်။ အခုထွက်လာတဲ့ နွေစပါးက ခြောက်သိန်း ဈေးနဲ့စနေတော့ ၂၅ မှတ်တန်းနိမ့်အဆင့်ကို ရမယ့် အနေအထားကိုမရှိဘဲနဲ့ ရှယ်တွေကြီးပဲ တရုတ်ပြည်နယ်စပ်ကို ထွက်သွားလိမ့်မယ်။ ဒီဘက် ၂၅ မှတ်သမားက ပြဿနာတက်မယ်။ ဆန်ဈေးကတော့ ကျစရာတော့မရှိဘူး”  ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

ပြီးခဲ့သည့် ရက်တစ်ပတ်အတွင်း ပြည်တွင်းဆန်ဈေးနှုန်းများ မြင့်တက်ခဲ့ပြီး စားသုံးသူများ မလိုက်နိုင်သည်အထိ မြင့်တက်ခဲ့ခြင်းကြောင့် အရောင်းအဝယ်ပြန်လည်အေးကာ ဈေးနှုန်းပြန်လည်ငြိမ်သက်ခဲ့ခြင်းသာဖြစ်ပြီး ဈေးနှုန်းပြန်လည်ကျဆင်းမှုမရှိသေးကြောင်း သိရသည်။

“ပုံမှန်ဈေးတော့ မှေးရောင်းနေတယ်။ သဘောကတော့ နည်းနည်းအေးတယ်လို့ ခေါ်တာပေါ့။ ဈေးကျတာတော့ မဟုတ်ဘူး”  ဟု ဦးသန်းဦးက ပြောကြားသည်။

လက်ရှိတွင်လည်း တရုတ်နိုင်ငံ၏ ဝယ်လိုအားမှာ ပိုမိုမြင့်တက်နေပြီး မြန်မာ -တရုတ် နယ်စပ်မှ ကုန်သည်အချို့က ဧရာဝတီတိုင်း ဒေသကြီးအထိဆင်းကာ ယင်းဒေသမှ ထွက်ရှိမည့်ဆန်များကို ပေါက်ဈေးထက်ပိုသော ဈေးနှုန်းဖြင့် ကြိုတင်ငွေပေးချေကာ ဝယ်ယူ လျက်ရှိကြောင်း ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်မှ သိရသည်။

“အခု ဧရာဝတီတိုင်းကထွက်မယ့် ဆန်ကို သူတို့က ထပ်ဝယ်ဖို့ရှိတယ်။ ထပ်ဝယ်ဖို့ ရှိတဲ့ဟာက ရှမ်းမတွေက တိုက်ရိုက်ဆင်းဝယ်လာတယ်။ သူတို့ကလည်း သကြားတွေရောင်းထားတော့ ငွေတွေပိုနေတယ်။ လာဝယ်တော့ ဘုရင့်နောင်ပေါက်ဈေးထက် ပိုဝယ်တယ်။ နောက်ပြီးတော့ ဆန်ကို ငွေကြိုပေးပြီးတော့ ဝယ်တယ်။ ဘုရင့်နောင်ကနေ အမြဲတမ်း နယ်စပ်ကိုတင်ပို့နေတဲ့လူတွေလည်း မလုပ်နိုင်တဲ့ ဈေးနဲ့ သူတို့ကဝယ်တယ်။ သူတို့မှာ အားသာချက်ရှိတာက သူတို့ ဘုရင့်နောင်ကလူတွေ ဟိုမှာရောင်းရင် တစ်အိတ်ကို ၇၀၀၊ ၈၀၀ လောက် ပွဲခရတယ်။ အဲဒီပွဲခကို ဒီကနယ်စက်ပိုင်တွေဆီမှာပေါင်းပြီးတော့ ဝယ်လိုက်တဲ့ အခါကျတော့ ဘုရင့်နောင်မှာ အမြဲတမ်းဝယ်တဲ့သူက မဝယ်နိုင်တော့ဘူးလေ”  ဟု ဘုရင်နောင် ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောကြားသည်။

မြန်မာနိုင်ငံမှ ပြည်ပသို့ ဆန်တင်ပို့ရာတွင် နယ်စပ်ကုန်သွယ်ရေးစခန်းနှင့် ပင်လယ်ရေကြောင်း နှစ်ခုစလုံးမှဆောင်ရွက်လျက်ရှိပြီး ပင်လယ်ရေကြောင်းမှ တင်ပို့မှုပမာဏ စုစုပေါင်း ၆၀ ရာခိုင်နှုန်းခန့်သည် အာဖရိကဈေးကွက်သို့ တင်ပို့နေခြင်းဖြစ်သည်။

ပင်လယ်ရေကြောင်းမှ တင်ပို့ရာတွင် တန်းမြင့်ဆန်များကို ဥရောပဈေးကွက်သို့ တင်ပို့လျက်ရှိပြီး တန်းနိမ့် ၂၅ မှတ်ဆန်များ ကို အာဖရိကဈေးကွက်သို့ တင်ပို့နေခြင်းဖြစ်သည်။ သို့သော်လည်း မူဆယ် ၁၀၅ မိုင် ကုန် သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံမှ ဝယ် ယူနေသည့်ဆန်များသည် ပြည်တွင်း၌ စားသုံးနေသည့် ဆန်အမျိုးအစားများကို အများဆုံး ဝယ်ယူနေခြင်းဖြစ်ကြောင်း ဘုရင့်နောင်ဆန် ကုန်စည်ဒိုင်မှ သိရသည်။

Most Read

Most Recent