တန်းနိမ့်တန်းမြင့် အပြောင်းအလဲနှင့် မြင့်တက်နေဆဲ ပြည်တွင်းဆန်ဈေးနှုန်း

တန်းနိမ့်တန်းမြင့် အပြောင်းအလဲနှင့် မြင့်တက်နေဆဲ ပြည်တွင်းဆန်ဈေးနှုန်း
Published 5 March 2018

ဘုရင့်နောင် ကုန်စည်ဒိုင်အတွင်းရှိ ဆန်ပွဲရုံတစ်ခုတွင် လုပ်ကိုင်နေကြသူများ

မြန်မာနိုင်ငံအနေနဲ့ ယခုနှစ်တွင် ဆန်စပါးထုတ်လုပ်မှုတွင်နိုင်၏ စားနပ်ရိက္ခာဖူလုံရုံသာမက ပြည်ပသို့ ဆန်တန်ချိန်သုံးသန်းအထိ တိုးချဲ့တင်ပို့နိုင်ခဲ့တဲ့အတွက် နှစ်ပေါင်း ၇၀ အတွင်းမှာ စံချိန်သစ်တစ်ရပ် မှတ်တမ်းတင် aရးထိုးနိုင်ခဲ့တယ်လို့ မတ် ၂ ရက်တွင် ကျရောက်သော တောင်သူလယ်သမားနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့လိုက်တဲ့ သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားတာကို တွေ့ရပါတယ်။

ဒီလိုတင်ပို့နိုင်ရန်အတွက် NLD အစိုးရသစ်လက်ထက်မှာ နိုင်ငံတကာ ဈေးကွက်များကို ပိုမိုတိုးချဲ့ ရှာဖွေခဲ့ပါတယ်။ ဒီလိုဈေးကွက်ကို တိုးချဲ့ရှာဖွေခဲ့တဲ့အတွက် ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာတော့ နိုင်ငံပေါင်း ၆၂ နိုင်ငံအထိတိုးချဲ့ကာ တင်ပို့နိုင်ခဲ့တဲ့ပြီး ယခင်နှစ်များထက် နိုင်ငံပေါင်း ၂၂ ကို တိုးချဲ့တင်ပို့နိုင်ခဲ့တာ ဖြစ်တယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

မြန်မာနိုင်ငံရဲ့ အတိတ်က ပြည်ပသို့ ဆန်တင်ပို့မှုကို ပြန်ကြည့်ပါက လွတ်လပ်ရေးခေတ်နှင့် လွတ်လပ်ရေးနှောင်းပိုင်းကာလများအတွင်း ပြည်ပသို့ ဆန်တန်ချိန်အများဆုံး တင်ပို့ထားတဲ့ ၁၉၅၆၊ ၁၉၅၇၊ ၁၉၅၉ နဲ့ ၁၉၆၀ ခုနှစ်များတွင် ဆန်တန်ချိန် တစ်သန်းသာ တင်ပို့ခဲ့ခြင်း ဖြစ်ပါတယ်။

ဒီလိုနှစ်ပေါင်း ၇၀ ကာလအတွင်း တစ်ကျော့ပြန်ပြီး ပြည်ပသို့ ဆန်တင်ပို့မှု ပြန်လည်မြင့်တက်ခဲ့တဲ့အတွက် စီးပွားရေးကိုပြန်လည် ဆွဲတင်နေရတဲ့ မြန်မာနိုင်ငံအတွက် စီးပွားရေးလုပ်ငန်းများ တိုးချဲ့လုပ်ကိုင်နိုင်စေမယ့် နိုင်ငံခြားဝင်ငွေကို တစ်ဖက်တစ်လှမ်းကနေ ပို၍ဝင်ငွေတိုးကာရရှိခဲ့ခြင်း ဖြစ်ပါတယ်။

သို့သော်လည်း ပြည်ပသို့ဆန် တင်ပို့မှုမှ ဝင်ငွေတိုးရစေသကဲ့သို့ ပြည်တွင်းအခြေခံလူတန်းစားများရဲ့ မရှိမဖြစ် အခြေခံ စားသောက်ကုန်ပစ္စည်းဖြစ်တဲ့ ဆန်ဈေးနှုန်း မကြီးမြင့်ဖို့ကလည်း လိုအပ်နေပါတယ်။

လက်ရှိမှာ ပြည်တွင်းစားသုံးမှုနှုန်းနဲ့ ထွက်ရှိတဲ့ဆန်အနေအထားရ အရမ်းကြီးမပိုသလို ဆန်းဈေးကွက် အတွင်းမှာလည်း ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းက ပြည်တွင်းမှာ အဓိက စားသုံးနေတဲ့ ဆန်ချောဈေးနှုန်းများကလည်း ဈေးနှုန်းတက်ခဲ့ပါတယ်။

လက်ရှိအချိန်မှာလည်း ပြည်တွင်းမှာ အဓိကစားသုံးတဲ့ ဆန်ဈေးနှုန်းက ပြန်လည်ငြိမ်သွားတယ် ဆိုပေမဲ့ ဈေးနှုန်းတန့်နေခြင်းသာဖြစ်ပြီး ပြန်လည်ကျဆင်းသွားတဲ့ သဘောမဟုတ်ပါဘူး။ ထို့ပြင် ဆန်ဈေးနှုန်းက သြင်္ကန်ကာလမတိုင်ခင်တွင် အမြဲတမ်း ဈေးတက်လေ့ရှိပြီး ယခုနှစ်တွင်လည်း သြင်္ကန်ကာလကို ကျော်လွန်ပါက ဆန်ဈေးနှုန်းက လက်ရှိဈေးနှုန်းထက် ပိုမိုမြင့်တက်သွားနိုင်တယ်လို့ ဘုရင့်နောင်ကုန်စည်ဒိုင်က သိရပါတယ်။

“ပြည်တွင်းဆန်ကမပိုဘူး။ ဒါကတော့ ဘယ်လိုဖြစ်လဲဆိုရင် အသစ်စပါးဈေးကလည်း မသက်သာဘူး။ ခြောက်သိန်းဝန်းကျင်လောက် ဝယ်ရတယ်။ ဈေးကကျဖို့တော့မရှိဘူး။ တအားကြီးတက်ဖို့လည်း မလွယ်ဘူး။ အခုလက်ရှိ နွေဆန်ရဲ့ တရုတ်ကဝယ်လိုအား ကောင်းနေတော့ ဆန်ဈေးက သြင်္ကန်ကျော်သွားရင် ပိုတက်မယ်။ သြင်္ကန်မတိုင်ခင်မှာ ဈေးမကျဘဲနဲ့ ပုံမှန်လေးနဲ့ ရှိနေမယ်” လို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

ယခင်က ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၇၀ ကျော်ကို မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အဓိက တင်ပို့နေတာဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ပြည်ပဈေးကွက်များကို ပိုမိုရှာဖွေနိုင်ခဲ့တဲ့အတွက် ပင်လယ်ရေကြောင်းမှ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုများ မြင့်တက်လာတယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းချုပ်မှ သိရပါတယ်။

မြန်မာနိုင်ငံကနေ ပြည်ပသို့ ဆန်တင်ပို့ရာမှာတော့ နယ်စပ်ကုန်သွယ်ရေးစခန်းနဲ့ ပင်လယ်ရေကြောင်း နှစ်ခုလုံးကနေ ဆောင်ရွက်လျက်ရှိပြီး ပင်လယ်ရေကြောင်းမှ တင်ပို့မှု ပမာဏစုစုပေါင်း ရာခိုင်နှုန်း ၆၀ ခန့်က အာဖရိကဈေးကွက်သို့ တင်ပို့နေတာ ဖြစ်ပါတယ်။

ပင်လယ်ရေကြောင်းမှ တင်ပို့ရာတွင် တန်းမြင့်ဆန်များကို ဥရောပဈေးကွက်သို့ တင်ပို့လျက်ရှိပြီး တန်းနိမ့် ၂၅ မှတ်ဆန်များကို အာဖရိက ဈေးကွက်သို့ တင်ပို့နေခြင်းဖြစ်ပါတယ်။

“တင်ပို့မှုရဲ့ ရာခိုင်နှုန်း ၆၀ က အာဖရိကကို သွားတာပါ။ သူကတော့ တန်းနိမ့်ဆန်ရယ်၊ ဆန်ကွဲရယ် သွားတာများတယ်။ တန်းနိမ့်ဆန်ဆိုတာ ၂၅ မှတ် အဆင့်ပေါ့။ တန်းမြင့်ဆန်က ဥရောပသွားတယ်” လို့ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ်တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့်မောင်က ပြီးခဲ့တဲ့ ဒီဇင်ဘာလလယ်ပိုင်းက ပြောကြားထားပါတယ်။

သို့သော်လည်း မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှတစ်ဆင့် တရုတ်နိုင်ငံကနေ ဝယ်ယူနေတဲ့ ဆန်များကတော့ ပြည်တွင်းမှာ စားသုံးနေတဲ့ ဆန်အမျိုးအစားများကို အများဆုံး ဝယ်ယူနေခြင်းဖြစ်တယ်လို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်ကနေ သိရပါတယ်။

“ကျွန်တော်တို့က အခုပြည်ပကို ပို့တယ်ဆိုတာ နယ်စပ်ကိုသွားတာ ရှယ်တွေသွားတာဗျ။ ပြည်တွင်း စားသုံးသူနဲ့ လိုင်းတူတယ်။ နယ်စပ်ကိုသွားတဲ့ဆန်က ပြည်တွင်းက စားသုံးတဲ့ဆန်ကို လုယူသွားတာ။ ပင်လယ်ရေကြောင်းထွက်တဲ့ကောင်ကျတော့ အဲဒီလိုမဟုတ်ဘူး။ ၂၅ မှတ်နဲ့ ငါးမှတ်နဲ့ ၁၅ မှတ်တို့မှ ၂၅ မှတ်ကများတော့လေ အဲဒါကျတော့ ပြည်တွင်းစားသုံးသူက အဲဒီ ၂၅ မှတ်ကို မစားဘူး။ ပြည်တွင်းမစားတဲ့အဆင့်ကို ပင်လယ်ရေကြောင်းက ထွက်တယ်။ ပြည်တွင်းစားတဲ့အဆင့်ကို နယ်စပ်ကထွက်တယ်” လု့ိ ဘုရင့်နောင်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ဆိုပါတယ်။

လက်ရှိအချိန်မှာလည်း တရုတ်နိုင်ငံသို့ တင်ပို့မည့်ဆန်များကို မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သည်အချို့က ဧရာဝတီတိုင်းဒေသကြီးအထိဆင်းကာ ယင်းဒေသမှ ထွက်ရှိမည့် ဆန်များကို ပေါက်ဈေးထက်ပိုသောဈေးနှုန်းဖြင့် ကြိုတင်ငွေပေးချေကာ ဝယ်ယူနေမှုများလည်း ရှိနေတယ်လို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်ကနေ သိရပါတယ်။

“အခုဧရာဝတီတိုင်းက ထွက်မယ့်ဆန်ကို သူတို့က ထက်ဝယ်ဖို့ရှိတယ်။ ထက်ဝယ်ဖို့ရှိတဲ့ဟာက ရှမ်းမတွေက တိုက်ရိုက်ဆင်းဝယ်လာတယ်။ သူတို့ကလည်းသကြားတွေ ရောင်းထားတော့ ငွေတွေပိုနေတယ်။ လာဝယ်တော့ ဘုရင့်နောင်ပေါက်ဈေးထက် ပိုဝယ်တယ်။ နောက်ပြီးတော့ ဆန်ကိုငွေကို ကြိုပေးပြီးတော့ဝယ်တယ်။ ဘုရင့်နောင်ကနေ အမြဲတမ်းနယ်စပ်ကို တင်ပို့နေတဲ့လူတွေလည်း မလုပ်နိုင်တဲ့ဈေးနဲ့ သူတို့ကဝယ်တယ်။ သူတို့မှာ အားသာချက်ရှိတာက သူတို့ဘုရင့်နောင်ကလူတွေ ဟိုမှာရောင်းရင် တစ်အိတ်ကို ၇၀၀ လောက် ၈၀၀ လောက် ပွဲခရတယ်။ အဲဒီပွဲခကို ဒီကနယ်စက်ပိုင်တွေဆီမှာ ပေါင်းပြီးတော့ ဝယ်လိုက်တဲ့အခါကျတော့ ဘုရင့်နောင်မှာ အမြဲတမ်းဝယ်တဲ့သူက မဝယ်နိုင်တော့ဘူးလေ” ဟု ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက ပြောသည်။

မြန်မာ့ဆန်ကို နယ်စပ်မှတစ်ဆင့် တရုတ်နိုင်ငံက အဓိကဝယ်ယူနေပြီး တရုတ်နှစ်သစ်ကူးကာလအတွင်းကလည်း ဝယ်လိုအား မြင့်တက်ခဲ့ပါတယ်။ ယင်းကဲ့သို့ ဝယ်ယူရာတွင် ပဲခူးတိုင်းအရှေ့နှင့် အနောက်ခြမ်းအထိ တိုက်ရိုက်ဆင်းဝယ်ခဲ့တာတွေလည်း ရှိခဲ့တယ်လို့ သိရပါတယ်။

“နယ်စပ်ကုန်သွယ်ရေးက တရုတ်ပြည်က နှစ်ကူးရက်တွေမှာတော့ဝယ်တယ်။ ဝယ်တဲ့အခါကျတော့ ပစ္စည်းဝယ်လိုအား ပဲခူးတိုင်း အရှေ့တို့ အနောက်တို့ အဲဒီလိုတွေမှာ မနောသုခတွေ အဲဒီလိုဟာတွေကို တရုတ်ပြည်က ရိက္ခာပြန်ပြီးတော့စုတယ်။ အဲဒါတွေ အကုန်လုံး ဝယ်သွားတယ်” ဟု ဦးသန်းဦးက ပြောသည်။

လာမယ့်နှစ်များတွင် ပြည်ပသို့ ဆန်စပါးတင်ပို့မှု ကဏ္ဍနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံရဲ့ လက်ရှိအနေအထားက ဈေးကွက်ရှာဖွေရေးကို ကောင်းမွန်စွာတိုးချဲ့ ရှာဖွေထားနိုင်တဲ့အတွက် ထုတ်လုပ်မှုကဏ္ဍဘက်ကနေ ထက်တူတိုးတက်လာမယ်ဆိုရင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်မှာတော့ ဆန်တန်ချိန်လေးသန်းကို လွယ်လွယ်ကူကူ တင်ပို့နိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်မှ သိရပါတယ်။

“ဒီနှစ်ကတော်တော်များပြီ ကိုတို့ တိုးချဲ့ထားပြီ ဈေးကွက်တိုးမြှင့် ဆောင်ရွက်တာက ဒီမြန်မာနိုင်ငံမှာ ၂၀၁၇ ဧပြီ၊ မေမှာ The Rice Traders Conference ကို လုပ်ခဲ့တယ်လေ လုပ်ခဲ့တော့ ဒီညီလာခံနဲ့ဆက်ဆက်ပြီးတော့ မြန်မာနိုင်ငံရဲ့ ဆန်စပါးဈေးကွက် တိုးချဲ့ရေးကို IFC, World Bank ပေါ့။ ကမ္ဘာ့ဘဏ်ကလည်း ကူညီပေးတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်ရဲ့ကော်မတီတွေ နောက်တစ်ခါ ကုမ္ပဏီတွေကလည်း တိုးချဲ့လုပ်တော့ ဈေးကွက်ရှာဖွေရေးကတော့ တော်တော်ကောင်းနေပြီ။ အဲနောက်ကနေ ထုတ်လုပ်မှုကပါ လိုက်လာမယ်ဆိုရင် တန်ချိန်လေးသန်းကို ၂၀၂၀-၂၀၂၁ ခုနှစ်မှာ လွယ်လွယ်ကူကူနဲ့ ပို့နိုင်ပြီ” လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ပြောသည်။

ပြည်တွင်းမှာ ထပ်မံတိုးမြှင့် ထုတ်လုပ်လာနိုင်မယ့် ဆန်စပါးများကို နိုင်ငံခြားဝင်ငွေတိုးရစေမယ့် ပြည်ပတင်ပို့ခြင်းကို ဆောင်ရွက်ရမှာဖြစ်သလို ဖြစ်တွင်းမှာ တိုးတက်လာမယ့် စားသုံးမှုအတွက်ကိုလည်း ထည့်သွင်းစဉ်းသွားရန် လိုအပ်ပါတယ်။

မြန်မာနိုင်ငံလူဦးရေရဲ့ ရာခိုင်နှုန်း ၇၀ ခန့်က ကျေးလတ်ဒေသတွင် နေထိုင်ကြပြီး အဓိကစီးပွားရေး လုပ်ငန်းမှာ လယ်ယာလုပ်ငန်းဖြစ်ပါတယ်။ တစ်မျိုးသားလုံးရဲ့ ပြည်တွင်းထုတ်လုပ်မှုနဲ့ ဝန်ဆောင်မှု တန်ဖိုး (GDP) ရဲ့ ရာခိုင်နှုန်း ၃၀ ခန့်ကို လယ်ယာမှ ရရှိထားသော်လည်း တောင်သူလယ်သမားအများစုက လူမှုစီးပွားဘဝနိမ့်ကျနေဆဲ ဖြစ်ပါတယ်။

ထို့ကြောင့် နိုင်ငံတော်အစိုးရအနေနဲ့ လက်ရှိဆောင်ရွက်နေတဲ့ ကာလအတွင်း ရေရှည်တည်တံ့သော လယ်ယာထုတ်ကုန်စနစ် ထွန်းကားစေပြီး နိုင်ငံတကာနှင့် ယှဉ်ပြိုင်နိုင်စွမ်းရှိသော စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ ထုတ်လုပ်ခြင်းဖြင့် လူမှုစီးပွားရေးကို မြင့်မားစေရန်နဲ့ နိုင်ငံစီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူဖြစ်စေရန် မျှော်မှန်း၍ ပန်းတိုင်းကိုးရပ်ကို သတ်မှတ်ထားပြီး ဖြစ်တယ်လို့ မတ် ၂ ရက်တွင် ကျရောက်သည့် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံမှ ပေးပို့လိုက်တဲ့ သဝဏ်လွှာတွင် ထည့်သွင်းပြောကြားထားပါတယ်။

ပေးပို့လိုက်တဲ့ သဝဏ်လွှာထဲတွင် စိုက်ပျိုးမွေးမြူရေးထုတ်ကုန်များ တိုးမြှင့်ထုတ်လုပ်ခြင်းဖြင့် တောင်သူတို့ဘဝကို မြှင့်တင်ပေးသွားမှာ ဖြစ်သလို တစ်ဖက်မှာလည်း စားနပ်ရိက္ခာဖူလုံမှု၊ အာဟာပြည့်ဝရေးနဲ့ အစားအစာ ဘေးအန္တရာယ် ကင်းရှင်းမှုတို့အတွက်ကိုလည်း တိုးတက်လာအောင် ဆောင်ရွက်သွားမယ်လို့ ထည့်သွင်းဖော်ပြထားပါတယ်။

သို့သော်လည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ဆန်းပိုင်းက ပြည်တွင်းဆန် ဈေးကွက်အတွင်းမှာ ကျပ်သိန်းပေါင်းသောင်းနဲ့ချီ လိမ်လည်မှုများ ဖြစ်ပွားခဲ့ပြီး ဆန်စပါးဈေးကွက်အတွင်း ငွေကြေးလည်ပတ်စီးဆင်းမှု အခက်အခဲများ ဖြစ်ခဲ့ပါတယ်။

ဒီလိုပြည်တွင်းဆန်ဈေးကွက်အတွင်း ငွေကြေးလည်ပတ်စီးဆင်းမှု အကျပ်အတည်းများ ဖြစ်ပွားလျက် ရှိနေသော်လည်း ပြည်တွင်းဆန်ဈေးနှုန်းကတော့ ရက်ပိုင်းအတွင်း တစ်အိတ်လျှင် ကျပ် ၈၀၀၀ နီးပါးအထိ ဈေးနှုန်းမြင့်တက်နေတယ်လို့ ဆန်ကုန်သည်များထံမှ သိရပါတယ်။

“လွန်ခဲ့တဲ့ ၁၀ ရက်၊ ၁၅ ရက်လောက်က အကြမ်းဆိုရင် မနောသုခတစ်အိတ်ကို ကျွန်တော်တို့ဝယ်ရတဲ့ဈေးက ကျပ် ၂၁၅၀၀၊ ကျပ် ၂၂၀၀၀ ပေါ့။ အခုကျတော့ မနောသုခရှယ် တစ်အိတ်ကို ကျပ် ၂၅၀၀၀၊ ကျပ် ၂၅၅၀၀ ဖြစ်လာတယ်။ အဟောင်းကတော့ မနှစ်က နွေရှယ် အဟောင်းက လက်ရှိပေါက်ဈေးက ကျပ် ၂၉၀၀၀၊ အဲဒါက လူအများကြီးတော့ မဝယ်ကြဘူး။ တချို့ပဲဝယ်တယ်။ လွန်ခဲ့တဲ့ ၁၅ ရက်လောက်က ပေါ်ဆန်းမွှေးတစ်အိတ်ကို လပွတ္တာ၊ မြောင်းမြစသဖြင့်ပေါ့။ အဲဒါက ကျပ် ၃၃၀၀၀၊ ကျပ် ၃၄၀၀၀၊ ကျပ် ၃၆၀၀၀ ဆိုတာအမြင့်ဆုံးပဲ။ အဲကနေ လက်ရှိပေါက်ဈေးက မြောင်းမြက ကျပ် ၄၃၀၀၀၊ လပွတ္တာတို့က ကျပ် ၄၁၀၀၀ ဝန်းကျင်အထိ ခေါ်ရောင်းတယ်။ အရင်တုန်းက သူတို့က ၃၁ ခွဲ၊ ၃၂ ပတ်ချာလည်လောက်ပဲ ရောင်းရတယ်။ ဆိုတော့ ပျမ်းမျှတစ်အိတ်ကို ကျပ် ၈၀၀၀ လောက်တက်တယ်” လို့ ဆန်ကုန်သည်တစ်ဦးက ပြောကြားခဲ့ပါတယ်။

ဇန်နဝါရီ ၁ ရက် ၂၅ မှတ် ဆန်ဇီရာတစ်အိတ်လျှင် ကျပ် ၁၈၅၀၀ ဝန်းကျင်၊ ၂၅ မှတ်ဆန်ဧည့်မထ တစ်အိတ်လျှင် ကျပ် ၁၈၅၀၀ ဝန်းကျင်၊ ငစိန်ဆန်တစ်အိတ်လျှင် ကျပ် ၁၈၇၀၀ ရှိခဲ့ပြီး ဇန်နဝါရီ ၆ ရက်က ၂၅ မှတ်ဆန်ဇီယာတစ်အိတ်လျှင် ကျပ် ၁၈၆၀၀နှင့် ကျပ် ၁၈၇၀၀ ကြား၊ ၂၅ မှတ်ဆန်ဧည့်မထတစ်အိတ်လျှင် ကျပ် ၁၈၀၀ နှင့် ကျပ် ၁၈၇၀၀ ငစိန်ဆန်တစ်အိတ်လျှင် ကျပ် ၁၈၇၀၀ ဈေး အသီးသီး ရှိခဲ့ပါတယ်။

ဖေဖော်ဝါရီ ၁၉ ရက်က ၂၅ မှတ်ဆန် ဇီရာတစ်အိတ်လျှင် ကျပ် ၂၀၇၀၀၊ ၂၅ မှတ် ဆန်ဧည့်မထ တစ်အိတ်လျှင် ကျပ် ၂၀၇၀၀ ဝန်းကျင်၊ ၂၅ မှတ်ငစိန်ဆန်တစ်အိတ်လျှင် ကျပ် ၂၀၉၀၀ ဈေးရှိခဲ့ရာမှ ဖေဖော်ဝါရီ ၂၃ ရက်တွင် ၁၀ မှတ် ဆန်ဇီရာတစ်အိတ်လျှင် ကျပ် ၂၃၃၀၀၊ ဧည့်မထ ၁၀ မှတ်ဆန်တစ်အိတ်လျှင် ကျပ် ၂၂၃၀၀ ဝန်းကျင်အထိ မြင့်တက်လာတယ်လို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင်စာရင်းများအရ သိပါတယ်။

လက်ရှိမှာလည်း ဆန်ဈေးနှုန်း မြင့်တက်ခြင်းမရှိတော့ပေမဲ့ အတက်ဈေးနှုန်းဖြင့်သာ ငြိမ်နေခြင်း ဖြစ်ပါတယ်။ လက်ရှိ တရုတ်နိုင်ငံရဲ့ ဝယ်လိုအားကို တွက်ချက်မှုများအရ ပြည်တွင်းစားသုံးတဲ့ဆန် အမျိုးအစားများက သြင်္ကန်ကာလကျော်ပါက ဆက်လက်မြင့်တက်ဖွယ် ရှိနေတယ်လို့ ဘုရင့်နောင်ဆန်ကုန်စည်ဒိုင် အတွင်းရေးမှူး ဦးသန်းဦးက သုံးသပ်ထားပါတယ်။

မြန်မာနိုင်ငံရဲ့ ကုန်ဈေးနှုန်းဟာ အတက်ဘက်ကိုသာ အားသာပြီး ဈေးနှုန်းပြန်လည်ကျဆင်းဖို့ အရမ်းခက်ခဲတာ ဖြစ်ပါတယ်။ ထို့ပြင် မရှိမဖြစ် စားသုံးရမယ့် ကုန်စည်များ ဈေးနှုန်းတက်ခြင်းက မိသားစုတစ်စုချင်းစီရဲ့ ဝင်ငွေကို ဆွဲနှုတ်ယူနေခြင်းဖြစ်တယ်လို့ သင်္ဃန်းကျွန်းမြို့နယ်မှ အိမ်ရှင်မတစ်ဦးက ပြောပါတယ်။

“သြင်္ကန်နားနီးရင် ဆန်ဈေးကနှစ်တိုင်း ဈေးတက်ပါတယ်။ ဘာလို့လဲဆိုတော့ အလှူတွေနဲ့ ရုံးပိတ်ရက်တွေကြောင့် ဆန်ကြိုဝယ်စုတဲ့သူများတယ်လေ။ သြင်္ကန်ပြီးရင် အထိုက်အလျောက် ပြန်ကျသွားတယ်။ အခုက သြင်္ကန်ပြီးရင်တောင် လက်ရှိဈေးထက်တက်ဖို့ ရှိတယ်ဆိုတော့ နှစ်ယောက်တည်းနေတဲ့ ကျွန်မတို့ မိသားစုအတွက်ကတော့ သိပ်မသိသာပေမဲ့ မိသားစုများတဲ့သူတွေကျတော့ ထွက်ငွေပိုများသွားပြီလေ။ ဆန်ဆိုတာက မဖြစ်မနေ နေ့တိုင်းစားနေရတဲ့ဟာဆိုတော့ ဆန်ဈေးတက်သွားတာက မိသားစုတိုင်းရဲ့ ဝင်ငွေထွက်ငွေထဲက ထွက်ငွေကို ထပ်ပိုးနုတ်ယူသွားတာပဲ” လို့ အိမ်ရှင်မတစ်ဦးရဲ့ ခံစားချက်ကို ရင်ဖွင့်ပြောပြပါတယ်။

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနရဲ့ တင်ပြချက်အရ ၂၀၁၈ ရာသီတွင် ဆုံးရှုံးသွားမယ့် ပဲဈေးကွက်ရဲ့ ဂယက်ကြောင့် နွေစပါးတိုးချဲ့စိုက်ပျိုးလာနိုင်တဲ့အတွက် ထွက်နှုန်းမြင့်မားလာမယ့် ဆန်စပါး ပမာဏကိုလည်း ကြိုတင်ဈေးကွက် (G to G & B to B) ရှာဖွေထားဖို့ လိုပါတယ်လို့ ဖော်ပြထားပါတယ်။

ထို့ပြင် ကမ္ဘာ့လူသားများရဲ့ ပြောင်းလဲလာသော စားသုံးမှု ပုံစံအရ တန်းနိမ့်ဆန်များ၏ ဈေးကွက်မှာ တဖြည်းဖြည်း ကျဉ်းမြောင်းလာပြီး တန်းမြင့်ဆန်များကို ပြောင်းလဲ စားသုံးလာသည့်အတွက် တန်းမြင့်ဆန်များ ကြိတ်ခွဲထုတ်လုပ်နိုင်မည့် ဆန်စက်တွေကို ကြိုတင်ပြင်ဆင် ဆောင်ရွက်ရမယ်လို့ ထည့်သွင်း ဖော်ပြထားပါတယ်။

အဆိုပါ စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ သုံးသပ်မှုအရဆိုရင် လာမည့်နှစ်များတွင် တန်းမြင့်ဆန်များကိုသာ တင်ပို့နိုင်သွားမှသာ ဈေးအနေအထားကောင်းမည်ကို ဖော်ပြနေခြင်းဖြစ်ပါတယ်။

ယင်းတင်ပြချက်အရ လက်ရှိ ပင်လယ်ရေကြောင်းမှတစ်ဆင့် တင်ပို့မှုပမာဏ စုစုပေါင်းရဲ့ ရာခိုင်နှုန်း ၆၀ က တန်းနိမ့်ဆန်များ ဖြစ်နေခြင်းကိုလည်း ပြန်လည်သုံးသပ်သွားရမှာဖြစ်ပြီး ယခုနယ်စပ်ကများ အဆုံးတင်ပို့နေတဲ့ ပြည်တွင်းစားသုံးတဲ့ ဆန်အမျိုးအစားများကို ပြောင်လဲတင်ပို့သွားရမယ့်သဘောမှာ ရှိနေပါတယ်။

ယခင်က ဆန်နှင့်ဆန်ကွဲတင်ပို့မှု စုစုပေါင်းပမာဏ၏ ရာခိုင်နှုန်း ၇၀ ကျော်ကို မူဆယ် ၁၀၅ မိုင်ကုန်သွယ်ရေးစခန်းမှ တရုတ်နိုင်ငံသို့ အဓိကတင်ပို့နေခြင်းဖြစ်ပြီး ယခုဘဏ္ဍာနှစ်တွင် ပြည်ပဈေးများကို ပိုမိုရှာဖွေနိုင်ခဲ့သည့်အတွက် ပင်လယ်ရေကြောင်းမှ ဆန်နှင့်ဆန်ကွဲ တင်ပို့မှုများ မြင့်တက်လာကြောင်း သိရသည်။

စီးပွားကူးသန်းဝန်ကြီးဌာနရဲ့ စာရင်းအရ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဒီဇင်ဘာ ၁၅ ရက်အထိ ပြည်ပသို့ ဆန်တန်ချိန်နှစ်သန်းကျော် တင်ပို့မှုအနက် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းကနေ တင်ပို့မှုက ဆန်တန်ချိန် တစ်သန်းနှင့် ပင်လယ်ရေကြောင်းကနေ ဆန်တန်ချိန်တစ်သန်းကျော် တင်ပို့ထားနိုင်ခဲ့ပြီး စုစုပေါင်းတန်ချိန် ၂ ဒသမ ၂ သန်းကျော်အထိ တင်ပို့ထားတယ်လို့ သိရပါတယ်။ ယင်းစာရင်းအရ လက်ရှိအချိန်တွင် ပြည်ပသို့ ဆန်တင်ပို့ရာတွင် ပြည်တွင်းမှာ အဓိကစားသုံးတဲ့ တန်းမြင့်ဆန်ကို ဝယ်ယူနေတဲ့နယ်စပ်လမ်းက ထက်ဝက်နီးပါး ရှိနေပါတယ်။

လက်ရှိမှာ ပင်လယ်ရေကြောင်းကနေ တန်းနိမ့်ဆန်ကို အများဆုံး တင်ပို့နေသော်လည်း စီးပွားကူးသန်းဝန်ကြီးဌာနက တင်ပြထားသလို ပြောင်းလဲလာတဲ့ စားသုံးမှုအရ ထပ်တိုးရရှိထားတဲ့ နိုင်ငံတကာ ဈေးကွက်များသို့ တန်းမြင့်ဆန်ကို ထပ်တိုးတင်ပို့ရမည်ဆိုပါက ပြည်တွင်းမှာ အဓိကစားသုံးနေတဲ့ ဆန်အမျိုးအစားများကို မည်ကဲ့သို့ ဖြည့်ဆည်းပေးသွားမည်ကို မလွဲမသွေ ထည့်သွင်းစဉ်းစားသွားရမှာ ဖြစ်ပါတယ်။

ပြည်ပဆန်တင်ပို့မှု စံချိန်တင် မြင့်တက်လာမှုက ဝင်ငွေပိုမိုရရှိလာတဲ့အတွက် နောင်လာမယ့်နှစ်များမှာလည်း ယခုကဲ့သို့ တိုးတက်တင်ပို့နိုင်ဖို့ ကြိုးစားသွားရမှာဖြစ်ပါတယ်။ အခြားတစ်ဖက်မှာလည်း စပါးဈေးကောင်း ရရှိလာတဲ့အတွက် တောင်သူတွေအတွက် အဆင်ပြေလာစေပါတယ်။ သို့သော်လည်း ပြည်တွင်းစားသုံးမှုများတဲ့ဆန်တွေ ပုံမှန်ထက် ဈေးတက်လာတဲ့ အခြေအနေတစ်ရပ်ကို ထိန်းညှိပေးဖို့တော့ လိုအပ်လာပါလိမ့်မယ်။ ဆန်ဈေးကွက်အတွင်းမှာ ကျပ်သိန်းပေါင်းသောင်းနှင့်ချီ ငွေကြေးလိမ်လည်မှု အရှုပ်အရှင်းတွေရဲ့ ဂယက်နဲ့ ပြည်ပဈေးကွက် လိုအပ်ချက်နှစ်ခုအကြား ဈေးကစားလိုသူတွေရဲ့ ဈေးအဆမတန် ဆွဲတင်ရောင်းချနေမှုတွေကိုလည်း ထိန်းသိမ်းပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။

Most Read

Most Recent