<

နယ်စပ်၌ မြန်မာနိုင်ငံက လုံခြုံရေးအင်အား တိုးမြှင့်ချထားမှုကြောင့် တင်းမာမှုများ ဖြစ်ပေါ်နေစဉ် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့တို့ အလံတင်အစည်းအဝေး ပြုလုပ်

မတ် ၂ ရက်က ဂမ်ဒမ်းယူနီယံ နယ်ခြားစခန်းတွင် ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့နှင့် မြန်မာနယ်ခြားစောင့် ရဲတပ်ဖွဲ့တို့ အလံတင်အစည်းအဝေး ပြုလုပ်နေစဉ် (Photo: Dhaka Tribune)

ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ (BGB) နှင့် မြန်မာနယ်ခြားစောင့်ရဲတပ်ဖွဲ့ (BGP) တို့အကြား အလံတင် အစည်းအဝေးကို မတ် ၂ ရက်က ဂမ်ဒမ်းယူနီယံ (BGB) စခန်းတွင် ကျင်းပပြုလုပ်ခဲ့သည်။ မတ် ၁ ရက်တွင် မြန်မာနိုင်ငံက လက်နက်ကိုင်တပ်များကို တမ်ဘရူအရပ်၌ တပ်စွဲစေခဲ့သည့်အတွက် မြန်မာနှင့် ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်းနှစ်နိုင်ငံအကြား တင်းမာမှု ထပ်မံဖြစ်ပေါ်လာခြင်းကြောင့် ဖြစ်သည်။

မြန်မာ BGP က ဘင်္ဂလားဒေ့ရှ်နှင့် နယ်စပ်၌ရှိသော တမ်ဘရူနယ်ခြားစခန်း၌ လုံခြုံရေးအင်အား တိုးမြှင့်ချထားရခြင်းမှာ မြန်မာနိုင်ငံ၏ ပိုင်နက်ကို ကာကွယ် စောင့်ရှောက်ရန်သာဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံအပေါ် ရန်လိုသောလုပ်ရပ်အဖြစ် မရှုမြင်သင့်ကြောင်း အခိုင်အမာ ပြောကြားခဲ့သည်။

ဂမ်ဒမ်းယူနီယံ BGB စခန်း၌ မတ် ၂ ရက် မွန်းလွဲပိုင်းတွင် ပြုလုပ်သော BGP နှင့် BGB တို့အကြား အလံတင် အစည်းအဝေး၌ မြန်မာနိုင်ငံက ယခုကဲ့သို့ နှစ်သိမ့်မှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

“သူတို့နိုင်ငံရဲ့ နယ်မြေပြဿနာကို ကိုင်တွယ်ဖို့ မြန်မာတပ်ဖွဲ့ဝင် အရေအတွက်ကို တိုးမြှင့် ချထားရတာဖြစ်ကြောင်းနဲ့ မတ် ၁ ရက် ညနေပိုင်းက ပစ်ခတ်မှုဟာ သူတို့ကိုယ်သူတို့ ကာကွယ်ဖို့ဖြစ်ကြောင်း BGP က ကျွန် တော်တို့ကို ပြောကြားခဲ့ပါတယ်” ဟု အမှတ် (၃၄) BGB တပ်ရင်း စစ်ဦးစီးအရာရှိ ဒုတိယဗိုလ်မှူးကြီး မွန်ဇူရူးဟက်ဆန်ခန်းက ပြောကြားခဲ့သည်။

“ BGP က ဘင်္ဂလားဒေ့ရှ် နယ်မြေအတွင်းကို ပစ်ခတ်ခဲ့တာ မဟုတ်ဘူးလို့ ငြင်းဆိုပါတယ်။ နယ်ခြားမှာ လက်နက်ကြီးတွေ ချထားတယ် ဆိုတာကိုလည်း ငြင်းပါတယ်။ ဒါပေမဲ့ နှစ်နိုင်ငံတပ်တွေအကြား နားလည်မှု လွဲမှားခြင်း မဖြစ်ရအောင် နောက်တစ်ကြိမ် နယ်ခြားဒေသမှာ အလားတူ လှုပ်ရှားမှုမျိုးတွေ မဆောင်ရွက်မီ ကျွန်တော်တို့ကို အရင်ဆုံး အသိပေးဖို့ တောင်းဆိုခဲ့ပါတယ်” ဟုလည်း မွန်ဇူရူးက ပြောကြားခဲ့သည်။

ရခိုင်ပြည်နယ်ရှိ မြန်မာတို့က တောင်ပြိုလက်ဝဲဟုခေါ်ပြီး ဘင်္ဂလားဒေ့ရှ်ဘက်က တမ်ဘရူဟု ခေါ်သောဒေသ၌ BGP ၏ စစ်ဦးစီးအရာရှိ တစ်ဦးဖြစ်သူ ဒုတိယဗိုလ်မှူးကြီး စောဇာယာလွင် ဦးဆောင်သော ခုနစ်ဦး ပါဝင်သည့် BGP ကိုယ်စားလှယ်အဖွဲ့သည် မတ် ၂ ရက် နံနက်ပိုင်းတွင် နယ်ခြားဒေသသို့ ရောက်ရှိလာပြီးနောက် အစည်းအဝေး ကျင်းပခဲ့ခြင်းဖြစ်သည်။ BGB ကိုယ်စားလှယ်အဖွဲ့ကိုမူ ဒုတိယဗိုလ်မှူးကြီး မွန်ဇူရူးက ဦးဆောင်ခဲ့သည်။

မတ် ၂ ရက်တွင် နယ်ခြားဒေသနှင့် ဘင်္ဂလားဒေ့ရှ်၏ ကိုနာပါရာနှင့် မြန်မာနိုင်ငံ၏ တမ်ဘရူအကြားရှိ လူသူမနေသော နေရာတို့၌ အခြေအနေမှာ ပုံမှန်ဖြစ်နေသော်လည်း မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များကို မွန်းလွဲပိုင်းအထိ တွေ့မြင်ရဆဲဖြစ်သည်။ သို့သော် မတ် ၁ ရက်ကထက် အရေအတွက် လျော့နည်းသွားပြီဟု ဆိုသည်။

အလံတင် အစည်းအဝေးကို မတ် ၂ ရက် မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် စတင်ပြီး ၄ နာရီ ၃၀ မိနစ်ခန့်၌ ပြီးဆုံးခဲ့ကြောင်း ကော့ဘဇားခရိုင် အက်ဟော့ဒေသ စစ်ဆင်ရေးမှူး ဒုတိယဗိုလ်မှူးကြီး ခါလစ်ဟက်ဆန်က ပြောကြားခဲ့သည်။

မတ် ၂ ရက် နံနက်ပိုင်းတွင် တမ်ဘရူသို့ မြန်မာတို့က တပ်မတော်သား အဖွဲ့သစ်တစ်ဖွဲ့ စေလွှတ်ခဲ့ပြီးနောက် BGB က အစည်းအဝေး ပြုလုပ်ရန် ခေါ်ယူခဲ့ခြင်း ဖြစ်သည်။ မတ် ၁ ရက်တွင် မြန်မာတို့သည် ထရပ်ကား ၁၀ စီး ဖြင့် တပ်မတော်သား အင်အားများစွာကို လက်နက်ကြီးများနှင့်အတူ ခေါ်ဆောင်လာကာ နယ်စပ်ကမ်းမြောင်ဒေသ၏ တမ်ဘရူဘက်ခြမ်း၌ ချထားခဲ့သည်။

အစည်းအဝေးမစတင်မီ ၁၅ မိနစ်ခန့် ၌ မြန်မာတပ်မတော်သားများ အပြည့်တင်ဆောင်လာသည့် နောက်ထပ် ထရပ်ကား ခြောက်စီး တမ်ဘရူသို့ ရောက်ရှိလာကြောင်း Dhaka Tribune သတင်းဌာနက ဖော်ပြခဲ့သည်။ အမည်မဖော်လိုသော BGB မှ အကြီးတန်းအရာရှိများစွာတို့က မတ် ၂ ရက်တွင် နယ်စပ်သို့ တပ်ဖွဲ့ဝင်များ ထပ်မံရောက်ရှိလာခဲ့ကြောင်း အတည်ပြုပြောကြားခဲ့သည်။

BGB တပ်ဖွဲ့ဝင်များသည်လည်း နယ်စပ်တစ်လျှောက်၌ နေရာယူထားပြီး မတ် ၂ ရက် ညနေပိုင်းအထိ ဆိုးရွားသော အနေအထားများ ဖြစ်ပေါ်ခဲ့ခြင်း မရှိသေးပေ။

မတ် ၂ ရက် အစောပိုင်းတွင် ဒုတိယဗိုလ်မှူးကြီး မွန်ဇူရူးက ၎င်းတို့သည် မြန်မာ တပ်မတော်၏ လှုပ်ရှားမှုများနှင့် လူသူမနေသော ကမ်းမြောင်၌ သောင်တင်နေသော ဘင်္ဂါလီ မွတ်စလင်ဒုက္ခသည်များ၏ အနေအထားကို စောင့်ကြည့်ရန်အတွက် တမ်ဘရူ နယ်ခြားဒေသတွင် CCTV သုံးလုံးကိုလည်း တပ်ဆင်ထားခဲ့ကြောင်း ပြောကြားခဲ့သည်။

မတ် ၃ ရက်တွင် ဒါကာမှလာသော နောက်ဆုံးသတင်းများအရ မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ နယ်စပ်ခြံစည်းရိုးအနီး တိုးချဲ့ချထားသော လုံခြုံရေးတပ်ဖွဲ့ဝင်များ နှင့် လက်နက်ကြီးများကို မြန်မာတို့ဘက်က ပြန်လည်လျှော့ချ ရုပ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း RFA သတင်းဌာနက ဖော်ပြခဲ့သည်။ သို့သော် ဒေသခံ သတင်းထောက်၏ သတင်းပေးပို့ချက်အရ မတ် ၃ ရက်အထိ မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များအား ယင်းနေရာ၌ တွေ့ရှိနေရဆဲဖြစ်ကြောင်း သိရသည်။ အဆိုပါသတင်းနှင့် ပတ်သက်၍ Daily Eleven သတင်းစာက နိုင်ငံတော်အတိုင်ပင်ခံရုံး ၀န်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေး အား ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့အနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်၍ ထုတ်ပြန်ကြေညာပေးသွားမည် ဖြစ်ကြောင်း ပြန်ကြားခဲ့သည်။

March 4, 2018














Copy Protected by Chetan's WP-Copyprotect.