နယ်စပ် ခြံစည်းရိုးအနီး တရားမဝင် ဝင်ရောက်နေထိုင်နေကြသည့် ဘင်္ဂါလီများနှင့် ARSA အကြမ်းဖက်သမားများ ရောနှော နေထိုင်နေကြသည့်သတင်း ရရှိထားသဖြင့် အဆိုပါနေရာအနီးတွင် လုံခြုံရေးချထားခြင်း ဖြစ်ကြောင်း သိရ

နယ်စပ် ခြံစည်းရိုးအနီး တရားမဝင် ဝင်ရောက်နေထိုင်နေကြသည့် ဘင်္ဂါလီများနှင့် ARSA အကြမ်းဖက်သမားများ ရောနှော နေထိုင်နေကြသည့်သတင်း ရရှိထားသဖြင့် အဆိုပါနေရာအနီးတွင် လုံခြုံရေးချထားခြင်း ဖြစ်ကြောင်း သိရ
Published 4 March 2018

နယ်စပ်ခြံစည်းရိုး အပြင်ဘက် မြန်မာပိုင်နက်တွင် ဘင်္ဂါလီများ တရားမဝင် တဲထိုးနေထိုင်နေကြသည်ကို မတ် ၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်

နယ်စပ်ခြံစည်းရိုးအနီး တရားမဝင် ဝင်ရောက် နေထိုင်နေကြသည့် ဘင်္ဂါလီများနှင့် ARSA အကြမ်းဖက်သမားများ ရောနှော နေထိုင်နေကြသည့် သတင်းများ ရရှိထားသဖြင့် အဆိုပါနေရာအနီးတွင် လုံခြုံရေးချထားခြင်း ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဘင်္ဂလားဒေ့ရှ်မှ စွပ်စွဲသည့် အချက်များမှာ မှန်ကန်မှုမရှိဘဲ လုံခြုံရေးကို ပုံမှန် အနေအထားအတိုင်း ဆောင်ရွက်နေခြင်း ဖြစ်ကြောင်း၊ ARSA အကြမ်းဖက်သမားများ မိမိနိုင်ငံအတွင်းသို့ ဝင်ရောက်လာခြင်း မရှိစေရေး လုံခြုံရေးတပ်ဖွဲ့ဝင်များက စောင့်ကြည့်နေခြင်းသာ ဖြစ်ကြောင်း တောင်ပြိုမြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

“ဘင်္ဂလားဒေ့ရှ်က စွပ်စွဲချက်ဟာ မဟုတ်ပါဘူး။ ဒီမှာ ပုံမှန်အတိုင်း လုံခြုံရေး ဆောင်ရွက်တာ ဖြစ်ပါတယ်။ အဲဒီ ဘင်္ဂါလီတွေနေတဲ့ နယ်စပ် ခြံစည်းရိုးအနားဘက်မှာတော့ လုံခြုံရေးရှိပါတယ်။ ဒါကလည်း ကိုယ့်နိုင်ငံဘက်က လုံခြုံရေးအတွက် ရှိနေတာသာ ဖြစ်ပါ တယ်။ တစ်ဖက်က သတင်းတွေမှာ စွပ်စွဲသလိုမျိုး မဟုတ်ပါဘူး။ အဓိက ကတော့ အခု နယ်စပ်ခြံစည်းရိုးနားမှာ ဝင်ရောက် နေထိုင်နေကြတဲ့ ဘင်္ဂါလီတွေထဲမှာ ARSA တွေ ခိုလှုံနေတယ်ဆိုတာကို ကျွန်တော်တို့ဘက်က သတင်းရတယ်။ အခုက အကြမ်းဖက်သမားတွေကို စောင့်ကြည့်နေရတဲ့ အနေအထားဖြစ်ပါတယ်။ ကိုယ့်နိုင်ငံ လုံခြုံရေးအတွက် ကာကွယ်နေရတဲ့ သဘောပါ။ ထွေထွေထူးထူး လှုပ်ရှားမှုတွေ မရှိပါဘူး”ဟု တောင်ပြိုမြို့ အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနမှူးက ပြောကြားသည်။

ထို့ပြင် နှစ်နိုင်ငံ သဘောတူညီချက်အရ ဇန်နဝါရီ ၂၃ ရက် ကတည်းက တောင်ပြိုနယ်စပ် လက်ခံရေးစခန်းတွင် ပြန်လည်လက်ခံရေး လုပ်ငန်းများ ပုံမှန် ဆောင်ရွက်နေသော်လည်း တစ်ဖက်နိုင်ငံမှ ဝင်ရောက်လာသူ မရှိသေးကြောင်း သိရသည်။

တောင်ပြိုနယ်စပ် ခြံစည်းရိုးအနီး လုံခြုံရေး ဆောင်ရွက်နေသည့် နယ်ခြားစောင့် ရဲတစ်ဦးအား ဖေဖော်ဝါရီလကုန်ပိုင်းက တွေ့ရစဉ်

လုံခြုံရေးတပ်ဖွဲ့များ တိုးချထားခြင်းမှာ နှစ်နိုင်ငံ နယ်နမိတ်မျဉ်းအနီးရှိ ကွက်လပ်နေရာတွင် မြန်မာမှ ထွက်ပြေးသွားသူ ဘင်္ဂါလီလူမျိုး ခြောက်ထောင်ကျော် ဝင်ရောက်နေထိုင်ရန် ကြိုးပမ်းရာမှ စတင်ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း သိရသည်။

ဘင်္ဂါလီ ဒုက္ခသည်စခန်းချရာအနီး ဘင်္ဂလားဒေ့ရှ်နယ်စပ်၌ တပ်စွဲရခြင်းမှာ ARSA လှုပ်ရှားမှုနှင့် ပတ်သက်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက မတ် ၂ ရက်က ပြောကြားခဲ့ကြောင်း သိရသည်။

ထောင်နှင့်ချီသော ဘင်္ဂါလီမွတ်စလင် ဒုက္ခသည်များ သောင်တင်နေသည့် နယ်စပ်ရှိ စခန်းတစ်ခုအနီး မြန်မာလုံခြုံရေး တပ်ဖွဲ့ဝင်များ၏ အခိုင်အမာ တပ်စွဲမှုက တင်းမာမှုများ ဖြစ်စေခဲ့ပြီးနောက် လုံခြုံရေးတပ်များနှင့် လက်နက်ကြီးများကို နယ်စပ်မှ ချက်ချင်း နောက်ဆုတ်ပေးရန် ဘင်္ဂလားဒေ့ရှ်က မတ် ၁ ရက်တွင် မြန်မာနိုင်ငံကို တောင်းဆိုခဲ့ကြောင်း သိရသည်။

ဘင်္ဂလားဒေ့ရှ် နယ်စပ်စခန်းအနီးတွင် မြန်မာဘက်မှ ထရပ်ကားများနှင့် လုံခြုံရေးအင်အား တိုးမြှင့်ထားသည်ဟု ဘင်္ဂလားဒေ့ရှ်ဘက်က စွပ်စွဲထားခြင်းနှင့် ပတ်သက်ပြီး မတ် ၂ ရက် ညနေပိုင်းက နှစ်နိုင်ငံ တပ်မှူးများ အလံတင်အစည်းအဝေးကို ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ဘင်ဒရိုဘင်ခရိုင်၊ နတ်ကျောက်ဆရီမြို့နယ် ခေါင်းတုံးစခန်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

နယ်စပ်ခြံစည်းရိုး အပြင်ဘက် မြန်မာပိုင်နက်တွင် ဘင်္ဂါလီများ တရားမဝင် တဲထိုးနေထိုင်နေကြသည်ကို မတ် ၃ ရက် နံနက်ပိုင်းက တွေ့ရစဉ်

အဆိုပါ ဆွေးနွေးပွဲတွင် နယ်စပ်မျဉ်း ပြဿနာသည် တရားဝင်လမ်းကြောင်းမှ မဝင်ဘဲ ခိုးဝင်ဘင်္ဂါလီများ များလာနေခြင်း၊ အကြမ်းဖက်သမားများ ထောင်ချီပြီး ဝင်ရောက်လာနေခြင်း စသည့်ကိစ္စရပ်များကြောင့် လုံခြုံရေးတိုးချနေရခြင်း ဖြစ်ကြောင်း၊ ထို့နောက် နယ်စပ်မျဉ်းအကြား တရားမဝင် နေထိုင်သူများသည် နှစ်နိုင်ငံ ချစ်ကြည်ရေးကို ပျက်စီးအောင် လုပ်ဆောင်နေခြင်းများ ရှိနေကြောင်း၊ နယ်စပ်မျဉ်းအနီး ကင်းလှည့်နေသည့် တပ်ဖွဲ့ဝင်များအား လေးခွများဖြင့် ပစ်ခတ်ခြင်း၊ ခဲများဖြင့် ပစ်ခြင်းများ ရှိနေကြောင်း မြန်မာဘက်မှ နယ်မြေ (၃) မှ တပ်ရင်းမှူး ဒုရဲမှူးကြီး စောဇေယျာလင်းက ရှင်းပြခဲ့သည်ဟု Development Media Group မှ ရေးသားဖော်ပြခဲ့သည်။

အဆိုပါ ဆွေးနွေးချက်များနှင့် ပတ်သက်ပြီး Eleven Media Group က ဒုရဲမှူးကြီး စောဇေယျာလင်းအား တယ်လီဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း ဆက်သွယ်၍ မရခဲ့ချေ။

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ် မြောက်ပိုင်း တောင်ပြိုနယ်စပ်တွင် မြန်မာဘက်က တပ်တိုးချမှုအပေါ် နှစ်နိုင်ငံ တပ်မှူးအဆင့် အလံတင် ဆွေးနွေးပွဲတွင် ဘင်္ဂလားဒေ့ရှ်ဘက် ကန့်ကွက်ခဲ့ပြီး မြန်မာဘက်မှ တပ်ဖွဲ့ဝင်များ နယ်စပ်တွင် တိုးချဲ့ချထားခြင်းမှာ ပြည်တွင်း လုံခြုံရေးအတွက်သာ ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ်ကို ရည်ရွယ်လို၍ မဟုတ်ကြောင်း ပြောဆိုခဲ့သည်ဟု ဘင်္ဂလားဒေ့ရှ်ထုတ် The Daily Star သတင်းတွင် ဖော်ပြထားကြောင်း သိရသည်။

Most Read

Most Recent