အမှန်တကယ် ငြိမ်းချမ်းရေးကို အိပ်မက်မက်နေသည်ဆိုပါက ငြိမ်းချမ်းရေးအိပ်မက်ကို အကောင်အထည်ဖော်နိုင်သည့် အစွမ်းရှိဖို့လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား

အမှန်တကယ် ငြိမ်းချမ်းရေးကို အိပ်မက်မက်နေသည်ဆိုပါက ငြိမ်းချမ်းရေးအိပ်မက်ကို အကောင်အထည်ဖော်နိုင်သည့် အစွမ်းရှိဖို့လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ပြောကြား
Published 1 March 2018

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော JICM အစည်းအဝေးကို တွေ့ရစဉ် (ဓာတ်ပုံ-ကျော်မျိုး)

အမှန်တကယ် ငြိမ်းချမ်းရေးကို အိပ်မက်မက်နေသည်ဆိုပါက ငြိမ်းချမ်းရေးအိပ်မက်ကို အကောင်အထည်ဖော်နိုင်သည့် အစွမ်းရှိဖို့လိုအပ်ကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့အားလုံးဟာ တကယ်ပဲ ငြိမ်းချမ်းရေးကို အိပ်မက်မက်နေတယ်ဆိုရင် ငြိမ်းချမ်းရေးအိပ်မက်ကို အကောင်အထည်ဖော်နိုင်တဲ့ အစွမ်းရှိဖို့လိုပါတယ်။ အစွမ်းဆိုတာဟာ NCA လက်မှတ်ထိုးပွဲမှာပြောခဲ့သလို စေတနာ၊ ပညာ၊ သတ္တိ သုံးခုစလုံးရှိမှ စွမ်းနိုင်မှာပါ။ ကိုယ်လုပ်ပေးချင်တဲ့ စေတနာရှိရမယ်။ လုပ်ပေးချင်တဲ့ စေတနာမရှိဘဲနဲ့တော့ ဘာကိုမှဖြစ်မြောက်အောင် မလုပ်နိုင်ပါဘူး” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) တွင် ဖေဖော်ဝါရီ ၂၈ ရက်က ပြုလုပ်သော JICM အစည်းအဝေးတွင် ယင်းသို့ပြောကြားခဲ့ခြင်းဖြစ်သည်။

ငြိမ်းချမ်းရေးထက် ကောင်းမွန်သည့်အခြေအနေ ဘာမှမရှိကြောင်း၊ ဖွံ့ဖြိုးတိုးတက်ရေးကို တိုက်ယူ၍မရဘဲ တည်ဆောက်ယူရကြောင်း၊ တည်ဆောက်ရန်အတွက် ငြိမ်းချမ်းရေးလိုအပ်ကြောင်း၊ ထို့အတွက် မိမိတို့လိုချင်သည့် နောင်လာနောက်သားများအတွက် လိုချင်သည့် နိုင်ငံတစ်ခုတည်ဆောက်ရန် အချင်းချင်းညှိနှိုင်းရာတွင် အိပ်မက်လည်း မက်တတ်ရမည်ဖြစ်ပြီး အိပ်မက်ကိုလည်း အကောင်အထည်ဖော်တတ်ရမည်ဟု ပြောချင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့ဟာ ဖော်ဆောင်နိုင်မယ့် အိပ်မက်တွေကို မက်ကြရမယ်။ မက်သင့်တဲ့ အိပ်မက်တွေကိုမက်ရမယ်။ တချို့က အိပ်မက်မမက်နေနဲ့လို့ဆိုပေမဲ့လည်း ပြန်ပြီးပြောနိုင်တာက အိပ်မက်မမက်တတ်လို့ရှိရင် အိပ်မက်တွေ အကောင်အထည်ဖော်နိုင်တဲ့ အခြေအနေကို မရောက်နိုင်ဘူး။ ဒါကြောင့် ကျွန်မတို့အိပ်မက်မက်တတ်ရမယ်။ ကျွန်မတို့ ငြိမ်းချမ်းတဲ့ပြည်ထောင်စုကြီး အိပ်မက်ကိုမက်တတ်ရမယ်။ အိပ်မက်ကို အကောင်အထည်ဖော်နိုင်ရမယ်” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်ထဲတွင် ပါဝင်နေသည့်အဖွဲ့များမှ အချို့က ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စုဆိုသည်ကို အစိုးရက ယုံကြည်ရဲ့လား၊ ငြိမ်းချမ်းရေးဖြစ်စဉ်ထဲတွင် ပါဝင်နေသည့်အစုအဖွဲ့များအားလုံးက ယုံကြည်ရဲ့လားဆိုသည်ကို မေးကြသည်များမှာ အစီအစဉ်မကျဟု ယူဆကြောင်း၊ ဆွေးနွေးမှုများ မပြုလုပ်ရသေးခင် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုအား တကယ်လိုချင်ရဲ့လားဟု မေးနေခြင်းများသည် အထောက်အကူမဖြစ်ကြောင်း၊ အားလုံးလက်ခံနိုင်သည့် ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်ကို ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင်ပါဝင်ပြီး သေသေချာချာ ဆွေးနွေးဆုံးဖြတ်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

“ကျွန်မတို့အားလုံးပါဝင်ပြီးတော့ ငြိမ်းချမ်းရေးဆွေးနွေးပွဲထဲမှာ ပါဝင်ပြီးတော့ ဘာကိုဆိုလိုတာလဲ။ ဒီမိုကရေစီဆိုတာ ဘာကိုဆိုလိုတာလဲ။ ဖက်ဒရယ်ဆိုတာ ဘာကိုဆိုလိုတာလဲ။ ဒီမိုကရေစီဖက်ဒရယ်နိုင်ငံတော်ကြီးဆိုတာ ဘာကိုဆိုလိုတာလဲ။ အဲဒါကို ကျွန်မတို့ သေသေချာချာဆွေးနွေးရမယ်။ ဆွေးနွေးပြီးတော့မှ ဒါကို အားလုံးလက်ခံနိုင်မလား။ အားလုံးလက်ခံနိုင်အောင်လို့ ဘယ်လိုဟာလေးတွေကိုပြင်မလဲ။ ဘယ်နေရာတွေမှာ အပေးအယူလုပ်မလဲဆိုတာကို ကျွန်မတို့ဆုံးဖြတ်ရမှာပါ။ ဒါကြောင့်မို့လို့ မစခင်ကတည်းက စစ်မထွက်ခင်ကတည်းက မြားကုန်နေလို့မဖြစ်ပါဘူး” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်သူများအကြား ညှိနှိုင်းဆွေးနွေးမှုများရှိရဲ့လား။ အထူးသဖြင့် အစိုးရကနေ ညှိနှိုင်းပေးချင်ရဲ့လား။ တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားတွင် ညှိနှိုင်းပေးချင်ရဲ့လားဟု တချို့ကမေးမြန်းကြကြောင်း၊ မိမိတို့အနေဖြင့် လူတိုင်းအကြားတွင် ညှိနှိုင်းပေးလိုကြောင်း နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

“ကျွန်မတို့ တစ်ယောက်နဲ့တစ်ယောက်ကြားထဲမှာ ညှိနှိုင်းဆွေးနွေးမှုတွေရှိရဲ့လား။ အထူးသဖြင့် အစိုးရကနေ ညှိနှိုင်းပေးချင်ရဲ့လား။ တပ်မတော်နဲ့ ဒီတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားထဲမှာ ညှိနှိုင်းပေးချင်ရဲ့လားဆိုပြီး တချို့ကလည်း မေးကြပါတယ်။ ကျွန်မတို့ကတော့ လူတိုင်းကြားထဲမှာ ညှိနှိုင်းပေးချင်တာပဲ။ သို့သော်ငြားလည်း ညှိနှိုင်းခံရမယ့်လူတွေကလည်း ညှိနှိုင်းခံချင်မှရတာ။ ပြောတယ် လက်ခုပ်ဆိုတာ နှစ်ဖက်တီးတာ။ သုံးဖက်တီးတော့ ပိုပြီးတော့ခက်ပါတယ်။ အဲဒါကြောင့်မို့လို့ ကျွန်မကနေလုပ်ကြည့်မှပဲသိမှာပါ။ လုပ်ကြည့်ရမယ်။ ကြိုးစားကြည့်ရမယ်။ နောက်ပြီးတော့ ကျွန်မတို့ကို ညှိနှိုင်းပေးစေချင်လို့ရှိရင် ကျွန်မတို့စကားကိုနားထောင်ရမှာပဲ။ နားမထောင်ဘဲနဲ့ ညှိနှိုင်းပေးပါဆို ဘယ်လိုလုပ်ညှိနှိုင်းပေးမလဲ။ အဲဒါကြောင့်မို့လို့ ကျွန်မတို့ ဒီလိုအစည်းအဝေးဖြစ်တိုင်းဖြစ်တိုင်း တစ်ယောက်အကြောင်းတစ်ယောက် နည်းနည်းတော့ပိုပြီးတော့ နားလည်လာနိုင်မယ့် အခွင့်အရေးတော့ ကျွန်မတို့ရပါတယ်။ ဒီအခွင့်အရေးကိုယူပါ။ တစ်ယောက်နဲ့တစ်ယောက်ကြားမှာ ပိုပြီးတော့နားလည်လာနိုင်မှ ကျွန်မတို့တွေက အတူလက်တွဲပြီးတော့ ကိုယ်လိုချင်တဲ့ နိုင်ငံတော်ကြီးတစ်ခုကို ထူထောင်လာနိုင်မှာပါ” ဟု နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်က ပြောကြားသည်။

Most Read

Most Recent